brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား!

ဖျားနေချိန်မှာ အချဉ် မစားရဘူး။ အဖျား တာရှည်တတ်တယ် ဆိုတာကို ကြားဖူးကြမှာပါ။ တကယ်ပဲ ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတာကို သိချင်နေပြီလား …… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရ အောင်နော်။ 

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား!

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား!

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတော့ ကိုယ်က ဘယ်လိုအချဉ်တွေကို စားလဲပေါ်တော့ မူတည်တာပေါ့။ ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်တဲ့ အသီးအနှံတွေဆိုရင်တော့ ကိုယ်ခံအားကို အထောက်အကူ ပြုလို့ စားပေးလို့ ရပါတယ်။ ချဉ်ရင်ပြီးရော ဘာပဲဖြစ်ဖြစ် စားလိုက်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။

နောက်တစ်ခုက ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ချဉ်လေးတွေ စားမယ်ဆိုရင်တောင် အလွန်အကျွံ စားတာမျိုးတော့ မလုပ်သင့်ပါဘူး။

အလွန်အကျွံစားတဲ့အခါကျတော့ ရင်ပူတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပါတယ်။ ချဉ်တာတွေပဲ စားပြီး တခြား‌အာဟာရတွေ မစားရင်လည်း နာလန်ထဖို့ ကြာနိုင်ပါတယ်။

ဒီတော့ ဖျားနေချိန် အချဉ်စားလို့ရလားဆိုတော့ ဗီတာမင်စီ ကြွယ်ဝတဲ့ အချဉ်တွေဆိုရင်တော့ ရပါတယ်။ ဒါတောင်မှ အလွန်အကျွံမစားဘဲ သင့်တင့်တဲ့ ပမာဏပဲ စားဖို့ လိုပါတယ်။

ဖျားနေချိန်မှာ ဘာများစားရမလဲ! 

ဖျားနေချိန်မှာ ခန္ဓာကိုယ်က အင်အားနည်းနေပြီး ကိုယ်လက်တွေ ကိုက်ခဲတာ၊ နာကျင်တာတွေကို ခံစားရတာ နဲ့အတူ နှာစေးတာ၊ လည်ချောင်းနာတာ နဲ့ ချမ်းတုန်တာကိုပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် မြန်မြန် နေကောင်း လာဖို့အတွက် ဖျားနာနေချိန်မှာ ဗီတာမင်စီ ကြွယ်ဝတဲ့ ခပ်ချဉ်ချဉ် အသီးအနှံတွေအပြင် အာဟာရ ပြည့်ဝမှန်ကန်အောင် စားသောက်ဖို့ လိုပါမယ်။ ဘာတွေများ စားရမလဲဆိုတော့ –

ကြက်စွပ်ပြုတ်

ဖျားနေချိန်မှာ ကိုယ်ခံအား ပြည့်စေပြီး အစာကြေလွယ်စေမယ့် ကြက်စွပ်ပြုတ်လေးကို သောက်ပေးတာက ကိုယ်ခံအား ကောင်းစေသလို အဖျားကိုလည်း တာတိုစေမှာပါ။ 

ကြက်စွပ်ပြုတ်အပြင် မြူစွမ်ပြုတ်၊ ဂျုံခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ် စတာတွေကို ပြုတ်ပြီး စားပေးလို့ ရပါတယ်။ 

လတ်ဆတ်တဲ့ အသီးအရွက်တွေနဲ့ သစ်သီးတွေ

ဖျားနာနေချိန်မှာ လတ်ဆတ်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးတာက ကိုယ်ခံအားကောင်းစေပြီး အဖျားသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေထိုင်မကောင်းချိန်မှာ အမြန်ဆုံး အားပြည့်လာစေ ဖို့အတွက် အဖျားသက်သာချိန်မှာ ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေအစား လတ်ဆတ်တဲ့ အသီးအရွက်တွေကို စားပေးပါ။ နူးအိနေအောင် ချက်စားဖို့တော့ မမေ့ပါနဲ့။

ကဖင်း မပါတဲ့ ပူပူနွေးနွေးသောက်စရာတွေ

ဖျားနေချိန်မှာ ကဖင်း မပါတဲ့ ပူပူနွေးနွေး သောက်စရာလေးတွေက အဖျားကြောင့် လည်ချောင်းနာတာ၊ ချောင်းဆိုးတာတွေကို သက်သာစေဖို့ ထောက်ကူပေးသလို အဖျားသက်သာစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် အဖျားသက်သာချင်တယ်ဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်းလေးကို သောက်ပေးပါ။ လက်ဖက်ခြောက်တော့ မထည့်ပါနဲ့။ 

ကဖင်းပါတဲ့ သောက်စရာတွေကို ခန္ဓာကိုယ်က ရေဓာတ်ကို ဆုံးရှုံးစေသလို အာဟာရ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 

ရေများများ သောက်ပါ

ဖျားနေချိန်မှာ ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေကို လုံလောက်အောင် သောက်ပေးပါ။ ရေလုံလောက်အောင် သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ဖျားနေချိန်မှာလည်း အဖျား သက်သာစေဖို့ ထောက်ကူပေး နိုင်မှာပါ။ 

ဖျားနေချိန်မှာ အာဟာရ ပြည့်ဝအောင် စားပြီး အချဉ်၊ အစပ်၊ ကဖင်း စတာတွေကို ရှောင်ဖို့တော့ လိုပါမယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/05/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။