ဒါပေမယ့် ဦးနှောက်ရဲ့ အရွယ်အစားဆိုတာက ခန္ဓာကိုယ်အရွယ်အစားနဲ့ အချိုးကျတာဆိုတော့ ဒီအချက်က သေချာပေါက် မှန်ကန်တယ်လို့ တစ်ထစ်ချကြီးပြောလို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ ဝေလငါး၊ လင်းပိုင် နဲ့ ဆင်တို့ရဲ့ ဦးနှောက်တွေက လူသားတွေထက် အများကြီး ပိုကြီးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သိမြင်တတ်ကျွမ်းမှုစွမ်းရည် (Cognitive Ability) ကတော့ ကျွန်တော်တို့ လူသားတွေထက် အများကြီးပိုနည်းတယ်လေ။
မိန်းကလေးတွေက ပိုဉာဏ်ကောင်းသလား
မိန်းမတွေရဲ့ ဦးနှောက်ဟာ အနည်းငယ် ပိုဆန်းကျယ်ပါတယ်။ တစ်ပြိုင်နက်တည်း သုံး၊ လေးမျိုးလုပ်နိုင်ကြောင်းကို သိပ္ပံနည်းကျလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ စမတ်ဖုန်းတွေမှာ Multi-tasking နည်းပညာမပေါ်ခင်ကတည်းက မိန်းကလေးတွေရဲ့ ဦးနှောက်ထဲမှာ Multi-tasking နည်းပညာရှိနေတဲ့ သဘောပါ။
အကြောင်းကတော့ မိန်းကလေးတွေရဲ့ ဦးနှောက်အပြင်လွှာ (Cortical Surface) က ယောကျ်ားလေးတွေထက် ပိုထူလို့ပါ။ ဦးနှောက်မှာက ဘယ်ခြမ်းနဲ့ညာခြမ်းဆိုပြီးတော့ ခွဲထားလိုက်ရင် ယောကျ်ားလေးတွေက တစ်ခြမ်းထဲမှာပဲ ချိတ်ဆက်လုပ်ကိုင်မှုအများအပြားလုပ်ဆောင်နိုင်ပေမယ့် မိန်းကလေးတွေရဲ့ ဦးနှောက်ကတော့ ဘယ်၊ ညာချိတ်ဆက်လုပ်ကိုင်နိုင်ပါတယ်။
အဖြေရှိရဲ့လား
ယောကျ်ားနဲ့ မိန်းမဟာ ပုံမှန်ဉာဏ်ရည်ဉာဏ်သွေး (General Intelligence) မှာ ကွာခြားမှုမရှိပေမယ့် မိန်းကလေးတွေက အပြော၊ အရေး (Verbal Ability) စွမ်းရည်မှာ ပိုသာပြီးတော့ အမြင်နဲ့ပုံဖော်မှုစွမ်းရည် (Visual Spatial Ability) မှာလည်း ပိုမိုကောင်းမွန်ပါတယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုက ယောကျ်ားလေးတွေဟာ ဉာဏ်စမ်းလို ပုစ္ဆာတွေဖြေဆိုတဲ့နေရာမျိုးတွေမှာ ရလဒ်တွေ မတည်ငြိမ်တတ်ပဲ၊ ကောင်းရင် အရမ်းကောင်း မကောင်းရင်လည်း ဆိုးဆိုးဝါးဝါးတွေဖြစ်နေတတ်ပါတယ်။
ကျောင်းစာသင်ယူမှုဖက်ကို လေ့လာမယ်ဆိုရင်လည်း မိန်းကလေးတွေက ဘာသာစကား၊ သင်္ချာနဲ့ သိပ္ပံတွေမှာ ယောကျာ်းလေးတွေထက် ရမှတ် ၇၀% လောက်အထိ ပိုများတတ်တာကို တွေ့ရပါတယ်။ ခြွင်းချက်အနေနဲ့ အမေရိကန်နိုင်ငံက SAT Test လို စာမေးပွဲမျိုးတွေမှာတော့ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် ပျမ်းမျှအားဖြင့် အမှတ်ပိုများတတ်ပါတယ်။
တစ်ကမ္ဘာလုံးက ကျောင်းသားတွေကို ခြုံပြီးကြည့်မယ်ဆိုရင်လည်း ယောကျ်ားနဲ့ မိန်းမကြားမှာ မှတ်ဉာဏ်ကွာဟချက် သိသိသာသာ ကွာဟမှုမရှိပါဘူး။ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ပညာသင်ကြားရေးစနစ်တွေကြောင့် မိန်းကလေးတွေက ပိုတော်နေတဲ့ အိုက်စလန် (Iceland) လိုနိုင်ငံမျိုးကတော့ ခြွင်းချက်ပါ။
ခြုံပြီးပြောရရင် ယောကျာ်းတွေက မိန်းမတွေကို ပိုတော်တယ်၊ ဉာဏ်ပိုကောင်းတယ်လို့ပြောနေကြပေမယ့် တကယ်တော့ သိသိသာသာကွာခြားမှုမရှိပါဘူး။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်သာ မိန်းကလေးတွေက သူတို့ဟာ ယောကျ်ားလေးတွေလောက် မတော်ဘူးလို့ထင်သွားတာပါ။ ဒါကို စိတ်ပညာအရ Stereotype Threat လို့ခေါ်ပါတယ်။ ခေတ်ကလည်း ယောင်္ကျားတွေ ကြီးစိုးတဲ့ ကာလကိုး။
လက်ရှိ သမိုင်းကြောင်းတစ်လျှောက် သိပ္ပံနဲ့ နည်းပညာ၊ စာပေနဲ့ ဂီတ၊ နိုင်ငံရေးအကုန်လုံးလိုလိုမှာ ယောကျ်ားတွေ ဦးဆောင်နေကြပါတယ်။ ဒါတွေဟာ မိန်းကလေးတွေကို အခွင့်အရေးမပေးခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ဉာဏ်ရည်ဆိုတာက ပတ်ဝန်းကျင်နဲ့ လေ့ကျင့်သင်ကြားမှုကြောင့်သာ ကွာခြားသွားတတ်ကြတာပါ။ ယောကျ်ား၊ မိန်းမ လိင်ပေါ်မူတည်ပြီး ကွာခြားမှုမရှိပါဘူး။ ယောင်္ကျားဖြစ်လို့ မိန်းမဖြစ်လို့ ဉာဏ်ပိုကောင်းတယ်၊ ပိုညံ့တယ်ဆိုတာမျိုး မရှိတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။