backup og meta

လူလုပ် ဝက်သားတု စားကြမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူလုပ် ဝက်သားတု စားကြမလား

    ဝက်သား ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသားတစ်မျိုးလို့ ဆိုစမှတ်ရှိပါတယ်။ မြန်မာ့ဆိုရိုးတစ်ခုမှာလည်း “အသားမှာ ဝက်” လို့ ဆိုထားတယ်မဟုတ်လား။ အခုတော့ ဝက်သားကို နည်းပညာအကူအညီနဲ့ အတုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး စိုက်ပျိုးထုတ်လုပ်မှုအခြေပြု ဝက်သားတု ကို Consumer Electronics Show 2020 ပြပွဲမှာ ထုတ်ဖော် ပြသခဲ့ပြီးတော့ လူစိတ်ဝင်စားမှုလည်း ကြီးကြီးမားမားရခဲ့ပါတယ်။

    လက်ရှိမှာ အဆိုပါ လူလုပ် ဝက်သားတုကို Impossible Pork လို့ နာမည်ပေးထားပြီးတော့ Kosher နဲ့ Halal Certified ရထားတာမို့ အစ္စလာမ်ဘာသာဝင်တွေပါ စားသုံးလို့ရပါတယ်။ ဒီ ဝက်သားကို အသုံးပြုထားတဲ့ ဟမ်ဘာဂါတွေကို Burger King ဆိုင်တစ်ချို့မှာ စတင်ပြီး စားသုံးလို့ရမှာပါ။

    သဘာဝအတိုင်း မဟုတ်ပဲ လူသားနည်းပညာဖန်တီးထုတ်လုပ်ထားတဲ့ အဲဒီ Impossible Pork တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိရဲ့လား? မူလ ဝက်သားအစစ်လိုရော အရသာမျိုးရှိရဲ့လား? ဘာတွေကို အသုံးပြုပြီး ဖန်တီးထားတာလဲ? လေ့လာကြည့်ရအောင်။

    Impossible Pork ဆိုတာ ဘာလဲ?

    ဆီလီကွန်ဗယ်လီအခြေစိုက် Impossible Foods ကုမ္ပဏီက ဖန်တီးထုတ်လုပ်ထားတဲ့ Impossible Pork မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ အာဟာဓာတ်တွေအကြောင်းကို တရားဝင် အတိအကျထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် သတင်းမီဒီယာတွေနဲ့ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ပဲပိစပ်၊ နေကြာဆီ၊ အုန်းဆီတို့ကို အဓိက အခြေပြုပြီး ဖန်တီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဓိကပါဝင်ပစ္စည်းကတော့ ပဲပိစပ်ပဲဖြစ်ပါတယ်။ အနံ့ အရောင်အဆင်းနဲ့ အရသာတွေကတော့ ဝက်သားအစစ်နီးပါး ထပ်တူညီမှုရှိတယ်လို့ ဆိုထားပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ လူလုပ်ပစ္စည်းတွေမှာ လူသိမခံတဲ့ အပိုဓာတုပစ္စည်းတွေနဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်နေတတ်တာမို့ သတိထားသင့်တယ်လို့ သတိပေးထားတာမျိုးလည်း ရှိပါတယ်။

    Impossible Porkရဲ့ အာဟာရဓာတ်တွေက ဘာတွေလဲ?

    လက်ရှိအချိန်အထိ သိရှိထားရတာကတော့ Impossible Pork ၄ အောင်စမှာ ကယ်လိုရီ ၂၂၀၊ ပရိုတိမ်း ၁၆ ဂရမ်၊ ဖိုက်ဘာ ၁ ဂရမ်၊ Saturated Fat ၇ ဂရမ်၊ ဆိုဒီယမ် ၄၂၀ ဂရမ်၊ အဆီဓာတ် ၁၃ ဂရမ်နဲ့ ကိုလက်စထရော လုံးဝမပါဝင်ဘူးလို့ ဆိုထားပါတယ်။

    တကယ့် ဝက်သားအစစ် ၄ အောင်စမှာတော့ ကယ်လိုရီ ၃၅၀၊ ပရိုတိန်း ၁၇ ဂရမ်၊ Saturated Fat ၁၁ ဂရမ်၊ ဆိုဒီယမ် ၈၀ ဂရမ်၊ အဆီဓာတ် ၃၂ ဂရမ်နဲ့ ကိုလက်စထရော ၈၆ မီလီဂရမ်ပါဝင်နေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ တစ်ခုရှိတာက ဝက်သားအစစ်မှာ ဖိုင်ဘာဓာတ်မပါဝင်တာကြောင့် ကာဘိုဟိုက်ဒြိတ်လုံးဝပါဝင်ခြင်းမရှိပေမယ့် Impossible Pork မှာတော့ ဖိုက်ဘာပါဝင်တာမို့ ကာဘိုဟိုက်ဒြိတ်ပမာဏ အနည်းအကျဉ်း ပါဝင်မှာဖြစ်ပါတယ်။

    Impossible Porkဟာ ဝက်သားအစစ်ထက်ပိုပြီး ကျန်းမာရေးနဲ့ ကိုက်ညီသလား?

    သိသာထင်ရှားတာကတော့ Impossible Pork ဟာ လက်ရှိသိထားရသမျှဆိုရင် ဝက်သားအစစ်ထက် လူတွေအတွက် ပိုပြီး သင့်လျော်တဲ့ ပုံစံမျိုးရှိပါတယ်။ ဆိုဒီယမ် ပမာဏ ပိုများနေတာလေးက လွဲလို့ပေါ့။ ရေရှည်စားသောက်မယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကိုတော့ ခုချိန်မှာ မသိနိုင်သေးပါဘူး။

    ဒါပေမယ့်လည်း ပဲပိစပ်နဲ့ သဘာဝအပင်ထွက်ပါဝင်ပစ္စည်းတွေကို အခြေခံကာထုတ်လုပ်ထားတာမို့ ကျန်းမာရေးနဲ့ ညီညွတ်နိုင်တယ်လို့ တညီတညွတ်တည်း သုံးသပ်တာခံထားရပါတယ်။ အထူးသဖြင့်တော့ ကိုယ်အလေးချိန်လျှော့ချနေသူတွေ၊ ကျန်းမာရေး အခြေအနေအမျိုးမျိုးကြောင့် ဝက်သား ရှောင်ထားသူတွေအတွက် သင့်လျော်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement