ဗီတာမင် C နဲ့ ကိုယ်ခံအားစနစ် ဆိုတာ အတော်များများ တွဲသိကြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဗီတာမင် C ကို အချဉ်သီးတွေကပဲ ရနိုင်မယ်လို့ မယူဆဖို့လိုပါတယ်။ အစိမ်းရောင်အရွက်တွေ၊ မာလကာသီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ ပန်းငရုတ်ပွ စတဲ့ တခြားအရင်းအမြစ်တွေကနေလည်း ရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။
ကိုယ်ခံအား ကောင်းစေဖို့၊ အအေးမိ၊ဖျားနာက အစ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ဗီတာမင် C ကအရေးပါပါတယ်။
ဗီတာမင် E
ဗီတာမင် E ကလည်း ဗီတာမင် C လိုပဲ ကိုယ်ခံအားအတွက် အကျိုးပြုပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် အပြည့်အဝရှိပါတယ်။ အရေပြားပြဿနာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးပါတယ်။
ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ဟာ ဗီတာမင် E ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။
ဗီတာမင် A
ရောင်စုံ အသီးအနှံလေးတွေမှာ carotenoids လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်း တွေ ကြွယ်ဝပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေး တို့လို အစားအစာတွေဆီက carotenoids တွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားတာပါ။
ဗီတာမင် A က ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ပေးနိုင်အောင် ကူညီပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ထောက်ကူပေးနိုင်တာ ဖြစ်ပါတယ်။
ဗီတာမင် D
ကိုယ်ခံအားအတွက် ဗီတာမင်တွေ အကြောင်းပြောတဲ့အခါ ဗီတာမင် D ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီ နေရောင်ခြည်ကနေ အများဆုံးရရှိနိုင်တဲ့ ဗီတာမင် D ကို သဘာဝအစားအစာတွေကနေလည်း အနည်းငယ်ရရှိနိုင်ပါတယ်။ ဥပမာ -တူနာငါး၊ ကြက်ဥ အနှစ်တို့ လိုပေါ့။ လူတစ်ဦး နေ့စဉ်လိုအပ်တဲ့ vitamin D ပမာဏကို ရရှိချင်တယ်ဆိုရင်တော့ ဗီတာမင် D ထည့်ပေါင်းထားတဲ့ ဖြည့်စွက်အားဆေး၊ ဖြည့်စွက်အာဟာရတွေကို သုံးနိုင်ပါတယ်။
ဖောလိတ်
ဖောလိတ် ဆိုတာ သဘာဝအသွင်ဖြစ်ပြီး ဖောလစ်အက်ဆစ်ကတော့ ခန္ဓာကိုယ်ထဲ ချက်လုပ်ပြောင်းလဲပြီး အသွင်ဖြစ်ပါတယ်။ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးတဲ့ ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက်လည်း အရေးပါနေတာ ဖြစ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး စတာတွေအပြင် ဖြည့်စွက်ထားတဲ့ အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။
သံဓာတ်
ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေဆီ အောက်ဆီဂျင် ပို့လွှတ်ရာမှာ ကူညီပေးတဲ့ သံဓာတ်ဟာ အရေးကြီးဆုံး အာဟာရဓာတ်တွေထဲမှာ ရှေ့က ပါဝင်နေတာဖြစ်ပါတယ်။အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်မှာ သံဓာတ်နည်း၊ သွေးအားနည်းမှတော့ ကိုယ်ခံအားဘယ်ကောင်းနိုင်ပါတော့မလဲ။
အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ အပြင် သံဓာတ်ဖြည့်စွက် ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။
ဆယ်လီနီယမ်
ကိုယ်ခံအားအပေါ်မှာ အာနိသင် သက်ရောက်မှုသိပ်ရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ရောဂါတော်တော်များ များ ကို ကာကွယ် ပေးနိုင်သလို ကင်ဆာလို ရောဂါမျိုးတွေမှာတောင် ခန္ဓာကိုယ်ရဲ့လွန်ကဲတဲ့တုံ့ပြန်မှုတွေကို နှေးကွေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သူ့ကိုတော့ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်း၊ တူနာငါးတွေကနေ ရရှိနိုင်ပါတယ်။
ဇင့်
ခရု၊ ကမာ၊ ဂဏန်း၊ အဆီမပါတဲ့ အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်တဲ့ ဇင့်ဓာတ်ဟာလည်း ကိုယ်ခံအားအတွက် အရေးကြီးပါတယ်။ သူက ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးသလို နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေပါတယ်။
ဒီလိုဓာတ်တွေကို ရရှိနိုင်ဖို့က အသား၊ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် တွေကို ညီညွတ်မျှတအောင် စားတာက တစ်နည်း၊ ဒီဓာတ်တွေ ဖြည့်စွက်ထားတဲ့ ဖြည့်စွက်အာဟာရတွေကို သောက်သုံး၊ စားသုံးတာက တစ်ဖုံ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားမှ ကိုယ်ခံအားစနစ် ကျန်းမာပါလိမ့်မယ်။ ရောဂါပိုးတွေနဲ့ ကင်းဝေးနိုင်ဖို့ ကိုယ်ခံအားစနစ်လေးကို ဂရုစိုက် စောင့်ရှောက်ကြပါလို့ သတိပေးလိုက်ရပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။