backup og meta

အသက်လေးရယ် ရှည်စေဖို့ အစပ်စားပါဗျို့


Ye Zon Aung မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်လေးရယ် ရှည်စေဖို့ အစပ်စားပါဗျို့

    ဘာပဲစားစား အစပ်ကလေးတစ်မျိုးတစ်မယ်လောက်တော့ပါမှဆိုတဲ့ အစပ်ကြိုက်တဲ့ ကိုကိုမမတွေများ ရှိကြသလားဗျ။

    အစပ်ကြိုက်တဲ့သူတွေဆိုတာမျိုးလည်း ဘယ်လိုဘယ်အစာတွေ ဘယ်လောက် အရသာကောင်းတယ်ဆိုဆို ထမင်းဝိုင်းလေးမှာ ငရုပ်သီးဆားထောင်း ပူပူစပ်စပ်လေး၊ ရခိုင်ငရုပ်သီးထောင်း ရှူးရှူးရှဲရှဲလေး ဒါမှမဟုတ် ရနံ့မွှေးမွှေးနဲ့ ငပိရည်စပ်စပ်မျိုးလေးတွေထဲက တစ်မယ်လောက်တော့ပါမှ ထမင်းမြိန် ခံတွင်းတွေ့တတ်တာမျိုးမဟုတ်လား။ အားလပ်ချိန် အဆာပြေစားပြန်ရင်လဲ ငရုပ်သီးနိုင်းချင်းနဲ့ လက်ဖက်သုပ် မျိုးတွေ၊ မာလာရှမ်းကောလို ပူပူစပ်စပ် အစာမျိုးတွေ၊ ရခိုင်မုန့်တီလို စပ်စပ်ပျဲပျဲအစားတွေကိုမှ ချွေးတလုံးလုံးနဲ့ အရသာရှိရှိစားချင်ကြပြန်တယ်လေ။

    ဒါပေမယ့်လည်း ကိုယ်က အစပ်ကြိုက်လို့ တဝတပျဲစားရင် လူကြီးတွေနဲ့ ခင်မင်ရင်းနှီးသူတွေက ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုပြီး တားကြလေ့ရှိပါတယ်။ ဒီလိုတားမြစ်ခံရတာက အစပ်ကြိုက်သူတွေအတွက်တော့ နာလိုခံခက်တဲ့ အခြေအနေပါပဲ။ ဒါတွေကို မေ့လိုက်ပါတော့။ တကယ်လို့များ ကိုယ်က အစပ်ကိုမှ စွဲစွဲမြဲမြဲကြိုက်နှစ်သက်တယ်ဆိုရင် ခုပြောပြမယ့်အကြောင်းကတော့ အစပ်ကြိုက်ကိုကိုမမတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။

    ဟုတ်ပါတယ်။ သုတေသနအသစ်တွေအရဆိုရင် သိပ်စပ်တဲ့ငရုပ်သီးတွေကို စားပေးတာဟာ လူ့သက်တမ်းကို ပိုပြီး ရှည်စေပါတယ်တဲ့။ လူပေါင်း ၁၆၀၀၀ လောက်ကို သုတေသနပြုလုပ်ပြီး စစ်တမ်းထုတ်ပြန်ထားတဲ့အချက်တွေအရဆိုရင် ငရုပ်သီးခပ်စပ်စပ်လေးစားတာဟာ ကျန်းမာရေးကောင်းမွန်စေပြီး အသက်ရှည်ဖို့လည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်။ အထူးသဖြင့် အသက်သေဆုံးနိုင်ချေကို ၁၃% အထိ လျှော့ချပေးနိုင်ပါလိမ့်မယ်။

    စပ်တဲ့အစားအစာတွေဟာ လူတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုလန်းဆန်းတက်ကြွစေပြီးတော့ ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအချက်ကပဲ လူတွေကို ဘဝတစ်သက်တာမှာ ပိုမိုကျန်းမာကြံ့ခိုင်ပြီး အသက်ရှည်စေဖို့ အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။

    ပြီးတော့ ကျန်ပါသေးတယ်။ အစပ်စားတာဟာ အသက်ရှည်စေတာတစ်ချက်တည်း ကောင်းတယ်လို့ မမှတ်ယူလိုက်ပါနဲ့ဦး။ အစပ်စားပေးရင် အဝလွန်တာကို လျှော့ချနိုင်မယ်၊ antioxidant တွေ ပိုမိုထုတ်လုပ်နိုင်မယ်၊ ရောင်ရမ်းနာကျင်တဲ့ဝေဒနာတွေကို တားဆီးနိုင်မယ်၊ နောက်ပြီး ကင်ဆာကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

    ဒါတင်ပဲလားဆိုရင် ကျန်သေးတယ်လို့ပဲ ဖြေရဦးမှာပါပဲ။ စပ်တဲ့အစားအစာတွေဟာ နှလုံးနဲ့ အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ ခေါင်းကိုက်တာ၊ နာကျင်ကိုက်ခဲတာ၊ အအေးမိတုပ်ကွေး၊ အသက်ရှူကျပ်တာနဲ့ အလက်ဂျစ်ထတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ပူတဲ့စပ်တဲ့အစားအစာတွေကို ဖန်တီးရာမှာ အရေးပါတဲ့ ငရုပ်သီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ သဘာဝအစားအစာတစ်ခုဖြစ်ပြီးတော့ ရေဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။ ငရုပ်သီးတစ်တောင့်ရဲ့ ၈၈% ဟာ ရေဓာတ်ဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတိန်း၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ကာဗိုဟိုက်ဒြိတ်၊ သကြား၊ ဖိုက်ဘာနဲ့ အဆီဓာတ်တွေလည်းပါဝင်ပါတယ်။ Vitamin C ၊ Vitamin B6 ၊ Vitamin A ၊ Vitamin B ၊ Vitamin K1 တို့လည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကယ်လိုရီနည်းပါးစွာပါဝင်နေတဲ့ အချက်ကလည်း ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေဖို့ တွန်းအားဖြစ်စေပါတယ်။

    ဒါကြောင့်လည်း ငရုပ်သီးကို အခြေခံပြီးဖန်တီးထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာဖြစ်ပြီးတော့ ပုံမှန်စားသုံးသူတွေကို အသက်ရှည်စေတဲ့ အကျိုးကျေးဇူးပြန်လည် ပေးဆပ်နိုင်တာဖြစ်ပါတယ်။

    ငရုပ်သီးအပါအဝင် စပ်တဲ့အစားအစာတွေဟာ ကိုယ်အလေးချိန်လျှော့ချတာနဲ့ ကျန်းမာစေတာကို အထောက်အကူပြုတာမှန်ပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတာကိုလည်း သတိမူသင့်ပါတယ်။ အထူးသဖြင့် အသုံးပြုမယ့်၊ စားသောက်မယ့် ငရုပ်သီးတွေဟာ သန့်ရှင်းစင်ကြယ်ပြီး မှိုနဲ့ ဘက်တီးရီးယားကင်းစင်ဖို့ အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ မှိုပါဝင်တဲ့ ငရုပ်သီးတွေကို စားမိမယ်ဆိုရင် ကင်ဆာရောဂါဖြစ်ပွားစေနိုင်ပြီးတော့ အပူအစပ်အလွန်အကျွံစားသောက်တာကလည်း အစာအိမ်ဆိုင်ရာ ဝေဒနာတွေကိုလည်း ဖြစ်ပေါ်စေနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။

    ဒါကြောင့် စပ်တဲ့အစားအစာတွေကို နေ့စဉ် ပမာဏအနည်းငယ်လောက် ပုံမှန်စားပေးဖို့ သင့်ပြီး အဆိုပါနည်းလမ်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလို ဘေးထွက်ဆိုးကျိုးတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ကိုယ်နှစ်သက်တဲ့ ခပ်စပ်စပ်အစားအစာတွေကို သမမျှတစွာ မှီဝဲကြမယ်ဆိုရင် တရှူးရှူး တရှဲရှဲအရသာအပြင် အဟာရလည်းပြည့် လူလည်းကျန်းမာစေတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement