ခေတ်စားလာသော Matcha ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေတ်စားလာသော Matcha ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများအကြောင်း တစေ့တစောင်း

    ယနေ့ခေတ်အချိန်မှာဆိုရင် Matcha ဆိုတဲ့ အစားအစာက ယခင်ကထက် ခေတ်စားလာတာကို တွေ့မြင်ရပါတယ်။ Matcha ကို လက်ဖက်ရည်ကြမ်းလို ရေးနွေးနဲ့ ဖျော်သောက်ကြတဲ့အပြင် ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ဝေဖာ၊ ရေခဲမုန့်၊ latte၊ frappe၊ Matcha shot စသည်ဖြင့် မျိုးစုံအောင် တွေ့မြင်လာနိုင်ပြီး လူကြိုက်များလာတာကိုလည်း သတိပြုမိကြမယ်ထင်ပါတယ်။ ဒါကြောင့် Matcha အနေနဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုတွေရှိနေလဲ ဆိုတဲ့အချက်ကို အနည်းငယ် ဝေမျှပေးချင်ပါတယ်။

    Matcha ဆိုတာ ဘာလဲ

    တကယ်တော့ ကျွန်မတို့သိထားတဲ့ လက်ဖက်ခြောက် (အကြမ်းခြောက်) ရရှိတဲ့ အပင်ကနေပဲ ရရှိတာဖြစ်ပါတယ်။ စိုက်ပျိုးပုံခြင်းပဲ ကွာခြားသွားတယ်လို့ ပြောလို့ရပါတယ်။ Matcha ကိုရရှိဖို့ တောင်ယာစိုက်ပျိုးသူတွေဟာ အရွက်ကို မခူးဆွတ်ခင် ရက် ၂၀ မှ ၃၀ အလိုမှာဆိုရင် အပင်ကို နေရောင် တိုက်ရိုက်မထိတွေ့ဖို့ ဖုံးအုပ်ထားလေ့ရှိကြပါတယ်။ လူတွေအသိများတဲ့ လက်ဖက်ခြောက်ကတော့ အရွက်ပုံစံနဲ့ ဈေးကွက်အတွင်း တွေ့ရှိရပြီး Matcha ကတော့ အမှုန့်ပုံစံနဲ့ လာပါတယ်။

    လက်ဖက်ရည်ကြမ်းသောက်တဲ့အခါ ရရှိနိုင်တဲ့ ကျန်းမာခြင်းအတွက် ကောင်းကျိုးတွေအားလုံးကို Matcha သောက်လို့လည်း ရရှိနိုင်ပါတယ်။ အဲ့ဒီထက် ပိုသွားတဲ့အရာကတော့ Matcha ဟာ လက်ဖက်ရည်ကြမ်းထက် အာဟာရပမာဏ ၁၀ ဆ ပိုမိုပါဝင်တာပါပဲ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးမှာကို နှေးကွေးစေတဲ့၊ ဟန့်တားပေးတဲ့ antioxidants ပါဝင်နှုန်းဟာဆိုရင်လည်း Matcha မှာ (လက်ဖက်ရည်ကြမ်းထက်) ၁၃၇ ဆ အထိ ပိုမိုပါဝင်တာကိုလည်း တွေ့ရှိထားပါတယ်။ Antioxidants ပါဝင်မှုများပါတယ်ဆိုတဲ့ blueberry သီးထက်ကို အဆ ၂၀ ပိုမိုပါဝင်နေတယ်ဆိုတာဟာလည်း အံ့ဩစရာပါပဲ။ ဒါပဲလားဆိုတော့… Matcha မှာ calcium (ထုံးဓာတ်) ဆိုလည်း အဆ ၁၃၀၊ Protein (အသားဓာတ်) ဆိုလည်း အဆ ၁၇ ဆလောက် လက်ဖက်ခြောက်ထက် ပိုမိုပါဝင်နေပါတယ်။

    Matcha ဟာ ဘာတွေအတွက် နာမည်ကြီးလည်းဆိုရင်တော့…

    (၁) ဝိတ်ကျစေပါတယ်

    – Matcha ဟာ Metabolism ဆိုတဲ့ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဒါကြောင့် ဝိတ်ချနေတဲ့သူတွေအနေနဲ့ Matcha ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။

