backup og meta

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ

    လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။

    ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ ခေါ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့တာကြောင့် ဆေးပညာအရ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

    ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူစေနိုင်ပါတယ်။နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်းတို့ ပါဝင်ပါတယ်။

    လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ (ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓာတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ ဒါ့ကြောင့်ပဲ ဖြူလွလွ ဆံနွယ်တွေဖြစ်လာရတာပေါ့။

    ဒီတော့ ဒီလို ပုံမှန်မဟုတ်ဘဲ ဖြူလာရတဲ့အကြောင်းရင်းတွေကို သိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကို လုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေပြီဆိုရင် ကိုယ့်မှာရှိနေနိုင်လောက်တဲ့ အောက်ပါအချက်တွေကို သတိထားပါ။

    သိုင်းရွိုက်ရောဂါ

    ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကိုဖြစ်လာစေနိုင်ပါတယ်။

    ဗီတာမင် B12 ချို့တဲ့ခြင်း

    B12 ဓာတ်ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူနိုင်ပါတယ်။ ဗီတာမင်B12၊ ဇင့်နဲ့ ကော့ပါးတို့က ဆံသားအားဖြည့်ပေးတဲ့ ဓာတ်တွေဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။

    မျိုးဗီဇ

    မိဘတွေမှာ ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။

    ဗီတာမင် C နဲ့ E

    ခန္ဓာကိုယ်မှာ ဗီတာမင်Cနဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင် melanin ထုတ်ပေးတဲ့ ဆဲလ်တွေရဲ့ ပမာဏကို လျော့နည်းစေပြီး ဆံပင်ဖြူလာစေပါတယ်။

    ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ခန္ဓာကိုယ်ထဲမှာ free radicals ဓာတ်တွေထွက်ရှိစေပြီး melanin ကို လျော့နည်းစေပါတယ်။

    အသင့်အလွယ်စားအစားအစာ

    အသင့်အလွယ်စားအစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာတွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့များပါတယ်။

    စိတ်ဖိစီးမှု

    စိတ်ဖိစီးမှုက လူကို ထိခိုက်မှုများစွာ ဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်းတို့က melanin ဆဲလ်တွေကို ပမာဏလျော့စေပြီး ငယ်ငယ်နဲ့ ဆံပင်ဖြူလာစေပါတယ်။

    အာဟာရမစုံလင်တဲ့ စားသောက်ပုံအလေ့အထ

    ဘာလို့ ဆံပင်ဖြူတွေတွေ့နေရလဲ။ အာဟာရမညီမျှတဲ့ စားသောက်ပုံအလေ့အထရှိရင် ချို့တဲ့နေတဲ့အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်အလုံအလောက်မရနိုင်တဲ့အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။

    ဆံပင်အခြောက်ခံစက်နဲ့ ဖြောင့်စက်တွေအသုံးများခြင်း

    ဒီလို အသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေ ထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။

    ဦးရေပြား မသန့်ရှင်းခြင်း

    တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းကြောင့်ဖြစ်လာတဲ့ ဦးရေပြားမသန့်ရှင်းမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်ကဖြူလာမှာပဲဖြစ်ပါတယ်။

    ဆံပင်ဆိုးဆေး

    မကြာခဏဆံပင်ဆိုးရင် ဆံသားပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် melanin ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.

    စောစီးစွာ သွေးဆုံးခြင်း

    အရွယ်မတိုင်မီသွေးဆုံးခြင်း လက္ခဏာခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူလာစေနိုင်ပါတယ်။

    ဖောလစ်အက်စစ်ချို့တဲ့ခြင်း

    ဖောလစ်အက်စစ်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အတော်များများအတွက် မရှိမဖြစ်ဓာတ်တစ်မျိုးဖြစ်ပြီး သူချို့တဲ့ပြီဆိုရင် ဆံပင်သန်စွမ်းမှုကို နှေးကွေးစေနိုင်ရုံမက ဆံပင်ပါဖြူစေပါတယ်။

    ငယ်ငယ်လေးနဲ့ ဆံပင်ဖြူလာမှာကို ဘယ်လိုကာကွယ်မလဲ

    ၁) စိတ်ဖိစီးမှုကိုလျော့ပါ

    ၂) အစားအသောက်ရွေးချယ်မှု မှန်ကန်ပါစေ

    ၃) ဆေးလိပ်ဖြတ်ပါ

    ၄) သိုင်းရွိုက်အခြေအနေကို ဆန်းစစ်ပါ

    ၅) ခေါင်းလျှော်ရည်အပြင်းစားတွေမသုံးပါနဲ့

    ၆) ဆံပင်ကို ဆီလိမ်းပါ။

    ၇) ရေမွှေးပါတဲ့ခေါင်းလိမ်းဆီတွေကိုရှောင်ပါ။

    ဘာတွေစားသင့်သလဲ

    • လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များ
    • ချောကလက်
    • ဘယ်ရီသီးများ
    • ဆော်လမွန်ငါး
    • ဗာဒံစေ့

    ဗာဒံစေ့အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ချောကလက်၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို ဖျော်သောက်ပေးရင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement