ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 10/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟမ်ဘာဂါမစားပဲ စမူဆာ စားသင့်ရတဲ့ အကြောင်းအရင်း

    စမူဆာ (Samosa) ဆိုတာ ဘယ်လိုအစားအစာမျိုးလဲဆိုတာကို မြန်မာလူမျိုးတိုင်း သိကြတယ်။ ဒီလိုပဲ အရှေ့တောင်အာရှဒေသက လူတွေရော၊ အရှေ့အလယ်ပိုင်းကလူတွေရော၊ ယုတ်စွအဆုံး ဗြိတိန်နဲ့ အမေရိကမှာနေတဲ့ လူတွေတောင်သိကြတယ်။

    စမူဆာဆိုတာ သာမန်မုန့်လေးတစ်ခုလို့ မြင်ချင်စရာရှိပြီး သိပ်ကို နာမည်ကျော်တဲ့ ဟမ်ဘာဂါလောက် လူသိမများဘူးလို့ ထင်ချင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ သူလည်း ထင်ရှားတဲ့ အဆာပြေဆာ မုန့်တစ်မျိုးဖြစ်ပါတယ်။

    ပိုပြီး ကောင်းမွန်တဲ့အချက်ကတော့ လေ့လာချက်တွေအရ စမူဆာဟာ ဟမ်ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာပါပဲ။ Centre for Science and Environment ကတော့ အဲ့ဒီအတိုင်းကို ဆိုထားပါတယ်။

    ရုတ်တရက်ဆိုရင်တော့ ဆီကြော်မုန့်တစ်မျိုးဖြစ်တဲ့ စမူဆာက ဘာဂါထက်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို ယုံခက်ခက်ကြီးဖြစ်နိုင်ပေမယ့် ပြုပြင်ထားတဲ့အစာပလာဘာမှ ထည့်သွင်းထားခြင်းမရှိတာတစ်ချက်နဲ့တင် ဒီအချက်က ဖြစ်နိုင်ကြောင်း ခန့်မှန်နိုင်ကြမယ်ထင်ပါတယ်။

    စမူဆာ Vs ဟမ်ဘာဂါ

    စမူဆာဆိုတာက ၉ ရာစုဝန်းကျင်တုန်းက အရှေ့အလယ်ပိုင်းမှာ စတင်ခေတ်စားလာခဲ့တဲ့ အစားအစာတစ်မျိုးပါ။ အာလူး၊ ကြက်သွန်နီ၊ ပဲနဲ့ တစ်ခါတစ်ရံ အမဲသား၊ ဆိတ်သားတို့လို အသားတွေကို ရောနှောပြီး ဂျုံရွက်နဲ့ တြိဂံပုံစံထုပ်ပိုးကာ ကြော်ထားတဲ့ အဆာပြေစာတစ်မျိုးဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှဒေသတွေမှာ စတင်ဖန်တီးခဲ့တဲ့ စမူဆာဟာ အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှနဲ့ အာဖရိကတွေကို အရင်ဆုံးပျံ့နှံ့ခဲ့ပြီးနောက်ပိုင်းမှာတော့ အနောက်တိုင်းနဲ့ ဥရောပအထိ ခြေဆံ့ခဲ့တာပါ။

    စမူဆာဟာ ဆီကြော်စာတစ်မျိုးဖြစ်ပေမယ့် သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကိုတော့ မျက်ကွယ်ပြုထားလို့ မရနိုင်ပါဘူး။ ပုံမှန်အရွယ်အစားရှိပြီး အသားမပါဝင်တဲ့ စမူဆာ ၉၀ ဂရမ်စာကို မှီဝဲမယ်ဆိုရင်

    • ကယ်လိုရီ ၂၃၀၊
    • အဆီ ၁၀ ဂရမ်၊
    • ပရိုတိန်း ၄ ဂရမ်
    • ကာဘိုဟိုက်ဒြိတ် ၂၉ ဂရမ်နဲ့
    • သကြား ၃ ဂရမ် ဝန်းကျင်တို့ ပါရှိမှာဖြစ်တယ်လို့ USDA FoodData Central က ဖော်ပြထားပါတယ်။

    ပုံမှန် ၉၀ ဂရမ် ဟမ်ဘာဂါတစ်လုံးမှာဆိုရင်တော့

    • ကယ်လိုရီ ၂၂၆
    • အဆီ ၁၀.၁ ဂရမ်
    • ဆိုဒီယမ် ၃၉၆ မီလီဂရမ်
    • ကာဘိုဟိုက်ဒြိတ် ၃၀.၃ ဂရမ်
    • ဖိုက်ဘာ ၁.၁ ဂရမ်
    • သကြား ၅.၂ ဂရမ်
    • ပရိုတိန်း ၁၃.၃ ဂရမ်တို့ ပါဝင်မှာပါ။

    ပုံမှန်အားဖြင့် သိပ်မကွာဘူးလို့ ထင်ရပေမယ့် စမူဆာ ၄ ခုနဲ့ ဟမ်ဘာဂါတစ်ခုကို နှိုင်းယှဉ်တွက်ချက်ထားတာမို့ တစ်ခုချင်းစီ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရလဒ်က သိသိသာသာ ကွာဟသွားမှာဖြစ်ပါတယ်။

    ဒါ့အပြင် စမူဆာရဲ့ ပါဝင်ပစ္စည်းတွေက လတ်ဆတ်တဲ့ အသီးအနှံတွေဖြစ်ပေမယ့် ဟမ်ဘာဂါမှာကတော့ ပြုပြင်ထားတဲ့ အဆာပလာတွေနဲ့ အေးခဲအသားတွေပါဝင်နေပါတယ်။ ဒါကြောင့်လည်း စမူဆာဟာ ဟမ်ဘာဂါထက် ပိုမို အနံ့အရသာကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့ အစားအစာတစ်မျိုးလို့ အနောက်တိုင်းမှာ ဆိုကြတာပါ။

    စမူဆာဟာ အဆီကြော်စာမို့ ကိုယ်အလေးချိန်မြင့်တက်နိုင်စေတဲ့ အန္တရာယ်ရှိနိုင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ မျှမျှတတမှီဝဲမယ်ဆိုရင် သူ့မှာပါဝင်နေတဲ့ အသီးအနှံအဆာပလာတွေက ကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်းပါတယ်။

    အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာနက တည်ထောင်ထားတဲ့ ChooseMyPlate.gov ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ စမူဆာထဲကအဆာပလာတွေမှာ ပါရှိတဲ့ အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေက ကင်ဆာ၊ heart attack၊ သွေးတိုး၊ အရိုးပျက်စီးတာ၊ ဆီးချို၊ ကျောက်ကပ်ကျောက်တည်တာနဲ့ ကိုလက်စထရောမြင့်မားတာကို လျှော့ချနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။ ဖြစ်နိုင်ရင် အပေါ်ယံ အခံလွှာကို မစားဖို့လည်း အကြံပြုထားပါတယ်။ ဒီအချက်တွေကို Harvard T.H. Chan School of Public Health က ကျွမ်းကျင်သူတွေကလည်း ထောက်ခံချက်ပေးထားပါတယ်။

    အာဟာရဗေဒပညာရှင်တွေအကြားမှာတော့ စမူဆာရဲ့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ သက်ရောက်မှုတွေအပေါ် အငြင်းပွားမှုတွေ ရှိနေကြဆဲပါ။ အများစုကတော့ စမူဆာရော၊ ဟမ်ဘာဂါရောဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုကြတယ်။

    ဒါပေမယ့် သုတေသနရလဒ်တွေကတော့ အထက်မှာဖော်ပြခဲ့သလိုပဲ စမူဆာကပိုပြီး အားသာနေသလို အဆိုပါတြိဂံပုံ အဆာပြေမုန့်လေးဟာ အာဟာရဓာတ်အများအပြား ပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း အားလုံးက လက်ခံထားကြပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 10/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement