လူရယ်လို့ ဖြစ်လာရင် ဖျားတာ၊နာတာ၊ ထိတာခိုက်တာကတော့ ရှိမှာပါ။ ဖျားတဲ့အခါ နေ့စဉ် လုပ်ဆောင်နေကျ အလုပ်တွေမှာ ထိခိုက်မှု ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုတွေ ဖြစ်မလာစေဖို့အတွက် ဖျားနာတာမျိုး မဖြစ်အောင် ဂရုစိုက်တဲ့ ကြားကပဲ ဖျားနာမှု ဖြစ်လာခဲ့ရင် အဖျား မြန်မြန်ပျောက်ချင်ကြမယ် ထင်ပါတယ်။ ဒီလိုမျိုး ဖျားနာမှုတွေ ဖြစ်လာတဲ့ အခါ အဖျားမြန်မြန်သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။
အဖျားမြန်မြန်သက်သာအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေက
ဖျားနာမှုတွေ ဖြစ်တိုင်း ဆေးခန်းသွားဖို့ မလိုအပ်ပါဘူး။ နေအိမ်မှာပဲ အဖျား ကျသွားအောင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။
(၁) ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ – ဖျားနေတဲ့အခါ ရေမချိုးရဘူးလို့ ယူဆနေကြတာ များပါတယ်။ ဒီအယူအဆက အပြည့်အဝတော့ မမှန်ပါဘူး။ ဖျားတဲ့အခါ ကိုယ်အပူချိန် ကျသွားစေဖို့အတွက် ရေနွေးနွေးလေးနဲ့ စိမ်ပြီး ချိုးပေးပါ။ရေအပူချိန် ကျဆင်းမှုနဲ့အတူ ကိုယ်အပူချိန်ကလည်း ဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မယ်။
(၂) တဘက်ကို ရေစွတ်ပြီး ကပ်ပေးလို့ရပါတယ် – တဘက်စ အရွယ်တော်လေး ၂ ခုကို ယူပြီး ရေအေးအေး ဒါမှမဟုတ်ရေခဲတုံး ထည့်ထားတဲ့ ရေထဲကို စိမ်လိုက်ပါ။ပြီးရင် တဘက်စကို ရေညှစ်ချပြီး နဖူးပေါ် နဲ့ လက်ကောက်ဝတ်၊ ခြေချင်းဝတ် နဲ့ ဂုတ်ပေါ်တွေမှာ ကပ်ပေးပါ။ အအေး လျော့သွားတိုင်း လဲကပ်ပေးပါ။ အရမ်း မအေးအောင်တော့ သတိထား လုပ်ဆောင်ပေးပါ။
(၃) ရေများများသောက်ပါ – ရေများများသောက်တာက ခန္ဓါကိုယ်ကို ရေဓါတ် ဖြည့်တင်းပေးရာ ရောက်သလို အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။ အဖျား တက်နေချိန်မှာရေများများသောက်ပေးမယ် ဆိုရင် အဖျား မြန်မြန်ကျစေမှာပါ။ အချိုရည်တွေကိုတော့ မသောက်မိအောင် သတိထားပါ။ အချိုရည်တွေက အဖျားကျအောင် မလုပ်ဆောင်ပေးနိုင်ပါဘူး။
(၄) စွပ်ပြုတ် ခပ်နွေးနွေးလေး သောက်ပေးပါ -နေမကောင်းတဲ့အခါ အားပြည့်ပြီး မြန်မြန်ကျန်းမာလာစေဖို့အတွက် ကြက်စွပ်ပြုတ် ခပ်နွေးနွေးလေး သောက်ပေးလို့ ရပါတယ်။ ကြက်စွပ်ပြုတ်က ကျန်းမာရေးကို အထောက်အကူပြုပေးပြီး ခန္ဓါကိုယ်ကို ရေဓါတ် ပြည့်ဝစေနိုင်ပါတယ်။ ပရိုတင်းဓါတ်ကို ရရှိစေတာကြောင့် ခန္ဓါကိုယ်ကို အားရှိစေမှာလည်း ဖြစ်ပါတယ်။
(၅) ဆေးသောက်ပါ -နေမကောင်းဖြစ်တဲ့အခါ ဆေးရဲ့ အကူအညီကို ယူဖို့ကလည်း မေ့ထားလို့မရတဲ့ ကိစ္စတစ်ရပ်ပါ။ ကိုယ်ခံအား ပြန်လည်ကောင်းမွန်စေလာဖို့ဆေးဝါးတွေက အထောက်အကူပြုပေးနိုင်ပါတယ်။ အဖျား ဝင်နေလို့ ပူလောင်နေတာတွေနဲ့ ကိုက်ခဲနာကျင်မှုတွေကို သက်သာစေအောင်အတွက် သောက်လို့ရတဲ့ ဆေးတစ်မျိုးမျိုးကို ကိုသောက်နိုင်ပါတယ်။ ဒီဆေးတွေက အအေးမိ၊ဖျားနာ၊ချောင်းဆိုး၊နှာစေးဝေဒနာတွေကိုပါလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။
(၆) အနားယူပေးပါ – တစ်ခါတလေမှာ ဖျားနာရတဲ့ အကြောင်းအရင်းက ခန္ဓါကိုယ်က အနားမရတာကြောင့် ကိုယ်ခံအား နည်းသွားတဲ့အခါမျိုးမှာဖြစ်တတ်တာပါ။ အိပ်ရေးပျက်တာများလာတဲ့အခါ၊ အလုပ်တွေကို မနားမနေတရစပ်လုပ်နေတဲ့အခါ ခန္ဓါကိုယ်ကလုံလောက်တဲ့ အနားယူမှုကိုမရရှိတဲ့အနေအထားဖြစ်သွားပြီး အလွယ်တကူဖျားနာနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာတော့ပြည့်ပြည့်ဝဝအနားယူလိုက်ခြင်းက ကိုယ်ခံအားကိုပြန်လည်ကောင်းမွန်စေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါ။
(၇) အစားအစာခပ်ပျော့ပျော့လေးတွေ စားသုံးပေးပါ – ဖျားနေတဲ့အခါ အစားမစားချင်ကြတာများပါတယ်။ ဒါပေမယ့်မစားဘဲတော့ မနေသင့်ပါဘူး။ဖျားနေတဲ့အခါ အစာမာမာတွေစားသုံးမယ်ဆိုရင် အစာခြေစနစ်က အစာတွေကိုချေဖျက်နိုင်ဖို့အတွက အခက်ကြုံနိုင်ပါတယ်။ ဒါကြောင့်သေသေချာချာ နူးနေအောင်ချက်ထားတဲ့ အစားအစာတွေ၊ ကြိတ်ခြေထားတဲ့အစားအစာတွေနဲ့ အစာကြေလွယ်မယ့်အစားအစာတွေကိုပဲရွေးချယ်စားသုံးပေးသင့်ပါတယ်။
[embed-health-tool-bmi]