backup og meta

နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

    တစ်နေ့ထက် တစ်နေ့ အပူချိန်က မြင့်တက်လာနေပြီး မကြာခင်မှာ နွေရက်တွေကို ဖြတ်သန်းရတော့မှာပါ။ ဒီလို နွေပူပူမှာ ရေဓာတ် ဆုံးရှုံးတာ အပါအဝင် အပူရှိန်ကြောင့် အပူလျှပ်တာနဲ့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ခံစားလာရကြပါတယ်။ ဒီလု အပူချိန် ပြင်းချိန်မှာ ပုံမှန်အတိုင်းတောင် ကျန်းမာအောင် အတော်လေး ဂရုစိုက်နေရချိန်မှာ ဘီယာကစ်မယ်။ တစ်ခွက်တစ်ဖလားဆိုပြီး အပီကစ်မယ်လို့ တွေးနေတဲ့ ဘော်ဒါတွေ ရှိကြလား …..

    ဒါဆိုရင်တော့ နွေပူပူမှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အပီမကစ်ခင် ဒီစာလေးကို အရင် ဖတ်ကြည့်လိုက်နော်။

    နွေရာသီက သောက်လို့ ကောင်းတဲ့ ရာသီ တစ်ခုလား

    နွေရာသီက အားလပ်ရက်ရှည် ရှိတာကြောင့် ခရီးသွားတာ၊ သူငယ်ချင်းတွေနဲ့ အတူတွေ့ဆုံ စားသောက်တာတွေ ပုံမှန်ထက် ပိုလုပ်ဖြစ်ကြပါတယ်။ ဒီလို တွေ့ဆုံမှုတွေမှာ ဘီယာအပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာလေးတွေကလည်း မပါမဖြစ် ပါတတ်ကြပါတယ်။ တကယ်ကတော့ ပျော်ချင်လို့ သောက်တာ ဆိုပေမယ့် နွေရာသီရဲ့ အားလပ်ရက် ပျော်စရာကောင်းတဲ့ အပန်းဖြေ အစီအစဉ်တွေထဲမှာ အရက်သေစာ သောက်စားတာကို တွဲထည့်လိုက်ခြင်းက မှားယွင်းတဲ့ အတွဲအစပ်ပါ။

    နွေအပူချိန် မြင့်နေချိန်မှာ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ပျော်စရာကောင်းတဲ့ အားလပ်ချိန်တွေကို အကျည်းတန်သွားစေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

    နွေပူပူမှာ သောက်ကြမယ့် ဘော်ဒါတွေ ဖတ်ရန်

    နွေပူပူမှာ ဘီယာ အေးအေးလေး အယ်လ်ကိုဟောကို ရေခဲတုံးလေးတွေနဲ့ မသောက်ခင် ဒါလေးအရင်ဖတ်ကြည့်ပါ။

    ရေဓာတ် ဆုံးရှုံးစေတယ်

    နွေရာသီမှာ အပူချိန် မြင့်ပြီး ချွေးထွက်များတာကြောင့် ပုံမှန်ထက်ပိုပြီး ရေဓာတ် ဆုံးရှုံးနိုင်ပါတယ်။ ဒီအခြေအနေမှာ ဘီယာအေးအေးလေး သောက်ရင် ရေငတ်ပြေတယ်လို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ ဘီယာ အေးအေးနဲ့ အယ်လ်ကိုဟော အေးအေးတွေက ဆီးသွားများစေတာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ပိုဆိုးစေနိုင်ပါတယ်။

    အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အများကြီး သောက်တာက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်သလို အစာအိမ်နာတာ၊ အော့အန်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    ဒီလို ကျန်းမာရေး ပြဿနာတွေကြောင့် ရေဓာတ်ဆုံးရှုံးတဲ့အခါ အချိန်မီ ဖြည့်တင်းနိုင်ဖို့ လိုပါမယ်။ မဟုတ်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

    အပူလျှပ်စေနိုင်တယ်

    နွေအပူကြောင့် ရေဓာတ်ဆုံးရှုံးတာရယ်၊ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှု ခံနေရချိန် အပူထဲမှာ ကြာကြာရှည်ရှည် နေမိမယ်ဆိုရင် အပူလျှပ်တာကို ခံစားရစေနိုင်ပါတယ်။ အပူလျှပ်တာက ခန္ဓာကိုယ်အပူချိန်ကို ကောင်းစွာ မထိန်းချုပ်နိုင်ချိန်မှာ ခံစားရတာ ဖြစ်ပါတယ်။

    ဘီယာ နဲ့ အယ်လ်ကိုဟောပါတဲ့  သောက်စရာတွေကို သောက်သုံးမှုကြောင့် ရေဓာတ် ဆုံးရှုံးတဲ့အခါ ချွေးလုံးဝ မထွက်နိုင်ဘဲ အပူလျှပ်တာကို ခံစားရနိုင်ပါတယ်။ အပူလျှပ်တဲ့အခါ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ အာရုံ မစူးစိုက်နိုင်တာ၊ အာရုံရှုပ်ထွေးတာ၊ တက်တာတွေ အပါအဝင် အခြားပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ ဒီလို အခြေအနေမှာ ခန္ဓာကိုယ် အပူချိန်ကို လျှော့ကျအောင် လုပ်ဆောင်တာ ရေများများ သောက်တာတွေ လုပ်ပေးဖို့ လိုပါမယ်။

    အာဟာရ မပြည့်တာမျိုး ဖြစ်စေမယ်

    အရက် နဲ့ ဘီယာ သောက်နေချိန်မှာ အစား စားဖို့မေ့လျှော့နေတာမျိုး ရှိနိုင်သလို ဘီယာတွေ သောက်ပြီး ဗိုက်ပြည့်နေတာကြောင့် အစားမစားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နေ့စဉ်ရက်ဆက် အားလပ်ရက်ထဲမှာ သောက်ပြီး အစားကို လုံလောက်အောင် မစားမိတာက ရေရှည်မှာ အာဟာရ မပြည့်တာကို ခံစားရနိုင်ပါတယ်။

    ရောဂါအခံတွေ ပိုဆိုးစေမယ်

    နွေရာသီမှာ သာမန်လူတောင် ရေဓာတ်ပြည့်မှ ကျန်းမာတာပါ။ ရောဂါ အခံရှိနေမယ်ဆိုရင်တော့ လုံးဝ အတိမ်းအစောင်း ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ သွေးတိုး ဆီးချိုတွေ ရှိပါရက်နဲ့ နွေရာသီ အားလပ်ရက်မှာ ဘော်ဒါတွေ ဆုံလို့ ပျော်ပြီး အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အလွန်အကျွံ သောက်မယ်ဆိုရင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ဒါတွေအပြင် နွေရာသီ အားလပ်ရက်မှာ အရက်အလွန်အကျွံ သောက်မိတာကြောင့် ယာဉ်မတော်တဆ ဖြစ်တာ၊ ရေနစ်တာ၊ ခိုက်ရန် ဖြစ်ပွားတာတွေကြောင့် ထိခိုက်ပျက်စီးတာတွေလည်း ရှိပါတယ်။

    ဒီတော့ နွေရာသီ အားလပ်ရက်မှာ သောက်ချင်တယ်ဆိုရင် အလွန်အကျွံ မလုပ်ဘဲ ဆေးဖြစ်ဝါးဖြစ် နည်းနည်းလောက်ပဲ သောက်ဖို့ အကြံပြုလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement