brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်အရွယ်ကြီးရင့်လာတာ နဲ့အမျှ ကိုယ်ခံအား ကလည်း နည်းလာ တတ်ပါတယ်။ ဒီလို ကိုယ်ခံအား နည်းလာတာက ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်သလို ကာကွယ်ဆေး တုံ့ပြန်နိုင်စွမ်း အားနည်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်ခံအား စနစ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေဟာ အသက် ၃၀ အရွယ်ရောက်လာတာနဲ့အမျှ တစ်နှစ်ကို ၁ရာခိုင်နှုန်းလောက် ကျဆင်းလာတာပါ။ ဒီလို ကျဆင်းမှုက ကိုယ်ခံအားကို နည်းစေပြီး ရောဂါတွေကို ခုခံနိုင်စွမ်း ကျစေပါတယ်။ ဒါကြောင့်လည်း ဖိုးဖိုးဖွားဖွားတွေ အသက် (၅၀) နှစ်နဲ့အထက် လူ​ကြီးတွေကို ရောဂါခုခံနိုင်စွမ်း နည်းပြီး ကူးစက်ခံရနိုင်ခြေ အများဆုံး အုပ်စုရယ်လို့ သတ်မှတ်ကြတာပါ။ အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတာ ပြောပြချင်ပါတယ်။

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

 အသက်ကြီးလာတာကို သိနိုင်မယ့် လက္ခဏာများ

အသက်ကြီးလာတာကို သိနိုင်မယ့် လက္ခဏာများ

အသက်ကြီးလာတာကို သိနိုင်မယ့် လက္ခဏာတွေကတော့ ဆံပင်ဖြူလာတာ၊ ပါးရေတွေ တွန့်လာတာ မဟုတ်ပါဘူး။ ကိုယ်ခံအားကျလာတာအပါအဝင် ခန္ဓာကိုယ်ရဲ့ အတွင်းစနစ်တွေ ယိုယွင်းလာတာပါ။ ဒီလို ကိုယ်ခံအားကျလာတာက ကူးစက်နိုင်တဲ့ ရောဂါတွေကို အလွယ်တကူ ဝင်ရောက်နိုင်စေဖို့ တံခါးဖွင့်ပေးလိုက်တာပါ။

ဒီတော့ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့က မဖြစ်မနေ လိုအပ်မှာပါ။

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့

အသက်ကြီးပေမယ့်လည်း ကိုယ်ခံအား ကောင်းစေဖို့ ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ။

ကျန်းမာရေးကို စောင့်ရှောက်ဖို့က ကိုယ်တိုင်လုပ်ဆောင်ရမယ့် တာဝန် တစ်ရပ်ပါ။ ဒါက ရောဂါ အခံရှိသူတွေရော ရောဂါ အခံ မရှိသူတွေပါ လိုက်နာဖို့ လိုမယ့် အချက်ပါ။

ရောဂါ အခံမရှိသူတွေက အာဟာရ မျှတအောင် စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

ဆီးချိုရောဂါ။ အဆစ်ရောင်ရောဂါတွေလိုမျိုး နာတာရှည် ရောဂါအခံရှိသူတွေက ပုံမှန် ဆေးခန်းပြတာမျိုး လုပ်ဖို့လိုသလို ဆရာဝန် ညွှန်ကြားတဲ့ ဆေးတွေကို အချိန် မှန်မှန် သောက်ဖို့ လိုပါမယ်။

အိပ်ရေးဝဝ အိပ်ပါ။

အိပ်ရေးပျက်တာ၊ လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် မရှိတာတွေက ကျန်းမာငယ်ရွယ်တဲ့ သူတွေကိုတောင် ကိုယ်ခံအား ကျစေနိုင်တဲ့ အချက် တစ်ခုပါ။ ကျန်းမာပြီး ကိုယ်ခံအား ကောင်းဖို့ဆိုရင် တစ်နေ့ကို အိပ်ချိန် ၇ နာရီ ရှိဖို့ လိုပါမယ်။

ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့ ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ပါ။

စိတ်ဖိစီးမှုကို ဖြေလျော့ပါ။

စိတ်ဖိစီးမှု များတာက ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ တစ်ခုခု စိုးရိမ်စရာများလာရင် နေမကောင်းချင်သလို ဖြစ်လာတတ်တယ်လေ။

စိတ်ဖိစီးမှုက အိပ်ပျော်စေဖို့ကို အနှောင့်အယှက် ပေးသလို ကျန်းမာရေးနဲ့ မညီတာတွေကို စားမိစေဖို့လည်း အားပေး ပါတယ်။ ဒါကြောင့် နေ့စဉ် စိတ်ဖိစီးမှု ပြေလျော့စေဖို့ တရားထိုင်တာ လိုမျိုး ပြုလုပ်ပေးပါ။

နေမကောင်းတဲ့သူတွေနဲ့ ဝေးဝေးနေပါ။

အသက်ကြီးလာလေ​လေ ကိုယ်ခံအားက နည်းလာလေလေပါ။ ဒါကြောင့် နေထိုင်မကောင်းတဲ့သူတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးပါ။ အအေးမိ၊ ဖျားနာရှိသူတွေနဲ့ အနီးကပ် မနေပါနဲ့။ မကြာခဏ လက်ဆေးပါ

ကာကွယ်ဆေးတွေ ထိုးနှံပါ။

အသက်ကြီးလာရင် ကာကွယ်ဆေးက ထိရောက်နိုင်စွမ်း နည်းလာတယ်ဆိုပေမယ့် ပြင်းထန်တဲ့ အဖျားရောဂါတွေကနေ ကာကွယ်နိုင်ဖို့ အတွက်ကတော့ ကာကွယ်ဆေးတွေ ထိုးထားဖို့ လိုမှာပါ။

အသက်အရွယ်ရလာသူတွေအနေနဲ့ အဆုတ်ရောင် ကာကွယ်ဆေး၊ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေကို နှစ်စဉ် ထိုးထားဖို့ လိုပါမယ်။

လေ့ကျင့်ခန်း လုပ်ပါ။

တစ်နေ့တာမှာ လေ့ကျင့်ခန်းတွေကို အသင့်အတင့် လုပ်ဆောင်တာက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကောင့် နေ့စဉ် လမ်းလျှောက်တာ ကစလို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက် အထိ လုပ်ပေးပါ။

အာဟာရ ပြည့်အောင်စားပါ။

နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေနဲ့ အဆီမပါတဲ့ အသားတွေ။ ငါး စသည်တို့ကို မျှတအောင် စားသုံးပေးဖို့ လိုပါမယ်။

အာဟာရကို မျှတအောင် စားသုံးပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်သလို စိတ်ဖိစီးမှု ပြေလျော့စေပြီး ကိုယ်ခံအားလည်း ကောင်းစေပါတယ်။

ဆေးလိပ် ဖြတ်ပါ

ဆေးလိပ်သောက်တာက ကိုယ်ခံအားကို နည်းစေနိုင်ပါတယ်။ အလွယ်တကူ ဖျားနာတာ၊ ကူးစက်လွယ်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဆေးလိပ်ဖြတ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/12/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။