brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက အဝင်ကောင်းပေမယ့် ခန္ဓာကိုယ်ကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ

အချိုရည် ဆိုတာ ဘာတွေကို ဆိုလိုချင်တာလဲ

အချိုရည် ဆိုတာက ကလေးတွေကစပြီး လူကြီးတွေအထိ သောက်နေကြတဲ့ အချိုရည်တွေပါ။ မြင်သာအောင် ပြောပြရရင် Cola၊ Sprite နဲ့ လိမ္မော်ရည်လိုမျိုးတွေကို ပြောချင်တာပါ။ ဒီအချိုရည်တွေက သောက်လို့ ကောင်းတာမှန်ပေမယ့် အရမ်းများရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေတာတော့ အမှန်ပါ။ အချိုရည်ထဲမှာ များပြားလွန်းတဲ့ သကြားတွေနဲ့ ဂတ်စ်တွေ ပါဝင်နေပါတယ်။

ဒီပါဝင်နေတဲ့ အရာတွေက အလွန်အကျွံသောက်ရင် ရေရှည်မှာ အဝလွန်တာ၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီသောက်စရာတွေက အအေးအနေနဲ့ဆိုရင် အတော်လေး အမောပြေပြီး သောက်ရတာ အင်မတန် ကောင်းပါတယ်။ ဒီလို သောက်လို့ ကောင်းတဲ့ အချိုရည်တွေကိုပဲ ဒီတိုင်းများများသောက်ရင်တောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒီလို အချိုရည်ကို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အယ်လ်ကိုဟောနဲ့ ရောလိုက်ရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဗဟုသုတ ရအောင် အတူဆက်ကြည့်လိုက်စို့နော်။

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ

အရက်ကို အချိုရည်နဲ့ ရောသောက်တာက ဘာတွေ ထိခိုက်စေနိုင်သလဲ ဆိုတော့

  • အရက်ကို ဂတ်စ်ပါတဲ့ အချိုရည်နဲ့ ရောသောက်တာက သွေးထဲကို အရက်မြန်မြန်ရောက်စေပြီး လူတချို့မှာ မြန်မြန်မူးစေပါတယ်။ လေ့လာချက်တွေအရ သောက်လိုက်တာရဲ့ သုံးပုံ နှစ်ပုံက ထင်ထားတာထက် သွေးထဲမြန်မြန်ရောက်တယ်လို့ ဆိုပါတယ်။
  • အရက်ကို အချိုရည်နဲ့ ရောလိုက်တဲ့အခါ အဝင်ကောင်းပြီး ပုံမှန်ထက် ပိုသောက်မိတာကြောင့် အရက် အလွန်အကျွံ သောက်မိတာမျိုး ခံစားရနိုင်ပါတယ်။
  • အရက်ကို အချိုရည်နဲ့ ရောသောက်တာက အသည်းကို ထိခိုက်စေနိုင်ပြီး ရေရှည်မှာ အသည်းပျက်စီးတာအထိ ဖြစ်စေနိုင်ပါတယ်။
  • ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းတာမျိုး မဖြစ်စေဖို့ဆိုရင် အရက်ကို အချိုရည်နဲ့ ရောသောက်တာမျိုး မလုပ်ပါနဲ့။
  • အယ်လ်ကိုဟောကို အချိုကဲပြီး ဂတ်စ်ပါဝင်နေတဲ့ အချိုရည်နဲ့ တွဲသောက်တာက ကယ်လ်လိုရီနဲ့ အဆီတွေပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အဆီတက်တာ၊ အဝလွန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
  • အရက်က ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်သလို လှုပ်ရှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။
  • အရက်ကို အဝင်ကောင်းကောင်းနဲ့ အများကြီး သောက်မိတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်မှု အမှားတွေ ဖြစ်စေနိုင်ပါတယ်။
  • အရက်ကို အချိုရည်တွေနဲ့ တွဲသောက်တာက စိတ်ထဲ ပေါ့ပါးသွားတယ်လို့ ခံစားရနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ပင်ပန်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရက်ကိုအချိုရည်တွေနဲ့ ရောသောက်လိုက်တဲ့အခါ

  • စိတ်အနားမရတာ
  • ခြေကုန်လက်ပမ်းကျတာ
  • နှလုံးခုန်မြန်တာ
  • အရက်နာကျတာ
  • ရင်ဘတ်အောင့်တာ
  • နှလုံးထိခိုက်တာ
  • အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါသေးတယ်။

အရက် နဲ့ အချိုရည်တွေရောသောက်တာက အဝင်ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ အရက်ကို အချိုရည်နဲ့ရောသောက်တာက သောက်ကောင်းစေပြီး အလွန်အကျွံ သောက်မိရာကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကိုလည်း တတ်နိုင်သမျှ လျှော့သောက်ပြီး အချိုရည်နဲ့ ရောသောက်တာမျိုးလည်း လျှော့ဖို့ အကြံပြုလိုက်ပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။