backup og meta

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

(၁) စိတ်ဖိစီးမှု လျှော့ချပါ။

စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။

(၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။ 

အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော အာရုံစိုက်ရတာ များလာတဲ့အခါ လူက ပင်ပန်းနွမ်းနယ်လာပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ မဖြစ်မနေလုပ်ကို လုပ်ရမယ့် အလုပ်တွေကိုပဲ ဦးစားပေးလုပ်ပါ။ အလုပ်တွေများလွန်းရင် ဘေးလူကို အကူအညီတောင်းပါ။

(၃) လေ့ကျင့်ခန်း လုပ်ပါ။

လေ့ကျင့်ခန်း လုပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဆဲလ်တွေကို အားဖြည့်စေပြီး ကိုယ်တွင်းမှာ အောက်ဆီဂျင်လည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဦးနှောက်မှာ ဒိုပါမင်းတွေ ထွက်လာပြီး စိတ်ကို တက်ကြွစေပါတယ်။ ဒါကြောင့် နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် ခပ်သွက်သွက် လမ်းလျှောက်ပါ။

(၄) ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းက ညအိပ်မပျော်တာကို ဖြစ်စေတာကြောင့် အားအင်မပြည့်တာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဆေးလိပ်မှာပါတဲ့ နီကိုတင်းက စိတ်ကို တက်ကြွစေတာကြောင့် နှလုံးခုန်နှုန်းတွေ မြန်စေခြင်း၊ သွေးပေါင်ချိန် တက်စေခြင်း၊ လန်းဆန်းပြီး အိပ်မပျော်စေခြင်း စတာတွေကို ဖြစ်စေပါတယ်။ အိပ်ပျော်သွားရင်တောင်မှ နီကိုတင်းကို စွဲလမ်းနေတာကြောင့် မနက်အိပ်ရာနိုးတာနဲ့ ဆေးလိပ်သောက်ချင်စိတ် ဖြစ်နေပါလိမ့်မယ်။

(၅) အိပ်ချိန်ကို စနစ်တကျ သတ်မှတ်ပါ။

ရှေ့ရက်တွေမှာ အိပ်ရေးပျက်ထားတဲ့အခါ နောက်ရက်တွေမှာ အလွန်အကျွံ အစားထိုးပြန်အိပ်ကြတတ်ပေမယ့် ဒါက ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါက နည်းနည်းတော့ ထူးဆန်းတယ်ဆိုပေမယ့် ပိုအိပ်လိုက်တိုင်း အိပ်ရေးပိုဝသွားတာ မဟုတ်တာကြောင့်ပါ။

တကယ်တမ်း အိပ်ရေးဝဖို့ ဆိုတာက အိပ်ရာထဲမှာ ဘယ်လောက်လှဲနေလဲဆိုတာထက် နှစ်နှစ်ခြိုက်ခြိုက် ဘယ်နှနာရီ အိပ်ပျော်လဲဆိုတာက ပိုပြီး အဓိကကျပါတယ်။ ရှေ့ရက်တွေမှာ အိပ်ရေးပျက်ပြီး နောက်ရက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီး အိပ်ရေးဝဖို့ဆိုရင်

  • နေ့ဘက်မှာ အချိန်အတော်ကြာ အိပ်တာကို ရှောင်ပါ။
  • ပထမဆုံး ညမှာ ပုံမှန်အိပ်နေကျထက် အနည်းငယ် နောက်ကျပြီး အိပ်ရာဝင်ပါ။ ၄နာရီလောက် အိပ်ရေးဝဝအိပ်ပါ။
  • အဲ့ဒီ ၄နာရီကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုရင် နောက်ညတွေမှာ ၁၅မိနစ်၊ နာရီဝက်ဆီ ပိုအိပ်ပါ။
  • အိပ်ရာထဲမှာ လှဲနေသမျှ ကာလပတ်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုမှ နောက်ရက်တွေမှာ အချိန်တိုးအိပ်သွားပါ။

ဒါမှပဲ တကယ် အိပ်ရေးဝတဲ့ အကျိုးကျေးဇူးကို ခံစားရမှာပါ။ မဟုတ်ရင်တော့ အိပ်ရာထဲမှာ မျက်လုံးပိတ်ပြီး လှဲနေတာနဲ့ တူနေပါလိမ့်မယ်။

(၆) အားရှိတဲ့ အစားအစာတွေ စားပါ။

Glycemic index (သွေးတွင်းသကြားဓာတ်တက်နှုန်း) နည်းတဲ့ အစားအစာတွေကို စားတာက အစာစားပြီးပြီးချင်းမှာ အားမရှိဘဲ လေးပင်နေသလို ခံစားရတာတွေကို သက်သာစေမှာ ဖြစ်ပါတယ်။ Glycemic index (သွေးတွင်းသကြားဓာတ်တက်နှုန်း) နည်းတဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ၊ အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေ၊ သံလွင်ဆီ စတာတွေပဲ ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကတော့ Glycemic index (သွေးတွင်းသကြားဓာတ်တက်နှုန်း) များပါတယ်။ ပရိုတင်းနဲ့ အဆီတွေကလည်း Glycemic index (သွေးတွင်းသကြားဓာတ်တက်နှုန်း) နည်းပါတယ်။

(၇) အရက်လျှော့သောက်ပါ။ 

နေ့လယ်နေ့ခင်းမှာ ထမင်းစားရင်း အရက်‌သောက်တာက လူကို မှိန်းမောစေပြီး အားမရှိသလို ခံစားရစေနိုင်ပါတယ်။ ဒီလိုပဲ ညနေဘက်မှာ သောက်တာကလည်း ကျန်တဲ့ညနေခင်းကနေ ညထိ နုံးခွေစေနိုင်ပါတယ်။ အရက်က ဘယ်အချိန်ချိန်သောက်သောက် လူကို နွမ်းနယ်စေတာဖြစ်လို့ ဖြစ်နိုင်သမျှ လျှော့‌သောက်ပါ။ သောက်ဖို့ လိုလာပြီဆိုရင်လည်း သင့်တင့်တဲ့ ပမာဏနဲ့ နောက်ရက် ကိုယ့်ရဲ့ အလုပ်ကို မထိခိုက်နိုင်ဘူးဆိုတဲ့အချိန်မှပဲ သောက်ပါ။

(၈) ရေများများသောက်ပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းနေပြီဆိုရင် အရင်ဆုံးပြတတ်တဲ့ လက္ခဏာက အားမရှိတာပါ။ ဒါကြောင့် ပင်ပန်းပြီး အားမရှိသလို ခံစားလာရပြီဆိုရင် ရေတစ်ခွက်လောက် သောက်ချလိုက်ပါ။ Energy drinksတွေထက် ရေတစ်ခွက်လောက် ဝဝသောက်လိုက်တာက လန်းဆန်းပြီး ပင်ပန်းသမျှကို သက်သာစေပါလိမ့်မယ်။

(၉) အားဆေးတစ်ခုခု မှီဝဲပါ။

နေ့စဉ်ဘဝမှာ အလုပ်များတာကြောင့် အစာစားချိန်လည်း မမှန်၊ အာဟာရပြည့်အောင်လည်း မစားဖြစ်၊ အိပ်ရေးတွေလည်း ပျက်နေပြီဆိုရင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုးကို မှီဝဲလိုက်ပါ။ ဒါဆိုရင်တော့ အားအင်ကုန်ခမ်းပင်ပန်းတာတွေကို ခံနိုင်ရည် ရှိစေဖို့ ထောက်ပံ့ကူညီပေးနိုင်မှာပါ။

ကျွန်တော်တို့တွေက နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားနေကြပေမယ့် ထင်သလောက် အားအင်မရှိကြပါဘူး။ ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေ၊ အိပ်ရေးပျက်တာတွေကြောင့် အားအင်မရှိဘဲ တွန်းပြီး အလုပ်လုပ်နေရပါတယ်။ ဒါကြောင့် ခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာပြီး အားအင်အပြည့်အဝနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းလိုက်ရအောင်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 tips to boost your energy — naturally https://www.health.harvard.edu/healthbeat/9-tips-to-boost-your-energy-naturally Accessed date Jun 24, 2025

 

ယခုပုံစံ

24/06/2025

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဂျင်ဆင်း..... ဂျင်ဆင်းနဲ့ သတင်းကြီးလာရတဲ့ အကြောင်းအရင်း

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/06/2025 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement