backup og meta

ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    ခန္ဓာကိုယ် ကျန်းမာဖို့အတွက်က အာဟာရတွေ ညီညွတ်မျှတဖို့ လိုပါမယ်။ အာဟာရတွေကို ပြည့်ဝလုံလောက်စွာ ရရှိမှလည်း စိတ်ရောကိုယ်ပါ ကျန်းမာပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အာဟာရမျှတမှုဆိုတဲ့နေရာမှာ ဓာတ်ဆားမျှတမှု ရှိဖို့လည်း လိုပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ နဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ဓာတ်ဆားဓာတ် [Electrolytes ] အကြောင်း

    Electrolytes ဆိုတာက ခန္ဓာကိုယ်ရဲ့ အရည်တွေထဲမှာ သဘာဝအတိုင်း တွေ့ရတဲ့ chemicals တွေပါ။ ဒီ Electrolytes တွေထဲမှာ ကလိုရိုက်၊ ဖော့စဖိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လည်ပတ်ဆောင်ရွက်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ကျောက်ကပ်တွေက ခန္ဓာကိုယ်တွင်းက ပိုလျှံနေတဲ့ ဆားဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပြီး ကိုယ်တွင်းမှာ Electrolytes ပမာဏ မျှတစေဖို့ လုပ်ဆောင်ပေးပါတယ်။ကိုယ်တွင်းမှာ Electrolytes ပမာဏ အရမ်း နည်းလွန်းရင်ဖြစ်ဖြစ် များလွန်းရင်ဖြစ်ဖြစ် ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ် မမျှတမှု ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ဓာတ်ဆားဓာတ်မျှတဖို့က အတော်လေး အရေးကြီးပါတယ်။

    Electrolytes တွေက အရေးကြီးတယ်လို့ ပြောရတဲ့ အကြောင်းအရင်း

    Electrolytes တွေက အရေးပါပါတယ်။ အကြောင်းကတော့

    • ခန္ဓာကိုယ်တွင်းက အရည်ပမာဏကို ထိန်းညှိပေးသလို သွေးရည်ကြည်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်
    • သွေးတွင်း pH ပမာဏကို ထိန်းညှိပေးပါတယ်
    • နှလုံးခုန်နှုန်း အပါအဝင် ကြွက်သားကျုံ့ဆန့်တာကို ထိန်းညှိပေးတယ်
    • ကြွက်သားတွေ၊ အာရုံကြောဆဲလ်တွေ၊ နှလုံးနဲ့ အခြားသောဆဲလ်တွေကို သတင်းပေးပို့ရယူစေဖို့ ထောက်ကူပေးတယ်
    • ထိခိုက်မှုတွေကြောင့် သွေးထွက်တဲ့အခါမျိုးမှာ သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတယ်
    • တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေတယ်။

    ဓာတ်ဆားဓာတ် မမျှတတဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

    ခန္ဓာကိုယ်ထဲမှာ electrolytes ပမာဏ ရုတ်တရက် ကျဆင်းသွားရင် ဖြစ်ဖြစ်၊ အရမ်း များသွားရင် ဖြစ်ဖြစ် ဓာတ်ဆားမမျှတမှုကို ခံစားရနိုင်ပါတယ်။ သိသာတဲ့ လက္ခဏာတွေ အနေနဲ့ကတော့

    • ကြွက်တက်တာ
    • မူးဝေတာ
    • နှလုံးခုန် မမှန်တာ
    • စိတ်ရှုပ်ထွေးတာတွေကို ခံစားရနိုင်ပါတယ်။

    ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    ခန္ဓာကိုယ်တွင်းက ရေဓာတ်ပမာဏ များများကို ဆုံးရှုံးသွားချိန်မှာ ဓာတ်ဆားမမျှတမှု ခံစားရနိုင်ပါတယ်။ ဥပမာ – ချွေးတွေ အများကြီး ထွက်တာ၊ အော့အန်တာမျိုး ဖြစ်တဲ့အခါ ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ်မျှခြေ ပျက်သွားပါတယ်။ ဒါတွေအပြင် ဓာတ်ဆားမမျှတမှုကို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့

    လေ့ကျင့်ခန်း လုပ်တာကြောင့် ချွေးထွက်များတာ

    လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာကြောင့် ချွေးထွက်များတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို အချိန်မီ ဖြည့်တင်းဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ကိုယ်တွင်းက ဓာတ်ဆားဓာတ် မျှခြေပျက်သွားပြီး ကျန်းမာရေး ထိခိုက်စေမှာပါ။

    အပူလောင်တာ

    အပူလောင်တာကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင်လည်း ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားဓာတ် မမျှတတာကို ခံစားရနိုင်ပါတယ်။

    ဆေးဝါးတွေ [ဥပမာ ဝမ်းနှုတ်ဆေး၊ စတီးရွိုက်ပါတဲ့ဆေးတွေ]

    ရောဂါ တစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ဆေးဝါးတွေထဲမှာ စတီးရွိုက်ပါတာမျိုး ဖြစ်မယ်။ ဒါမှမဟုတ် ဝမ်းနှုတ်ဆေး သောက်တာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ ဓာတ်ဆားဓာတ် မမျှတတာကို ခံစားရနိုင်ပါတယ်။ တခြားဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဓာတ်ဆားမမျှတတာ ဖြစ်တတ်ပါတယ်။

    နာတာရှည် ကျောက်ကပ်ရောဂါ ရှိနေတာ

    ကျောက်ကပ်ရောဂါ ခံစားနေရတဲ့အခါ ကိုယ်တွင်းက ဆိုဒီယမ် အပါအဝင် Electrolytes တွေရဲ့ ပမာဏကို ဟန်ချက်ညီအောင် ထိန်းဖို့ ခက်သွားပါတယ်။ ဒီအခြေအနေကပဲ ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ် မမျှတတာကို ဖြစ်စေပါတယ်။

    ဓာတ်ဆားဓာတ် လုံလောက်အောင် မစားသောက်မိတာ

    ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်ဆားဓာတ်ကို အခြား အာဟာရဓာတ်တွေလိုပဲ အစားအသောက်တွေကနေတဆင့် ရယူတာပါ။ နေ့စဉ် စားသောက်မှုတွေမှာ ဓာတ်ဆားဓာတ်ကို လုံလောက်မျှတအောင် မစားသောက်မိတာကလည်း ဓာတ်ဆားဓာတ် မမျှတတာကို ခံစားရစေနိုင်ပါတယ်။

    နာတာရှည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိနေတာ

    COPD [နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါ] လိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ခံစားရသူတွေမှာလည်း ဓာတ်ဆားဓာတ် မမျှတမှု ပြဿနာကို ခံစားရနိုင်ပါတယ်။

    သွေးတွင်း pH ပမာဏက ပုံမှန် အခြေအနေထက် ပိုများနေတာ

    သွေးတွင်း pH ပမာဏက မျှတနေမှ ကျန်းမာမှာပါ။ ဒီ pH ပမာဏက ပုံမှန်ထက် ပိုများနေမယ်ဆိုရင် ဓာတ်ဆားမမျှတမှုကို ဖြစ်စေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    Addison’s disease (အက်ဒရီနယ်လင်ဂလင်းက ဟော်မုန်းတွေကို မထုတ်လုပ်တဲ့ အခြေအနေ )

    Addison’s disease ခံစားနေရတာကြောင့်လည်း ခန္ဓာကိုယ်တွင်းမှာ ဓာတ်ဆားမမျှတတာမျိုး ဖြစ်စေနိုင်ပါတယ်။

    အရက်စွဲနေတာ

    အရက်စွဲနေတာကြောင့် သွေးကြောထဲမှာ ပိုတက်ဆီယမ်ပမာဏ လွန်ကဲတာကလည်း ကိုယ်တွင်းမှာ ဓာတ်ဆား မမျှတမှုကို ဖြစ်စေနိုင်ပါတယ်။

    ဆီးချိုရောဂါ ရှိနေတာ

    ဆီးချိုရောဂါ လိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာ ခံစားနေရသူတွေမှာလည်း ကိုယ်တွင်းမှာ ဟော်မုန်းတွေ မမျှတတာကြောင့် ဓာတ်ဆားမမျှတမှုကို ခံစားရနိုင်ပါတယ်။

    ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာ

    ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ အခါ ဝမ်းခဏခဏ သွားရင်း ခန္ဓာကိုယ်ထဲက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရပါတယ်။ ဒီလို ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အချိန်မီ မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားမမျှတတာကို ခံစားရနိုင်ပါတယ်။

    အပူလျှပ်တာ

    ပြင်းထန်တဲ့ နေပူချိန်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တဲ့အခါ ချွေးထွက်များတာကြောင့် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးပြီး ဓာတ်ဆားမမျှတမှုကို ခံစားရနိုင်ပါတယ်။

    အန်တာ

    အန်တာကလည်း ကိုယ်တွင်းက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရပါတယ်။ ဒီဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်ကို အချိန်မီ မဖြည့်တင်းနိုင်တဲ့အခါ ဓာတ်ဆားမမျှတတာကို ခံစားရနိုင်ပါတယ်။

    ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဘယ်လို ဖြေရှင်းမလဲ

    ခန္ဓာကိုယ်ထဲမှာ ဓာတ်ဆားမမျှတမှုကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး သောနည်းလမ်းက ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းတာပါ။

    • ရေသောက်ပါ – ရေကို ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ခင် ၂ နာရီအလိုမှာ သောက်ပါ။ ပြီးရင်တော့ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ရေကို ပြည့်ပြည့်ဝဝသောက်ပေးပါ။ သာမန်ရေဓာတ်ဆုံးရှုံးတာအတွက် ရေသောက်ပေးတာက ဓာတ်ဆားမမျှတမှုကို ဖြေရှင်းနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းပါ။
    • ဓာတ်ဆားရည် သောက်ပေးပါ – ဓာတ်ဆားရည် သောက်တာကလည်း မှန်ကန်တဲ့ ရွေးချယ်မှုပါ။ ရေဓာတ်ရော ဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးတဲ့ အခြေအနေဆိုရင် ရိုးရိုးရေထက် ဓာတ်ဆားရည်ကို ပိုသောက်သင့်ပါတယ်။
    • အုန်းစိမ်းရည် သောက်ပေးပါ – အုန်းစိမ်းရည်က သကြားဓာတ် ပါဝင်မှု နည်းတာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်တာကို မဖြစ်စေနိုင်ပါဘူး။ သောက်ရေထက်တော့ ကယ်လ်လိုရီ ပါဝင်မှု များပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကိုတော့ ထိထိရောက်ရောက် ဖြည့်စွက်ပေးနိုင်ပါတယ်။
    • Electrolyte drinks လို့ သိကြတဲ့ ရေနဲ့ ဓာတ်ဆားဖြည့် သောက်စရာတွေ သောက်ပေးပါ – Electrolyte drinks တွေမှာ ရေနဲ့ ပိုတက်ဆီယမ် ကလိုရိုက်၊ ဆိုဒီယမ် ကလိုရိုက်နဲ့ ဂလူးကို့စ်တို့ ပါဝင်နေတာကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
    • Electrolyte ကြွယ်ဝတာတွေ စားပေးပါ – Electrolyte  ကြွယ်ဝတဲ့ အာလူး၊ ထောပတ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ဟင်းနုနွယ်တို့ကို စားပေးတာကလည်း ဓာတ်ဆားဓာတ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

    ဓာတ်ဆားမမျှတမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ

    ဓာတ်ဆားမမျှတမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ
    • လေ့ကျင့်ခန်း လုပ်တာကြောင့် ချွေးထွက်များတာ
    • ရေသောက်နည်းနေတာ
    • အပူလောင်တာ
    • ဆေးဝါးတွေ [ဝမ်းနှုတ်ဆေး၊ စတီးရွိုက်ပါတဲ့ဆေးတွေ]
    • နာတာရှည် ကျောက်ကပ်ရောဂါ ရှိနေတာ
    • ဓာတ်ဆားဓာတ် လုံလောက်အောင် မစားသောက်မိတာ
    • နာတာရှည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိနေတာ
    • သွေးတွင်း pH ပမာဏက ပုံမှန် အခြေအနေထက် ပိုများနေတာ
    • Addison’s disease (အက်ဒရီနယ်လင်ဂလင်းက ဟော်မုန်းတွေကို မထုတ်လုပ်တဲ့ အခြေအနေ )
    • အရက်စွဲနေတာ
    • ဆီးချိုရောဂါ ရှိနေတာ
    • ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာ
    • အပူလျှပ်တာ
    • အန်တာ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement