
ပန်းနာရင်ကျပ်ကြောင့် အသက်ရှူလမ်းကြောင်းက ရုတ်တရက်ကျဉ်းပြီးရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့်အသက်ရှူလိုက်ရင် ရှူရခက်မယ်၊ ကျပ်မယ်၊ ချွဲထမယ်၊ တရွှီရွှီမြည်နေမယ်။ ဒါ့ကြောင့် အသက်ရှူရပိုကောင်းအောင် inhalerတွေသုံးကြရတာဖြစ်ပါတယ်။
ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ စတာတွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်းဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဓါတ်မတည့်ခြင်းကနေ ပန်းနာရင်ကျပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လေထဲကချည်းရနိုင်တာမဟုတ်ပါဘူး။ ထိတွေ့မိတာတွေ၊ စားမိတဲ့အရာတွေကနေလည်း ရနိုင်ပါတယ်။
ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေခံစားရတဲ့အခါ အသက်ရှူရခက်နိုင်ပါတယ်။ ပုံမှန်လူဆို သိပ်ပြဿနာမရှိပေမယ့်COPD လို နာတာရှည်အဆုတ်ရောဂါရှိနေတယ်ဆိုရင်ပြင်းထန်သွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိနေသူဆိုရင် ယာဉ်မတော်တဆမှုလိုမျိုး ရုတ်တရက်စိတ်လှုပ်ရှားမှုကြောင့်လည်းပြဿနာဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘာရောဂါအခံမှမရှိဘူးဆိုရင်တောင် စိတ်လှုပ်ရှားမှု၊ပူပန်မှုကြောင့် အသက်ရှူမြန်လာပြီးခေါင်းမူး၊သတိလစ်သွားနိုင်ပါတယ်။
ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေမလုံလောက်တဲ့အခါ တစ်ရှူးတွေဆီကိုအောက်ဆီဂျင်အလုံအလောက်မရောက်နိုင်တော့ပါဘူး။သွေးအားနည်းတဲ့အခါ လူကဖျော့တော့ပြီး ပင်ပန်းလွယ်မယ်။ခေါင်းမူးပြီး အားနည်းနေမယ်၊ခြေဖျားလက်ဖျားတွေအေးစက်ပြီး နှလုံးခုန်မြန်လာနိုင်ပါတယ်။
အသက်ရှူမဝတာ၊ အသက်ရှူကျပ်နေတာမျိုးကို မကြာခဏ သို့မဟုတ် အချိန်အတော်ကြာခံစားရတယ်ဆို ကြိတ်မခံစားနေဘဲရောဂါရှာဖွေစစ်ဆေးမှုလုပ်သင့်ပါတယ်။ အကြောင်းရင်းခံကိုသေချာအတည်ပြုပြီးမှ ကျန်းမာရေးအတွက်စိတ်ချရမှာဖြစ်ပါတယ်။