brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ….. တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။ Gong Cha တို့ Cha Thai တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်းမောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Teaကို မှာယူ နိုင်ပါတယ်။

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ

Bubble Teaဆိုတာဘာလဲ

Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ဖျော်ရည်ပါ။ အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း (ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်းသောက်သုံးနေကြတဲ့ Bubble Teaလို့ခေါ်တဲ့ လက်ဖက် ရည်ပါပဲ။ Bubble Teaကို ကြိုက်လွန်းလို့နေတိုင်း သောက်မယ် ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်ပါ သလဲ

(၁) သင့်စွမ်းအားကိုမြှင့်တင်ပေးပါတယ်။ ။ Bubble Teaထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်က သင့်ကို လန်းဆန်းစေပါတယ်။ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနိုဆင်းဆိုတဲ့ ဓာတ်ဟာ အခြားဓာတ်တစ်ခုနဲ့ သွားပေါင်းပြီး သင့်ကို အိပ်ငိုက်စေခြင်း၊ အနားယူစေလိုခြင်းဆိုတဲ့ ဆန္ဒကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းကတော့ အဒီနို ဆင်းရဲ့ပေါင်းစပ်မှုကို ပယ်ဖျက်စေလို့ ပြောင်းပြန်သက်ရောက်စေပါတယ်။ အပင်ပန်းခံလာနိုင်မယ်။ နိုးကြားတက်ကြွလာစေပါမယ်၊ Bubble Tea ထဲမှာ ထပ်မံပါဝင်နေတဲ့ သကြားဓာတ်ကလည်း သင့်ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ရာမှာ အရေးကြီးပါသေးတယ်။

(၂) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထွက်စေပါတယ်။ ။ Bubble Teaထဲမှာ Green Tea ဆိုတဲ့ လက်ဖက်စိမ်းပါ ပါခဲ့မယ်ဆိုရင်တော့ သင့်အတွက် အလွန်အကျိုးရှိပါပြီ။ Green Tea ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ပါ တယ်။ Antioxidant ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ သင့်ဗိုက်မှာရှိတဲ့မလိုလားအပ်တဲ့ အဆီပိုတွေကို ပယ်ဖျက်ပေးပါတယ်။ ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစာခြေလမ်းကြောင်းကို ထိန်းညှိပေးတယ်။ ။ Green Tea ထဲက ပီလောပီနံဂျယ်လီစေ့ မည်းမည်းတွေမှာ ကစီဓာတ်အမြောက်အများ ပါဝင်ပါတယ်။ ကစီဓာတ်ဟာ သင့်ရဲ့အစာခြေစနစ် ကို ကောင်းမွန်စေပြီး အဆာခံစေပါတယ်၊၊ အစာအိမ်အတွက်အကျိုးပြုတဲ့ ဘတ်တီရီယားတွေ အတွက်လည်း ရှင်သန်နေထိုင်ဖို့ အထောက်အကူပြုစေပေးပါတယ်။

Bubble Tea သောက်ခြင်းဟာ အထက်မှာပြောပြခဲ့သလို ကောင်းတဲ့အကျိုးတွေချည်းရမှာ လား ဆက်ကြည့်ရအောင်နော် !!!

Bubble Tea ကို နေ့တိုင်းသောက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတော့

(၁) ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်နော်။ ။ ၃၂ အောင်စပါဝင်တဲ့ Bubble Tea တစ်ခွက်မှာ (၄၄၈)ကယ်လိုရီနဲ့ (၅၇)ဂရမ်သကြားပါဝင်ပါတယ်။ သုတေသနတစ်ခုအရ ခန္ဓာကိုယ် ဟာ ဖျော်ရည်၊ လက်ဖက်ရည်သောက်ခြင်းကြောင့် သင့်ရဲ့ ဗိုက်ဆာမှုကို မတင်းတိမ် မရောင့်ရဲစေနိုင်ပါဘူး၊ ဒါကြောင့် ဗိုက်မဝမချင်း ဒီလို Bubble Tea တွေ ထပ်ထပ်သောက်နေခြင်းဖြင့် ကယ်လိုရီတွေ ပိုပိုတက်လာမှာပါ။

သင့်ရဲ့အသည်းနဲ့ကြွက်သား တွေက သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ သကြားပမာဏထက် ပိုလျှံစွာသင်စားနေမိမှာပါ။ ပိုလျှံလာတဲ့ သကြားဓာတ်ဟာ အဆီပို တွေပုံလာစေမှာပါ။

(၂) ဆီးချိုရောဂါဖြစ်ပွားနိုင်နှုန်းမြင့်ပါတယ်။ ။တစ်နေ့ကို စားသုံးသင့်တဲ့သကြားပမာဏဟာ လက်ဖက်ရည်ဇွန်း (၈)ဇွန်းအထိပါ။ ဒီထက်နည်းနိုင်ရင် နည်းနိုင်သမျှကောင်းပါတယ်။ Bubble Tea လိုမျိုး ဖျော်ရည်တွေမှာ သကြားပမာဏပိုလျှံစွာပါဝင်နေတာကို သတိချပ်စေချင်ပါတယ်။ Bubble Teaဟာ သင့်ကို အဝလွန်စေနိုင်တာကြောင့် ဆီးချိုဖြစ်ပွားစေနိုင်တဲ့ အဓိကတရားခံဖြစ်လာနိုင်ပါတယ်။

(၃) ဝမ်းချုပ်စေသလား။ ။အပြည့်အဝတော့မမှန်ပါဘူး။ Bubble Teaကို အမြာက်အများ သောက်တဲ့အခါ ရေမဆာတော့တာကြောင့် သင်ဟာရေကိုပုံမှန်လောက်မသောက်နိုင်တော့ပါဘူး။ ဒါကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၄) သွားနဲ့ခံတွင်းကိုထိခိုက်စေပါတယ်။ ။ Bubble Teaထဲမှာ ပါဝင်တဲ့ ပုလဲလုံးတွေလို သင့်ရဲ့ သွားဟာညီပြီး လှပတောက်ပြောင်နေမယ်လို့တော့ ယောင်လိုတောင်မထင်ပါနဲ့။ များပြားလှတဲ့ သကြားဓာတ်ဟာ သင့်ရဲ့သွားတွေကို တိုက်စားစေပြီး ကြွေလွှာတွေပျက်စီးစေမှာပါ။ ကြာလာတဲ့အခါမှာ သင့်သွားတွေဟာ အထိမခံနိုင်အောင်နာကျင်လာမှာပါ။ သွားနဲ့ခံတွင်းဆရာဝန်တွေရဲ့ ညွန်ကြားချက်အရ Bubble Teaကိုမှာပြီးရင်မြန်သမျှမြန်အောင်သောက်ပါ။ ပထမတစ်ငုံနဲ့ ကုန်တဲ့အထိကြားမှာနာရီဝက်ပဲအများဆုံးကြာပါစေ။ သင့်သွားတွေနဲ့ ထိတွေ့မှုကို တတ်နိုင်သမျှနည်း စေချင်တာပါ။ ပြီးရင်လည်း ပလုတ်ကျင်းပါ။

(၅) သင့်အသားအရေအတွက်ရော ဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲ။ ။Bubble Teaမှာပါဝင်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ်တွေဟာ သင့်အရေပြားကို အဆီပြန်မှုတွေဖြစ်စေ နိုင်ပါတယ်။ အဆီ တွေဟာ သင့်မျက်နှာချွေးပေါက်တွေကို ပိတ်လာရင်တော့ ဝက်ခြံ၊ အဆီဖု၊ အဆီခဲတွေဖြစ်လာမှာ ပါ။

Bubble Teaချစ်သူလေးများက Bubble Teaသောက်ခြင်းကြောင့်ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိသွားပြီးဆိုရင်တော့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း သင့်တင့်မျှတစွာ သောက် သုံးတတ်ဖို့တော့ လိုအပ်ပါတယ်နော်။

ရေးသားသူ – ဒေါက်တာမှူး

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။