ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာ သွေးကြောလေးတွေ ရှိနေပါတယ်။ ဒီသွေးကြောလေးတွေကို ကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ခေါင်းဦးရေပြားကို နှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေနော်။
ခေါင်းဦးရေပြားကို နှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။
- သွေးတိုးကျစေနိုင်တယ်
သွေးတိုးရောဂါက ကမ္ဘာပေါ်က လူသန်းပေါင်းများစွာ ခံစားနေရတဲ့ရောဂါတစ်ခုပါ။ သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။ သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာ၊ ကျောက်ကပ်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။
- အိပ်မပျော်တာကို သက်သာစေနိုင်တယ်
အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှု ကောင်းမွန်စေပြီး ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှု ခံယူပါ။
- ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်
ခေါင်းတစ်ခြမ်းကိုက်တာနဲ့ ခေါင်းကိုက်ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်မှုက အထောက်အကူပြုပေးနိုင်ပါတယ်။ ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေထဲမှာ အများစုက စိတ်ဖိစီးတာနဲ့ နာကျင်မှုဝေဒနာခံစားနေရတာတွေကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရမယ်ဆိုရင် ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။
- ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်
ခန္ဓာကိုယ်က စွန့်ထုတ်မယ့် အညစ်အကြေးတွေကို ပြန်ရည်ကြောစနစ်ထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းက လည်ပင်းနားကိုသွေးကောင်းကောင်းစီးဆင်းအောင် လှုံ့ဆော်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒီလုပ်ငန်းစဉ်က ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။
- ဟော်မုန်းပမာဏကို ထိန်းညှိပေးတယ်
မနိုင်ဝန်တွေထမ်းတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဟော်မုန်းတွေမညီမျှမှုက အိပ်မပျော်တာ၊ ပင်ပန်းတာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီပြဿနာကို ကင်းဝေးစေဖို့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့ ဦးရေပြားကို နှိပ်နယ်ပေးမှုကို လုပ်ဆောင်ပေးသင့်ပါတယ်။ ဦးရေပြားနှိပ်နယ်ပေးမှုက စွမ်းအင်တိုးစေပြီး နာကျင်မှုကို လျော့ပါးစေနိုင်သလို ဟော်မုန်းမျှတအောင် လုပ်ဆောင်ပေးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။
- ကြွက်သားတွေနာကျင်မှုကို သက်သာစေနိုင်တယ်
ကြွက်သားတွေကို အလွန်အကျွံအသုံးပြုတာ၊ ကိုယ်နေဟန်ထား ပုံစံမမှန်တာတွေကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မိတဲ့အခါ ကြွက်သားတွေ တောင့်တင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ အလေးအပင်တွေမတာကြောင့်လည်း ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေကို အကောင်းဆုံးဖြေရှင်းဖို့က ဦးရေပြားကို နှိပ်နယ်မှုခံယူတာပါပဲ။
- အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်
ဦးရေပြားကိုနှိပ်နယ်ပေးတာက ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်တို့အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။
- ဆံပင်သန်စေနိုင်တယ်
ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်အမြစ်အိတ်တွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပြီး ဦးရေပြားက သွေးကြောလေးတွေကို ပွင့်စေနိုင်ပါတယ်။ ဒီအကျိုးဆက်ကတော့ ဆံပင်တွေကို လိုအပ်တဲ့ အာဟာရ ရစေပြီး ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းထူထဲတဲ့ ဆံသားတွေကိုပိုင်ဆိုင်နိုင်မှာပါ။
- အာရုံစိုက်နိုင်စွမ်းကောင်းစေတယ်
ဆီအသုံးပြုပြီး ဦးရေပြားကို နှိပ်နယ်ပေးတာက စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
- ခန္ဓာကိုယ်ကို အားပြည့်စေတယ်
ဦးရေပြားနှိပ်နယ်ပေးမှုက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပါတယ်။
ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အချိန်လေးပေးပြီး ဦးရေပြားကိုနှိပ်နယ်ပေးပါနော်။
[embed-health-tool-bmi]