    (၂) ဉီးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်

    – အာရုံစူးစိုက်မှုကောင်းစေတယ်။

    – မှတ်ဉာဏ်စွမ်းအားကို ပိုတိုးစေတယ်။

    – စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။

    – လေ့လာတွေ့ရှိချက်တစ်ခုအရ အသက်ကြီးသူတွေမှာ တစ်နေ့ကို Matcha ၂ ဂရမ် နေ့စဉ် ၂ လ သောက်စေပြီးတဲ့အခါမှာတော့ ဉီးနှောက်ရဲ့ လုပ်ဆောင်မှုစွမ်းရည် ပိုမိုကောင်းမွန်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

    (၃) အသားအရည်အတွက် အကျိုးရှိတယ်

    – လက်ဖက်စိမ်းဟာ အရေပြားအတွင်းပိုင်းက အဆိပ်အတောက်တွေ ဖယ်ရှားရာမှာ နာမည်ကြီးသလို Matcha ဟာဆိုရင်လည်း အရေပြားအတွင်းပိုင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အခုဆို Matcha နဲ့ ပြုလုပ်ထားတဲ့ Skin Care တွေဟာဆိုရင်လည်း အတော်လေး နာမည်ကြီးလာပါတယ်။

    – အိုမင်းရင့်ရော်မှုကိုလည်း ဟန့်တားပေးပါတယ်။

    – အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့်လည်း အထိမခံ ရွှေပန်းကန်ကဲ့သို့သော sensitive အသားအရေမျိုးအထိ Matcha နဲ့ ပြုလုပ်ထားတဲ့ Skin Care တွေကို အသုံးပြုလို့ရပါတယ်။

    – လေထုညစ်ညမ်းမှုကြောင့် အသားအရေ ပျက်စီးတာတွေ၊ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရည် ပျက်စီးခြင်းတွေအတွက်လည်း Matcha ဟာ အတော်လေး အာနိသင်ရှိပါတယ်။

    (၄) အသည်းကို ကာကွယ်ပေးတယ်

    – ကြွက်ကလေးတွေနဲ့ စမ်းသပ်မှုမှာဆိုရင် ဆီးချိုရှိတဲ့ကြွက်ကလေးတွေကို သီတင်းပတ် ၁၆ ပတ်တိတိ Matcha စားစေပြီးတဲ့အခါမှာတော့ ဆီးချိုရောဂါကြောင့် ဆက်စပ်ဖြစ်ပွါးလာနိုင်တဲ့ အသည်းထိခိုက်မှုကို ကူညီကာကွယ်ပေးတဲ့အကြောင်း တွေ့ရှိခဲ့ရပါတယ်။

    (၅) ကင်ဆာကို ကာကွယ်ပေးပါတယ်

    – Matcha မှာ EGCG ဆိုတဲ့ ကင်ဆာဆန့်ကျင် ဒြပ်ပေါင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    – ကြွက်ကလေးတွေနဲ့ စမ်းသပ်မှုမှာဆိုရင်လည်း အကျိတ်ရဲ့ အရွယ်အစားကို သေးသွားစေပြီး ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုလည်း နှေးကွေးစေတာ တွေ့ခဲ့ရပါတယ်။

    (၆) နှလုံးကျန်းမာရေးအတွက် အကျိုးရှိတယ်

    – Matcha ဟာ နှလုံးရောဂါ ဖြစ်ပွါးစေရန် တိုက်တွန်းအားပေးမှုကို လျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။

    ဒီလောက်ဆို အရသာလည်းရှိ၊ ကျန်းမာရေးအတွက် အကျိုးလည်းရှိတဲ့ Matcha ရဲ့ အကြောင်းတွေကို ပိုမိုသိရှိလောက်ပြီလို့ ထင်ပါတယ်။ သို့သော် တန်ဆေး လွန်ဘေးဆိုတဲ့ ဆိုရိုးလေးကို မမေ့ဖို့တော့ လိုအပ်ပါတယ်နော်။

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement