brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲကို ချက်စားစား၊ ပြုတ်ပြီး သုပ်စားစား၊ ကြိတ်ပြီး မတ်ပဲကြော် မွမွလေးပဲ ကြော်စားစား စားလို့ကောင်းတဲ့ မတ်ပဲလေးကို သဘောကျ နှစ်ခြိုက်စွာ စားလေ့ရှိလား! ဒီလိုဆို မေးစရာ ရှိတာက မတ်ပဲက စားကောင်းရုံပဲလား မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတာပါ။ 

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲ ဆိုတာ

မတ်ပဲဆိုတာက ပဲအမျိုးအစား တစ်ခုပါ။ အစိမ်းရောင်ဖျော့ဖျော့ ပဲလုံး သေးသေးလေးတွေပါ။ မြန်မာနိုင်ငံ နဲ့ အိန္ဒိယ အပါအဝင် အာရှနိုင်ငံ တော်တော်များများမှာ စားသုံးလေ့ရှိတဲ့ ပဲတစ်မျိုးပါ။ စားရတာ အရသာရှိသလို ကျန်းမာရေးကောင်းကျိုးလေးတွေ ရှိတာကြောင့် ရှေးယခင် ကာလတွေကတည်းက ဆေးဖက်ဝင် စားစရာ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 

မတ်ပဲရဲ့ အာဟာရ တန်ဖိုး

မတ်ပဲမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ 

  • ပရိုတင်း
  • အဆီဓာတ်
  • ကစီဓာတ်
  • အမျှင်ဓာတ်
  • သံဓာတ်
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • ဆိုဒီယမ်
  • ဗီတာမင် C
  • ဖောလိတ် စတာတွေပါ။

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား!

မတ်ပဲ ကျန်းမာရေးကောင်းကျိုး များသလား! ဆိုတော့ – 

 ပရိုတင်း ပြည့်ဝစေတယ်

မတ်ပဲက ပဲအမျိုးအစား ပီပီ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ်မှာ ပရိုတင်း ပြည့်ဝစွာ ရရှိစေတာကြောင့် ကိုယ်ခံအား ကောင်းစေသလို အရိုးတွေကို သန်မာစေပြီး ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ပရိုတင်းပြည့်ဝမှုက လူကြီးတွေမှာ အရိုးပွတာမျိုး ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ မတ်ပဲက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုးပစ္စည်းတွေ ကြောင့် နာတာရှည် ကျန်းမာရေး ပြဿနာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ 

ဝမ်းမှန်စေတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ မတ်ပဲက အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရ စုပ်ယူနိုင်စွမ်းကောင်းစေဖို့ ထောက်ကူပေးပါတယ်။ 

ခန္ဓာကိုယ် အပူချိန် ထိန်းညှိပေးတယ်

အအေးဓာတ်ရှိပြီး ရေဓာတ် ကြွယ်ဝမှုက ကိုယ်တွင်း အပူချိန်ကို ထိန်းညှိပေးပြီး အပူလျှပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တာကြောင့် နွေရာသီမှာ စားပေးသင့်ပါတယ်။ 

နှလုံး ကျန်းမာစေတယ်

ပိုတက်ဆီယမ် ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းပေးသလို အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကို ကျစေပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။ 

သွေးပေါင်ချိန် ထိန်းပေးတယ်

ပိုတက်ဆီယမ် ပါဝင်နေတာက သွေးတိုးကျစေဖို့ရော သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိမယ်ဆိုရင် မတ်ပဲကို စားပေးလို့ ရပါတယ်။ 

အသည်း ကျန်းမာစေတယ်

မတ်ပဲရဲ့ နောက်ထပ် အာနိသင်တစ်ခုက အသည်းကို ကျန်းမာစေပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေ နိုင်တာပါ။ 

ဆီးချို ဖြစ်နိုင်ခြေ လျှော့ချပေးတယ်

မတ်ပဲက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာက ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

သွေးတွင်းအဆီ ကျစေတယ်

အမျှင်ဓာတ် ပါဝင်နေတာက သွေးတွင်းအဆီကို ကျဆင်းစေပြီး သွေးကြောတွေထဲ အနယ်ထိုင်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးထဲ အဆီများသူတွေ စားပေးလို့ ရပါတယ်။ 

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန် ထိန်းချင်သူတွေစားပေးလို့ ရပါတယ်။ 

ဘာတွေ သတိထားရမလဲ!

မတ်ပဲက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်မျိုးဖြစ်ပြီး ကလေးရော လူကြီးပါမကျန် စားလို့ ရသလို ကိုယ်ဝန်ဆောင်တွေလည်း စားလို့ ရပါတယ်။ တစ်ခု ရှိတာက တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/04/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။