backup og meta

အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ

    အားလပ်ရက်ရှည် ကြုံလာရင် ဘာတွေလုပ်ရမလဲ စဉ်းစားပြီး စီစဉ်ရတာဟာ အချိန်ပေးသင့်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခရီးသွားခြင်း၊ စာဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိအားသန်ရာအလိုက် လုပ်ကိုင်ချင်တာတွေကို အစီအစဉ်ဆွဲထားသင့်ပါတယ်။ အကြောင်းကတော့ မိမိကျင်လည်ရာ လုပ်ငန်းခွင်ကနေ ခေတ္တအနားရတဲ့ အခိုက်အတန့်မှာ အချိန်ကို ကျေနပ်နှစ်သိမ့်ဖွယ် ကုန်ဆုံးနိုင်စေဖို့ ဖြစ်ပါတယ်။

    အားလပ်ရက်ရှည် ကာလအတွင်း ဘယ်လိုနေမလဲ

    အောက်ပါနည်းလမ်း ၉ ချက်ကတော့ သင့်ရဲ့အားလပ်ရက်တွေကို ပိုပြီးထူးခြားအောင် ဆောင်ရွက်စေနိုင်မယ့် နည်းလမ်းများပဲ ဖြစ်ပါတယ်။

    ၁။ ရေများများသောက်ပါ

    ရေများများသောက်ခြင်းဟာ ရိုးရှင်းလှတဲ့နည်းလမ်းဖြစ်ပေမယ့် သင့်ကို စွမ်းအင်ပြည့်ဝစေပြီး ကိုယ်ခန္ဓာရဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ထိန်းညှိပေးထားနိုင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းတဲ့ နွေရာသီမှာ ဖြစ်ပါတယ်။

    ကောင်းတာကတော့ မနက်စောစောမှာ ရေနှစ်ဖန်ခွက်လောက် သောက်သင့်ပါတယ်။ နေ့လယ်စာစားချိန်မှာ နှစ်ခွက်၊ ညစာစားချိန်မှာလည်း နှစ်ခွက် စသဖြင့် အသီးသီးသောက်သုံးသင့်ပါတယ်။ တနေ့တာမှာ စုစုပေါင်း ၂လီတာခန့် သောက်သုံးပေးသင့်ပါတယ်။

    ၂။ တာဝန်တွေနဲ့ ဝန်မပိပါစေနဲ့

    ဖြစ်နိုင်မယ်ဆိုရင် သင့်ရဲ့အားလပ်ရက်မှာ အလုပ်စားပွဲပေါ်က တာဝန်တွေ ယူမလာပါနဲ့။ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အချိန်ကို အလုပ်တာဝန်တွေနဲ့ ဝန်မပိပါစေနဲ့။ မဖြစ်မနေ လုပ်ဖို့ရှိရင်တောင် တခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ တာဝန်ကို ခွဲဝေယူပါ။

    အလုပ်စားပွဲပေါ်က စာတွေကို ယူလာပြီး ဖတ်နေမယ့်အစား ကော်ဖီတစ်ခွက်ဖျော်ပြီး အေးအေးလူလူ သောက်နေလိုက်ပါ။ စာဖတ်ပါ။ သင်စိတ်ပါရာ အာရုံကျရာကိုပဲလုပ်ပါ။ ကမ္ဘာပေါ်ရှိသမျှ အလုပ်များကို သင်လုပ်စရာမလိုဘူးဆိုတာ သတိရပါ။

    ၃။ လုပ်စရာရှိတာတွေ ချရေးပါ

    သင်လုပ်ချင်တာတွေ ချရေးပါ။ သင့်ရဲ့အိပ်မက် ဒါမှမဟုတ် ဝါသနာတွေဟာ မီးဖိုခန်းထဲမှာ နစ်မြုပ်နေတာမျိုး၊ အလုပ်စားပွဲပေါ်က ဖိုင်တွေနောက်မှာ ဖုံးကွယ်နေတာမျိုး ဖြစ်နေနိုင်ပါတယ်။

    သင်ဖြစ်ချင်ခဲ့တာ လုပ်ချင်နေတာတွေကို စာရွက်နဲ့ ချရေးပါ။ မိမိလုပ်ချင်တာတွေကို ချရေးထားချင်းဟာ မှတ်မိလွယ်သလို အချိန်ကုန်လည်း သက်သာစေပါတယ်။ ခရီးထွက်မယ်ဆိုရင်လည်း သွားမယ့်နေရာအကြောင်း လမ်းညွှန်စာအုပ်ရှာဖတ်ပြီး လုပ်ချင်တာတွေ စာရင်းချရေးထားပါ။

    ၄။ အသက်၀၀ရှူပါ

    သင်တစ်ခုခုကို လုပ်ကိုင်နေရင်း ခဏရပ်တန့်ချင်စိတ် ပေါ်လာရင် ရပ်လိုက်ပြီး အသက်ဝဝ ရှူလိုက်ပါ။ သင့်ပတ်ဝန်းကျင်ရဲ့ အလှအပကို ခံစားရင်း လေကောင်းလေသန့်ကို တဝကြီး ရှူသွင်းပါ။

    အသက်ကို ဝအောင်ရှိုက်ရှူခြင်းဟာ နှလုံးခုန်နှုန်းကို ကျစေပြီး စိတ်ကိုလည်း တည်ငြိမ်စေပါတယ်။ ဒါ့အပြင် သင့်တနေ့တာအတွက် စွမ်းအင်ကို ရရှိစေနိုင်ပါလိမ့်မယ်။ သတိရတိုင်း ဒီအလေ့အထကို ပြန်လုပ်ပါ။

    ၅။ အိပ်ရေး၀၀အိပ်ပါ

    အိပ်ရေးဝဝအိပ်ခြင်းဟာ တစ်နေ့တာ နွမ်းနယ်မှုတွေကို ဖြေဖျောက်ရာရောက်သလို နောက်တစ်နေ့အတွက် အားဖြည့်ရာရောက်ပါတယ်။ နှိုးစက်ကို အိပ်ရာထချိန်အတွက်ပဲ အသုံးပြုဖို့ မဟုတ်ပါဘူး။

    အိပ်စက်သင့်တဲ့ အချိန်ရောက်လာရင် ကြိုတင်သတိပေးတဲ့အနေနဲ့လည်း သုံးနိုင်ပါတယ်။ တစ်နေ့တာ သွားလာလှုပ်ရှားခဲ့ရတာတွေ ပြေပျောက်စေဖို့ အိပ်စက်သင့်တဲ့အချိန် ရောက်လာရင်တော့ လုပ်ချင်တာတွေ လုပ်လက်စတွေ ရပ်တန့်ပြီး အိပ်ရာဝင်ပါ။

    ၆။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ

    သင်ခရီးသွားနေရင်ပဲဖြစ်ဖြစ်၊ အိမ်မှာ အနားယူနေရင်းပဲဖြစ်ဖြစ် ဖြစ်သလိုစားသောက်ခြင်း မပြုပါနဲ့။ အာဟာရပြည့်ဝမယ့် အစားအစာများကိုပဲ ရွေးချယ်စားသောက်ပါ။ ပရိုတိန်း၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို မျှတစွာ စားသောက်ပါ။ အဆီများ လျှော့စားပါ။

    အားလပ်ရက်မှာ လွယ်လွယ်ရတတ်တဲ့ အသင့်စား စားစရာတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ သရေစာတွေကို စားသုံးခြင်း မလုပ်ပါနဲ့။ အာဟာရပြည့်ဝစေမယ့် လတ်လတ်ဆတ်ဆတ် အစားအသောက်တွေ ရွေးချယ်စားသုံးပါ။

    ၇။ မိမိကိုယ်ကိုသတိပေးပါ

    သင့်ပတ်ဝန်းကျင်မှာ သင့်ကို အားဖြစ်စေမယ့် စာသား တခုခု ဒါမှမဟုတ် မိမိရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို သတိပေးချင်တဲ့ အကြောင်းအရာ ဒါမှမဟုတ် အားလပ်ရက်ရှည်အတွင်း လုပ်ဆောင်ချင်တဲ့အရာ စတာတွေကို ရေးသားထားပါ။

    ဖုန်းမျက်နှာပြင်မှာလည်း ရေးထားလို့ ရပါတယ်။ ဥပမာ ပြုံးပါ။ စိတ်အေးအေးထား။ ကျေးဇူးတင်စကားပြောပါ။ ဖြစ်သမျှအကြောင်း အကောင်း၊ ပျော်ပျော်နေပါ စသဖြင့် သင့်ကိုယ်သင် သတိပေးလိုတဲ့ စာသားလေးတွေ ရေးထားပါ။

    ၈။ မှတ်တမ်းတင်ဖို့ မမေ့ပါနဲ့

    သင်ခရီးထွက်မယ်ဆိုရင်လည်း အမှတ်တရအဖြစ် ဗီဒီယို ဒါမှမဟုတ် ဓာတ်ပုံများများ ရိုက်ထားပါ။ တချိန်မှာ သင်ပြန်လည်ကြည့်ရှုရင်း ပျော်ရွှင်မှုတွေကို ပြန်သတိရနိုင်ပါတယ်။

    ဥယျာဉ်လေးတစ်ခု ဖန်တီးတော့မယ်ဆိုရင်လည်း အဆင့်ဆင့် မှတ်တမ်းတင်ထားပါ။ ဒါဟာ ဓာတ်ပုံသက်သက်မျှ မဟုတ်ပါဘူး။ ချိုမြိန်တဲ့ အမှတ်တရတွေ ဖြစ်လာပါလိမ့်မယ်။

    ၉။ မိမိကိုယ်ကို ဆုချပါ

    အားလပ်ရက် ကုန်ဆုံးသွားချိန်မှာ မိမိကိုယ်ကို ဆုချပါ။ အနှိပ်ခန်းဖြစ်ဖြစ်၊ ဆံပင်ပြင်ဆိုင်ဖြစ်ဖြစ်သွားပါ။ ဒါမှမဟုတ် ဆိုင်ကောင်းကောင်းမှာစားပါ။ စာအုပ်အသစ်ဝယ်ပါ။ အားလပ်ရက်ရှည်ကို အကျိုးရှိရှိ ကျေနပ်ဖွယ်ရာ ကုန်ဆုံးစေနိုင်ခဲ့လို့ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement