backup og meta

လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

    အသက်ကြီးလာတာနဲ့အမျှ နှလုံးကအိုမင်းလာပြီး နှလုံးစွမ်းဆောင်ရည် ပိုကျ လာပါတယ်။ နှလုံးနံရံတွေ ထူလာတာ၊ အဆို့ရှင်တွေမာလာတာ၊ သွေးကြောတွေ ကျဉ်းပြီး မာလာတာ၊ နှလုံးခုန်မမှန်တာ စတာတွေကြောင့် နှလုံးညှစ်အား ပိုပိုကျလာတတ်ပါတယ်။ နှလုံးရောဂါအခံရှိတဲ့အခါ ပိုဆိုးပါတယ်။

    နှလုံးစွမ်းဆောင်ရည် ကျလာတဲ့အခါ နှလုံးက ခန္ဓာကိုယ်က လိုအပ်တဲ့ သွေးကို အလုံအလောက် မညှစ်ပေးနိုင်တော့သလို နှလုံးထဲကိုလည်း သွေးကောင်းကောင်း မဝင်တော့ပါဘူး။ နှလုံးစွမ်းဆောင်ရည်ကျပြီး နှလုံးပျက်စီးလာတာကို နှလုံးအစားထိုးမှပဲ ရမှာပါ။ လက်ရှိမှာ ဆေးဝါးတွေပေးပြီး ကုသနေတယ်ဆိုတာက ပိုပြီး ဆိုးမလာအောင်လို့ရယ်၊ သက်တမ်းစေ့နေနိုင်အောင်ရယ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

    နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ

    နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ အပေါ်မှာ ပြောခဲ့သလို နှလုံးညှစ်အားကျလာတာပါ။ ဒီတော့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာ အရည်တွေ စုပြီး ဖောတာတွေ၊ မောတာတွေ ဖြစ်လာပါတယ်။

    နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စတာတွေ ရှိနေရင် နှလုံးပေါ် ဝန်ပိတာကြောင့် သွေးကောင်းကောင်းညှစ်နိုင်ဖို့ ပိုခက်ပါတယ်။

    ဒါပေမယ့် ဆေးကုသမှု သေချာခံယူမယ်ဆိုရင်တော့ နေရတာ သက်သာပြီး အသက်ရှည်ရှည်နေနိုင်မှာပါ။ ဆေးဝါးတွေနဲ့ မှီဝဲတာနဲ့အတူ ကိုယ်အလေးချိန်ထိန်းမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ ဆားလျှော့စားမယ်၊ စိတ်ဖိစီးမှု လျှော့ချမယ်ဆိုရင် မြန်မြန်သက်သာလာမှာပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ခါတလေမှာ နှလုံးစွမ်းဆောင်ရည် ကျတာက သိပ်ပြင်းထန်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ နှလုံးအစားထိုးတာ၊ နှလုံးစက်ထည့်တာတွေ လုပ်ဖို့ လိုလာနိုင်ပါတယ်။

    နှလုံးစွမ်းဆောင်ရည် ကျတာ မဖြစ်ချင်ဘူးလား။ ဒါဆိုရင်တော့ သူ့ကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းတာတွေ၊ သွေးတိုးတာတွေ၊ ဆီးချိုရောဂါနဲ့ အဝမလွန်အောင် ထိန်းတာက အကောင်းဆုံးကာကွယ်နည်းပဲ ဖြစ်ပါတယ်။

    လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

    နှလုံးစွမ်းဆောင်ရည် ကျတာက အမြဲတမ်းလက္ခဏာပြနေတာတော့ မဟုတ်ပါဘူး။ ရောဂါက နုသေးရင်ဖြစ်ဖြစ် ဒါမှမဟုတ် ဆေးသေချာကုနေရင်ဖြစ်ဖြစ် နှလုံးစွမ်းဆောင်ရည်ကျတဲ့ လက္ခဏာကို ခံစားရမှာ မဟုတ်ပါဘူး။

    ဒါနဲ့ ပြောင်းပြန် ရောဂါရှိတာကို မသိလို့ ပိုဆိုးလာတယ်။ ရောဂါကို သေချာမကုဘူး။ လက်ရှိကုနေတဲ့ ဆေးတွေကို မတိုးတော့ဘူးဆိုရင်တော့ လက္ခဏာတွေ သိသိသာသာ ပြလာမှာပဲ ဖြစ်ပါတယ်။

    အောက်ပါ လက္ခဏာ ၅ချက်ကို ခံစားနေရပြီဆိုရင် လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျလာလာဖြစ်နိုင်တဲ့အတွက် ချက်ချင်းဆေးကုသမှု ခံယူဖို့ စီစဉ်သင့်ပါတယ်။ ဒါတွေကို အတိုကောက် FACES လို့ မှတ်ထားနိုင်ပါတယ်။

    နှလုံးစွမ်းဆောင်ရည် ပိုကျလာတဲ့ လက္ခဏာ၅ချက်

    FACES လို့ မှတ်ထားနိုင်ပါတယ်။
    • F (Fatigue အားမရှိသလို ခံစားရတာ)
    • A (Activity limitation လှုပ်ရှားနိုင်စွမ်းကျလာတာ)
    • C (Congestion အဆုတ်မှာ ရေအိုင်တာ)
    • E (Edema ဖောတာ)
    • S (Shortness of Breath မောတာ)
    • F (Fatigue အားမရှိသလို ခံစားရတာ)

    နှလုံးက အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့ကို လုံလုံလောက်လောက် ညှစ်ဖို့ ခက်လာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ စွမ်းအင်အလုံအလောက် မရတာကြောင့် နုံးလာပါတယ်။ ဘာမှမယ်မယ်ရရ မလုပ်ပါဘဲနဲ့ အားမရှိသလို၊ ပင်ပန်းသလို ခံစားရပါတယ်။

    • A (Activity limitation လှုပ်ရှားနိုင်စွမ်းကျလာတာ)

    နှလုံးစွမ်းဆောင်ရည် ပိုကျ လာတာကို အလွယ်ဆုံး သိနိုင်တဲ့အချက်ကတော့ လုပ်ကိုင်နိုင်စွမ်းတွေ လျော့ကျလာတာပါ။ အထူးသဖြင့် နေ့စဉ်သွားလာလှုပ်ရှားတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်လာပါပြီ။

    အစကတော့ လမ်းလျှောက်ဆိုလည်း တစ်မှတ်တိုင်စာလောက်ကို အေးဆေး လျှောက်နိုင်တယ်။ ၂-၃ထပ် တိုက်ပေါ်ကိုလည်း လှေကားကနေ တက်နိုင်ပါတယ်။ နှလုံးစွမ်းဆောင်ရည် ပိုကျလာတဲ့အခါကတော့ တစ်မှတ်တိုင်စာလောက်ကနေ ဓာတ်တိုင်တစ်တိုင်စာလောက်ကို ဟောဟဲစိုက်နေပါပြီ။ လှေကားဆိုလည်း၂-၃ထစ် တပ်ပြီးတိုင်း နားနေရပါပြီ။

    စစချင်းမှာတော့ မောလည်း ခဏလောက်နားပြီး ဆက်လျှောက်နိုင်ပါလိမ့်မယ်။ နောက်ပိုင်းကျရင်တော့ နားပြီလည်း ဆက်မသွားနိုင်တော့ပါဘူး။

    ပိုဆိုးတာက နေ့စဉ်အိမ်မှာ တစ်ကိုယ်ရည်ကိစ္စတွေလုပ်ရင်တောင် မောလာတာပါ။ အိမ်သာသွားရင် မောမယ်။ ထမင်းစားရင် မောမယ်။ အိမ်ရှေ့ကနေ အိမ်နောက်သွားရင်တော့ လမ်းခုလတ်မှာ နားနေရပါပြီ။ အပေါ်ထပ်က ကိုယ့်အခန်းကို ပြန်ပြီး မအိပ်နိုင်လို့ အောက်ထပ်ကို အိပ်ရာရွှေ့ပေးလိုက်ရပါပြီ။

    ဒီလိုမျိုး မလုပ်နိုင်မကိုင်နိုင် ဖြစ်နေရတာက နှလုံးစွမ်းဆောင်ရည် ပိုကျလာတဲ့အခါ ပိုနုံးလာပြီး ပိုမောလာတာကြောင့်ပါ။

    လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်

    • C (Congestion အဆုတ်မှာ ရေအိုင်တာ)

    အဆုတ်ထဲမှာ ရေအိုင်လာတဲ့အခါကျတော့ ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီမြည်နေတာ၊ အသက်ရှူရခက်တာတွေ ခံစားရပါတယ်။

    နှလုံးစွမ်းဆောင်ရည်ကျလို့ ချောင်းဆိုးတာ၊ တရွှီရွှီနဲ့ ကျပ်နေတာက ပန်းနာရင်ကျပ်နဲ့ တော်တော်တူပါတယ်။ ဒါကြောင့် နှလုံးပန်းနာလို့လည်း ခေါ်ကြပါတယ်။ စချင်းမှာတော့ ဒီတိုင်းချောင်းဆိုးပေမယ့် နောက်ပိုင်း အဆုတ်ထဲမှာ ရေများလွန်းလာတဲ့အခါ ညဘက်အိပ်နေရင်း ချောင်းဆိုးလို့ ထထိုင်လိုက်မှ သက်သာသွားတာအထိ ဖြစ်တတ်ပါတယ်။

    ဒီဆို သာမန်ချောင်းဆိုးနေရာကနေ ရုတ်တရက် ပိုဆိုးလာမယ်၊ ပိုကျပ်လာမယ်၊ ပန်းရောင်သလိပ်တွေပါ ပါလာမယ်ဆိုရင်တော့ ဆေးရုံကို ချက်ချင်းသွားသင့်ပါတယ်။ ဒါက အရေးကြီးတဲ့ လက္ခဏာပါ။

    • E (Edema ဖောတာ)

    နှလုံးစွမ်းဆောင်ရည်ကျပြီး ညှစ်အားမကောင်းတဲ့အခါ အရည်တွေက နောက်ပြန်ပုံလာပါတယ်။ ဒီတော့ သွေးကြောတွေကနေ အရည်စိမ့်ပြီး ဖောလာပါတယ်။

    အရင်ဆုံးဖောတာကတော့ ခြေကျင်းဝတ်ပါ။ ပြီးရင်တော့ ခြေထောက်ပါ။ ဒီကနေ တဖြည်းဖြည်းနဲ့ အပေါ်ကို တက်လာပြီး ဝမ်းဗိုက်၊ မျက်နှာစတာတွေပါ ဖောလာပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေတဲ့သူဆိုရင်တော့ နောက်ကျောဘက် မြီးညောင့်ရိုးနေရာမှာ ဖောနေမှာပါ။

    တစ်ကိုယ်လုံးဖောလာတဲ့အခါကျတော့ လူက သူ့ဟာသူ ဖောမှန်းတောင် သတိမထားမိတော့ပါဘူး။ သူတို့ကို သူတို့ ဝလာတယ်လို့ ထင်ကြပါတယ်။ ဘယ်လောက်ဝလာလဲလို့ မေးရင် တစ်ရက်တည်းနဲ့ ၃ပေါင်လောက် တက်တာ၊  တစ်ပတ်အတွင်း ၅ပေါင်လောက် တက်တာတွေ ပြောပါလိမ့်မယ်။ ဒါက သာမန်အတိုင်း ဝတာမဟုတ်ဘဲ ဖောလာတာပဲ ဖြစ်ပါတယ်။

    • S (Shortness of Breath မောတာ)

    နှလုံးက သွေးကို ရှေ့ရောက်အောင်  မညှစ်နိုင်တဲ့အခါ အနောက်က အဆုတ်ထဲမှာ ပြန်ဝင်ပြီး အရည်တွေ ပြည့်လာပါတယ်။ ဒီအရည်တွေက အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လဲဖို့ အတားအဆီးဖြစ်စေတာကြောင့် လေကောင်းကောင်းမရဘဲ မောလာပါတယ်။ ရေနစ်နေတဲ့ သူတစ်ယောက် လေမဝလို့ မောနေတာနဲ့ ပုံစံတူပါတယ်။

    အရည်တွေ များလာရင် လှဲအိပ်လို့တောင် မရတော့ပါဘူး။ အိပ်နေရင်း မောလို့ နိုးလာပြီး လေထရှူရတာ၊ လှဲမအိပ်နိုင်လို့ ခေါင်းအုံးတွေထပ်ပြီး အိပ်ရတာ၊ ငုတ်တုတ်လေး ထိုင်အိပ်ရတာတွေ ဖြစ်လာပါတယ်။ ဒီတော့ အိပ်ရေးပျက်ပြီး ပိုနုံးလာပါတယ်။

    မောတာကလည်း ပိုပိုဆိုးလာတတ်ပါတယ်။ အစကတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားမှ မောတယ်။ နောက်ကျ ပုံမှန်အတိုင်း လှုပ်တာကို မောတယ်။ ဒါပေမယ့် နားလိုက်ရင် သက်သာတယ်။ နောက်ပိုင်း နားလည်း မသက်သာဘူး။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ မောတယ်။ အဆိုးဆုံးကတော့ ငြိမ်ငြိမ်လေး နေတာတောင် မောနေတာပါပဲ။

    အသက်ကြီးတဲ့သူတစ်ယောက် နှလုံးစွမ်းဆောင်ရည် ကျတဲ့ရောဂါ ရှိသည်ဖြစ်စေ၊ ကုနေသည်ဖြစ်စေ၊ မသိဘူးဖြစ်စေ ဒီလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်သလို တခြားရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက ပုံမှန်မဟုတ်တာကြောင့် အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement