အိမ်ဆောက်ပြီးလို့ အိမ်သာ ရွေးရင်ပဲ ဖြစ်ဖြစ်၊ အပြင်သွားလို့ အိမ်သာသွားချင်ရင်ပဲ ဖြစ်ဖြစ် ဘိုထိုင်လား မြန်မာထိုင်လားဆိုလား ကြည့်ရပါတယ်။ တချို့ကလည်း ဘိုထိုင်အိမ်သာက သက်သောင့်သက်သာသွားရတယ်။ မြန်မာထိုင်က ညောင်းတယ်ပေါ့။ တချို့ကျလည်း သူများထိုင်ပြီးသားကြီး မထိုင်ချင်ပါဘူး။ မြန်မာထိုင်ဆို ဘာနဲ့မှထိစရာ မလိုပါဘူး စသဖြင့်ပေါ့။ ဒီအိမ်သာနှစ်မျိုးလုံးမှာကတော့ သူ့ဟာနဲ့သူ ကောင်းကျိုး ဆိုးကျိုးလေးတွေ ရှိပါတယ်။
- လူတကာထိုင်ပြီး အညစ်အကြေးစွန့်တာ ဖြစ်တဲ့အတွက် သန့်ရှင်းမှု အားနည်းတတ်ပါတယ်။ အထူးသဖြင့် အများသုံးအိမ်သာတွေမှာပါ။ အိမ်သာအဖုံးမှာ ဆီးစက်လေးတွေ၊ ရေစက်လေးတွေ တင်ကျန်နေတာ တွေ့ရတတ်ပါတယ်။
- ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် အပြင်သွားလို့ အိမ်သာတက်ရင် မထိအောင် ခွာပြီး ထိုင်ကြတယ်ဟုတ်။
- ဝမ်းသွားရခက်ပါတယ်။ ဘိုထိုင်အိမ်သာမှာ ထိုင်တဲ့ပုံစံက အူမကြီးနဲ့ မစင်အိမ်ကို ခေါက်နေစေပါတယ်။ ဒါကြောင့် ဝမ်းက အလွယ်တကူနဲ့ ထွက်မလာဘဲ ဝမ်းညှစ်ရတတ်ပါတယ်။
- ကြာကြာထိုင်မိတတ်ပါတယ်။ ဘိုထိုင်အိမ်သာက သက်သောင့်သက်သာရှိတဲ့အတွက် ဖုန်း၊ သတင်းစာ စတာတွေကို ယူသွားပြီး အိမ်သာထဲမှာ အချိန်ဖြုန်းမိတတ်ပါတယ်။ ဒါကြောင့် အိမ်သာတက်ချိန်လည်း ကြာ၊ ဝမ်းကလည်း ပိုညှစ်ရတဲ့အတွက် လိပ်ခေါင်း ဖြစ်တတ်ပါတယ်။
မြန်မာထိုင် အိမ်သာ
အလွယ်ပြောရရင် ဆောင့်ကြောင့်ထိုင်ရတဲ့ အိမ်သာ တွေပါ။ အာရှဘက်မှာ အသုံးများတဲ့ အိမ်သာတွေပါ။ ခုမှသာ ဘိုထိုင်အိမ်သာတွေက ခေတ်စားလာတာ အရင်က မြန်မာနိုင်ငံမှာ ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာတွေပဲ အသုံးများပါတယ်။
လူကြီးများအတွက် အိမ်သာရွေးချယ်နည်း
အသက်ကြီးတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် အိမ်သာရွေးချယ်ရတာက အနည်းငယ် ခက်နိုင်ပါတယ်။ လူကြီးတွေက ဝရင်ဝ၊ မဝရင်လည်း ဒူးတွေ မကောင်းကြတော့ပါဘူး။ ဒါ့ပြင် အသက်ကြီးလာတာနဲ့အမျှ အူလှုပ်ရှားမှု နည်းလာတာ၊ သွားမကောင်းလို့ အသီးအရွက်တွေ မဝါးနိုင်တော့တာ စတာတွေကြောင့် ဝမ်းလည်း ချုပ်လာကြပါတယ်။
ဒီတော့ အိမ်သာရွေးရတာ အခက်အခဲရှိနိုင်ပါတယ်။ အထိုင်အထမကောင်းလို့ ဘိုထိုင်အိမ်သာရွေးမလား။ ဝမ်းချုပ်လွယ်လို့ မြန်မာထိုင်အိမ်သာရွေးမလားဆိုတာ စဉ်းစားစရာဖြစ်နိုင်ပါတယ်။
အကြံပေးရရင် ဘိုထိုင် အိမ်သာ ကို မြန်မာထိုင်ဖြစ်အောင် ပြင်လိုက်ပါ။ ဆိုလိုတာက ဘိုထိုင်အိမ်သာနဲ့ ထိုင်တဲ့အခါ အောက်ကနေ ခွေးခြေလေး ခုထားပါ။ ဒီလိုဆို ထိုင်လိုက်တဲ့အခါ ကိုယ်က ရှေ့ကို အနည်းငယ်ကိုင်းသွားပြီး မြန်မာထိုင်အိမ်သာလိုမျိုး ဖြစ်သွားမှာပါ။
သတိထားရမှာက ထိုင်ပြီးမှ ခွေးခြေပေါ် ခြေထောက်တင်ပါ။ ခွေးခြေပေါ်တက်ပြီးမှ အိမ်သာပေါ် မထိုင်ပါနဲ့။ ချော်လဲတတ်ပါတယ်။ ဒီလိုဆို လူကြီးတွေ အိမ်သာတက်ရ ပိုအဆင်ပြေသွားပါလိမ့်မယ်။