backup og meta

မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ

    မကြာခင်ကာလအတွင်းမှာ မြန်မာလူမျိုးတိုင်း အလေးအမြတ်ထားကြတဲ့ သီတင်းကျွတ် အခါသမယကို ရောက်လာတော့မှာပါ။ သီတင်းကျွတ်ဆိုတာက မိသားစုတွေ ဆုံတွေ့ကြတဲ့ အချိန်၊ တစ်ဦးကို တစ်ဦး ချစ်မြတ်နိုးမှုတွေကို ပြသတဲ့ အခါသမယဆိုလည်း မမှားပါဘူး။ အထူးသဖြင့် လူကြီးမိဘတွေကို သားသမီးတွေ မြေးတွေက အလေးထားကြောင်း ပြသဂါရဝပြု ကြချိန်ပေါ့။

    သီတင်းကျွတ်ဆိုတာက မိသားစုတွေ ဆုံတွေ့ကြတဲ့ အချိန်ဆိုပေမယ့် အခုနောက်ပိုင်း ကာလတွေမှာ တိုးတက်လာတဲ့ ခေတ်ကို ရင်ပေါင်တန်းဖို့ လိုက်မီနေစေဖို့ဆိုတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေဆီကို သွားရောက် ပညာသင်ယူတာ၊ အလုပ်အကိုင်တွေ သွားရောက် လုပ်ကိုင်ကြတာမျိုးတွေ ရှိလာပါတယ်။

    ဒါတင်မကသေးပါဘူး။ အနယ်အနယ်အရပ်ရပ်က လူငယ်တွေဟာလည်း ရန်ကုန်အပါအဝင် မြို့ကြီးတွေဆီကို သွားရောက်လို့ ပညာရပ်တွေကို လေ့လာဆည်းပူးတာ၊ အလုပ်အကိုင်တွေ လုပ်ကိုင်လာကြတာကလည်း အတော်လေး များလာပါတယ်။ ဒီလိုဆိုတော့ တိုးတက်ရာရှာရင်း မိဘတွေကို ဂရုစိုက်ဖို့ လစ်ဟင်းရတော့မလားဆိုပြီး မေးစရာ ရှိလာနိုင်တာပေါ့။

    ဒါကတော့ လူကိုယ်တိုင်နဲ့ပဲ ဆိုင်တယ်လို့ ပြောချင်ပါတယ်။ ကိုယ်တိုင်က ဂရုစိုက်ချင်တဲ့ စိတ်သာ ရှိမယ်ဆိုရင် နီးနီးဝေးဝေး မိဘကို ဂရုစိုက်လို့ ရပါတယ်။ အဝေးရောက်နေရင်တော့ ခြေဆုပ်လက်နယ် မပြုနိုင်တာမျိုးတော့ ရှိတာပေါ့လေ။ ဒါပေမယ့် လိုလေသေးမရှိ ဂရုစိုက်ပေးလို့ ရမယ့် နည်းလမ်းတွေတော့ ရှိတာပေါ့။ ဘယ်လိုနည်းလမ်းတွေနဲ့ မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    သီတင်းကျွတ်က အလွမ်းပိုစေနိုင်တယ်

    မိဘနဲ့ သားသမီးဆိုတာက သံယောဇဉ် နက်ရှိုင်းကြသူတွေမို့ ခွဲနေရတယ်။ အဝေးတစ်နေရာစီမှာ နေနေရတယ်ဆို ရင်ကို လွမ်းဆွတ်မှုက ဖြစ်စမြဲပါ။ နေ့တိုင်းကို သတိရမိနေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလွမ်းဆွတ်မှုက သီတင်းကျွတ်လို အခါမျိုးမှာ ပိုလာနိုင်တာပေါ့။

    မေမေဖေဖေ ဘိုးဘိုးဘွားဘွားတို့ဆိုရင်လည်း ဘယ်ကလေး ငယ်ငယ်ကတော့ သီတင်းကျွတ်ဆို ဘယ်လိုလေး ဆော့တာလေ။ ဘာလေးကိုတော့ဖြင့် အားရပါးရစားတတ်တာစသဖြင့် တွေးတောရင်း သတိရတတ်သလို သားသမီးတွေ မြေးတွေဘက်ကကျတော့လည်း အမေချက်ကျွေးတဲ့ ဘယ်ဟင်းလေးကို တော့ဖြင့် လွမ်းလိုက်တာ၊ အဖွားလုပ်ကျွေးတဲ့ မုန့်လေးကို သတိရလိုက်တာ၊ အဖေနဲ့ ဘယ်တွေ အတူတူသွားတာ၊ အဖိုးနဲ့ ဘယ်လို အတူတူ ဆော့ခဲ့ဖူးတာ စသဖြင့် အမျိုးမျိုးသော သီတင်းကျွတ် ပုံရိပ်တွေကို လွမ်းဆွတ်နိုင်တာပေါ့။

    မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ

    အမြဲ အတူဆင်နွှဲခဲ့တဲ့ သီတင်းကျွတ်မှာ အဝေးရောက်ပြီး လွမ်းဆွတ်နေမယ့်အစား မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ ဆိုတာကလေးကို စဉ်းစားကြရအောင်လေ။ ဘာတွေ လုပ်ပေးနိုင်မလဲလို့ပေါ့။ မိဘဆီကို မသွားနိုင်ပေမယ့် အခုခေတ်က အင်တာနက် ခေတ်ဖြစ်တာကြောင့် အွန်လိုင်းကနေတဆင့် ချစ်ရတဲ့ မိဘဘိုးဘွားတို့နဲ့ ဗီဒီယိုကော ပြောရင်း ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုရော သာကြောင်းမာကြောင်းလေး တွေကိုပါ မေးမြန်းလို့ ရသလို ကိုယ်ရောက်ရှိနေတဲ့ နေရာရဲ့ အလှအပလေးတွေကိုပါ ဗီဒီယိုကောကနေ တဆင့် ပြသပေးလို့ ရပါသေးတယ်။

    သီတင်းကျွတ်ဆိုတော့ ကန်တော့မှ ပြည့်စုံမှာပေါ့ ဆိုရင်လည်း ဖုန်းလေးနဲ့ ဆက်ပြီးဖြစ်ဖြစ် လူမှုကွန်ရက်တွေ ပေါ်ကနေဖြစ်ဖြစ် မှာယူပြီး အိမ်တိုင်ရာရောက် လက်ဆောင် ပို့ဆောင်ပေးနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။ မိဘတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် အရာလေးတွေကိုပေါ့။ အစားအစာကစလို့ အသုံးအဆောင်နဲ့ ကျန်းမာရေးအတွက် လိုအပ်မယ့် အရာအစုံစုံကိုပါ။

    ကန်တော့မယ့် နည်းလမ်းကတော့ အဆင်ပြေသွားပြီ။ ဘာနဲ့ ကန်တော့ရမလဲ မသိသေးဘူး။ ဘာလက်ဆောင် ပေးလို့ ရမလဲ မသိသေးဘူးဆိုရင် ဆက်ပြောပြပေးသွားပါမယ်။

    လူကြီးတွေအတွက်က ကျန်းမာပြီး အာဟာရပြည့်ဝဖို့က အရေးကြီးတာလေ။ ဒါကြောင့် အ​ဝေးရောက်နေတဲ့ လူကြီးမိဘတွေကို

    ဖြည့်စွက်အာဟာရတွေ

    အသက်ကြီးလာချိန်မှာ ဖေဖေမေမေတို့  အနေနဲ့ အစားမစားချင်တာမျိုး ဖြစ်နိုင်သလို အစားရွေးလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အာဟာရပြည့်ဝတဲ့ ဖြည့်စွက်အာဟာရလေးတွေကို လက်ဆောင်ပို့ပေးတာကလည်း နည်းလမ်းကောင်းပါ။

    သစ်သီးလတ်လတ်ဆတ်ဆတ်လေးတွေ

     သစ်သီးလတ်လတ်ဆတ်ဆတ်လေးတွေကလည်း ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်လည်း သီတင်းကျွတ်မှာ လူကြီးမိဘတွေကို သစ်သီးလေးတွေနဲ့ ကန်တော့ဖို့လည်း မမေ့ကြနဲ့နော်။

    ကျန်းမာရေးနဲ့ ညီတဲ့ အဆာပြေ အစားအသောက်လေးတွေ

     လူကြီးတွေက အရွယ်ရလာလေလေ ကလေးတွေလိုပဲ ထမင်းဟင်း အစားနည်းလာပြီး အဆာပြေ စားစရာလေးတွေ သောက်စရာလေးတွေကို ပိုစားဖြစ်တာမျိုး ရှိတတ်ပါတယ်။

    ဒီလို အဆာပြေ စားစရာလေးတွေကို စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် အချိုဓာတ် နဲ့ အဆီဓာတ်ပါဝင်မှု နည်းတဲ့ စားစရာလေးတွေ၊ အစေ့အဆန်လေးတွေကို လက်ဆောင်ပေးလို့ ရသလို သောက်စရာ အနေနဲ့ကတော့ အချိုရည်တွေအစား ရေနဲ့ဓာတ်ဆားဓာတ်တွေကို ပြည့်ပြည့်ဝဝ ဖြည့်ပေးနိုင်မယ့် ဓာတ်ဆားဖြည့် ဖျော်ရည်လေးတွေကို ကန်တော့ပေးလို့လည်း ရပါတယ်။

    ကျန်းမာရေးစစ်ဆေးမှု ကူပွန်

     ဖေဖေမေမေတို့ ကျန်းမာတာက သားသမီးတွေအတွက် အကောင်းဆုံး ဆုတစ်ခုပါ။ ဒီဆုလေးကို ပြည့်ဝစေဖို့ အတွက် ဆိုရင် သီတင်းကျွတ်မှာ မေမေဖေဖေတို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်ဆောင်နိုင်မယ့် ကျန်းမာရေး စစ်ဆေးမှု ကူပွန်လေးတွေလည်း လက်ဆောင်ပေးလို့လည်း ရပါတယ်။

    ခရီးသွားလက်မှတ်

     ဖေဖေမေမေတို့က ခရီးသွားရတာ နှစ်သက်သူတွေ ဖြစ်မယ်။ ခရီးသွားနိုင်လောက်အောင်လည်း ကျန်းမာရေး ကောင်းတယ်ဆိုရင် စိတ်အပန်းပြေစေမယ့် တောင်ပေါ်ဒေသလေးတွေကို ဖြစ်ဖြစ်၊ ကမ်းခြေဒေသလေးတွေကို ဖြစ်ဖြစ် ခရီးသွားနိုင်မယ့် ခရီးသွားလက်မှတ်လေးတွေကို လက်ဆောင်ပေးတာကလည်း နည်းလမ်းကောင်းပါပဲ။

    အလှူအတန်းလုပ်ပေးတာ 

    နေထိုင်ရာ အနီးမှာရှိတဲ့ လိုအပ်တဲ့နေရာလေးတွေကို မိဘတွေရဲ့ အမည်နဲ့ အလှူအတန်းလုပ်ပေးတာကလည်း မိဘတွေအတွက် သီတင်းကျွတ် လက်ဆောင်ကောင်းပါ။ မိဘတွေအတွက်ရော ကိုယ်တိုင်အတွက်ပါ ကုသိုလ်ရစေမယ့် စဉ်းစားသင့်တဲ့ သီတင်းကျွတ် လက်ဆောင်လေးပါ။

    အခုပြောပြခဲ့တဲ့ အစားအစာလေးတွေနဲ့ လုပ်ဆောင်ပေးလို့ ရမယ့် အရာတွေကို ပြင်ဆင်ပြီး သီတင်းကျွတ်လက်ဆောင်ပေးလို့ အဝေးရောက်နေတဲ့ လူကြီးမိဘတွေကို ပျော်ရွှင်စရာ သီတင်းကျွတ် ကာလလေး ပိုင်ဆိုင်စေလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement