backup og meta

ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား


Ye Zon Aung မှ ရေးသားသည်။ · 11/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား

    ကဖိန်းဓာတ် (Caffeine) လို့ ဆိုလိုက်ရင် ကော်ဖီကို အရင်ဆုံးပြေးမြင်ကြမယ်ထင်တယ်။ ကဖိန်းဓာတ်က ကော်ဖီစေ့နဲ့ ကော်ဖီမှာတင်မကပါဘူး။ ဆိုဒါလိုအချိုရည်တွေ၊ ချောကလက်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ လက်ဖက်ရည်အမျိုးမျိုးတွေမှာလည်း ပါရှိနေပါတယ်။ တစ်ချို့သော ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ ကွတ်ကီးတွေလိုအရာတွေမှာလည်း ကဖိန်းဓာတ်ပါဝင်နေတတ်ပါသေးတယ်။

    ပြောရမယ်ဆိုရင် ကဖိန်းဓာတ်ပါဝင်နေတဲ့ အစားအစာတွေနဲ့ အဖျော်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေဖြစ်နေတတ်တာများပါတယ်။

    ဒီလို လူကြိုက်များတဲ့အစားအစာတွေမှာ ပါရှိနေတတ်တဲ့ ကဖိန်းဓာတ်ဟာ စွဲလန်းစေတတ်တယ်၊ အိပ်မပျော်တဲ့ ဝေဒနာကို ဖြစ်စေတတ်တယ်ဆိုတာလိုမျိုး ယူဆခံရလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီလို ယူဆချက်မျိုးတွေကို လက်မခံချင်တတ်ကြပါဘူး။ ကြိုက်တာကိုး။

    ဒါဆိုရင် ဒီယုံတမ်းပြောဆိုမှုတွေဟာ တကယ်မှန်ကန်မှုရှိရဲ့လား? မှားနေတာများလား? ဆိုတာကို သိနားလည်ဖို့တော့ လိုလာပါပြီ။ ဒီဆောင်းပါးလေးကနေတဆင့် အမှန်၊ အမှားကို လေ့လာကြည့်ရအောင်။

    Myth No. 1 : ကဖိန်းဓာတ်က စွဲလမ်းစေတယ်

    ကဖိန်းဓာတ်က စွဲလမ်းစေသလားဆိုရင် စွဲလမ်းတယ်ဆိုတာကို လူတစ်ဦးချင်းစီးအလိုက် ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာပေါ် မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို တက်ကြွစေပြီးတော့ ကော်ဖီလိုအရာတွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အတန်ငယ် ပေါ့ပါးလွတ်လပ်စေပါတယ်။

    ဒါပေမယ့် ကော်ဖီတွေ အများကြီးသောက်လို့ မူးယစ်ဆေးဝါးလို မသုံးရမနေနိုင် ဆိုးဆိုးရွားရွား စွဲလမ်းရူးသွပ်သွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ သတိထားဖို့ လိုတာက ကဖိန်းဓာတ်လွန်ကဲလာမယ်ဆိုရင် ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ စိတ်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ကသိအအောက်ဖြစ်တတ်တာနဲ့ အာရုံစူးစိုက်ရခက်တာတွေ ဖြစ်တတ်တာမို့ သတိထားဖို့ သင့်ပါတယ်။

    Myth No. 2 : ကဖိန်းဓာတ်က အိပ်မပျော်တဲ့ရောဂါရစေတယ်

    လူ့ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို လွယ်လွယ်ကူကူစုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် လျင်လျင်မြန်မြန်လည်း ခြေဖျက်ပစ်နိုင်ပါတယ်။ လုပ်ဆောင်ချက်ဟာ အဓိကအားဖြင့် ကျောက်ကပ်ထဲမှာသာ ဖြစ်ပျက်သွားတာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ တစ်ချို့သော ကဖိန်းဓာတ်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတတ်ပါတယ်။

    တစ်နေ့ကို ကော်ဖီ ၂ ခွက်လောက်သောက်သုံးရုံနဲ့ သင့်ရဲ့ ညအိပ်ချိန်ကို နှောင့်ယှက်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ သတိထားရမှာက ကော်ဖီ၊ ဒါမှမဟုတ် ကဖင်းဓာတ်ပါဝင်တာတွေကို အိပ်ယာဝင်ချိန်နဲ့ ၆ နာရီဝန်းကျင် ခွာပြီး မှီဝဲဖို့တော့ လိုအပ်ပါတယ်။

    Myth No. 3 : ကဖိန်းဓာတ်က အရိုးပွရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တယ်

    နေ့စဉ်လိုအပ်ချက်ပမာဏဖြစ်တဲ့ ကဖိန်းဓာတ် ၃၀၀ မီလီဂရမ် သို့မဟုတ် ကော်ဖီ ၃ ခွက်သောက်သုံးတာဟာ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ပါဘူး။ ဒီထက်ပိုပြီး များပြားတဲ့ပမာဏမျိုးကို အသုံးပြုနေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးဝေဒနာရှိတဲ့သူတွေအနေနဲ့ဆိုရင်တော့ ထိခိုက်နိုင်ခြေပိုများပါတယ်။

    ဒါပေမယ့် အရိုးပွရောဂါဖြစ်ဖို့ဆိုရင် တစ်နေ့တည်းနဲ့ ကဖိန်းဓာတ် ၇၄၄ မီလီဂရမ်လောက် မှီဝဲမှဖြစ်နိုင်ခြေရှိမှာပါ။ ဒီပမာဏလောက် မှီဝဲမယ်ဆိုရင်တော့ ဆီးထဲမှာ ကယ်လ်ဆီယမ်ဓာတ်မြင့်တက်လာတာနဲ့ မဂ္ဂနီဆီယံဆုံးရှုံးတာတွေဖြစ်နိုင်ပါတယ်။

    နှလုံးနဲ့ သွေးတိုးကတော့ ကော်ဖီနဲ့ဓာတ်မတည့်မှုဝေဒနာရှိသူတွေမှာဖြစ်သာ ဖြစ်နိုင်ခြေများတဲ့ အခြေအနေပါ။ ကော်ဖီသောက်လို့ ကင်ဆာဖြစ်နိုင်ခြေကတော့ လေ့လာချက်တွေအရ ဘာသက်သေအထောက်အထားမှ မရှိပါဘူး။

    Myth No. 4 : ကိုယ်ဝန်ဆောင် မိခင်တွေ ကော်ဖီသောက်လို့မရဘူး

    ကော်ဖီနဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်နိုင်ခြေက ဆက်စပ်မှုဘာမှမရှိပါဘူး။ တစ်နေ့ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်လောက်ပဲ မှီဝဲသင့်တယ်လို့တော့ လမ်းညွှန်ထားကြပါတယ်။

    Myth No. 5 : ကဖိန်းဓာတ်က ရေဓာတ်ကုန်ဆုံးစေတယ်

    ကဖိန်းဓာတ်က ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။

    Myth No. 6 : ကဖိန်းဓာတ်က လူကြီးထက် ကလေးတွေကို ပိုထိခိုက်စေတယ်

    ၂၀၀၄ ခုနှစ်က လေ့လာချက်တစ်ခုအရဆိုရင် အသက် ၆ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေဟာ တစ်နေ့ကို ကဖိန်းဓာတ် ၂၂ မီလီဂရမ်ဝန်းကျင်သာ မှီဝဲစေသင့်ပါတယ်တဲ့။ ခွန်အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေ၊ ချောကလက်တွေ ခေတ်စားနေတဲ့ ဒီခေတ်မှာ ဒီပမာဏထက်ပိုပြီး ကျွေးမွေးမိဖို့က သေချာနေတဲ့အရာပါ။

    ငယ်ရွယ်စဉ်ကတည်းက ကဖိန်းဓာတ်မှီဝဲမှုများနေတဲ့ ကလေးတွေဟာ ကြီးပြင်းလာချိန်မှာ အဝလွန်တာဖြစ်ဖို့ အလွန်နီးစပ်တာမို့ သတိထားသင့်ပါတယ်။ ကဖိန်းဓာတ်က ကလေးတွေကို ပိုပြီးထိခိုက်စေတာမဟုတ်ပါဘူး။ ကလေးတွေအတွက် သင့်ကို မသင့်လျော်တဲ့ ဓာတ်တစ်မျိုးပါ။

    Myth No. 7 : ကော်ဖီနဲ့ အရက်ရောရင် အိန္ဒြေရရလေးမူးတယ်

    ကော်ဖီနဲ့ အရက်ကိုရောပြီး မှီဝဲရင် လူကို အထာကျကျနဲ့ တည်တည်ငြိမ်ငြိမ်လေးမူးစေတယ်လို့ လူငယ်တွေကြားမှာ အဆိုရှိကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီနှစ်ခုရောရင်ဖြစ်နိုင်ခြေအရှိဆုံးအချက်က ယာဉ်မတော်တဆမှုဖြစ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ဒီလိုဆိုရင်တော့ အိန္ဒြေရရမူးတာမဟုတ်လောက်တာ သိလောက်ပြီထင်ပါတယ်။

    Myth No. 8 : ကဖိန်းဓာတ်က ကျန်းမာရေးကို လုံးဝ အထောက်အကူမဖြစ်စေဘူး

    ဒီလိုလဲ မဟုတ်ပါဘူး။ ကဖိန်းဓာတ်က ကျန်းမာရေးကို အနည်းငယ်အကျိုးပြုပါတယ်။ ဥပမာ ကော်ဖီကို နေ့စဉ်လိုအပ်တဲ့ ပမာဏနဲ့ ကိုက်ညီရုံ မှန်မှန်လေးမှီဝဲမယ်ဆိုရင် တက်ကြွလန်းဆန်းတာ၊ သတိမူတတ်တာ၊ ခေါင်းကြည်တာ၊ အာရုံစူးစိုက်မှုကောင်းတာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

    နောက်ပြီး ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အမျိုးအစား – ၂ ဆီးချိုနဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 11/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement