brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အရက်သောက်ပြီး မျက်နှာနီ တာ ဘာကြောင့်လဲ

ဘော်ဒါတွေကြားမှာ ကိုယ်က အရက်သောက်ပြီး မျက်နှာနီ တတ်သူလား။ ရုတ်တရက် စဉ်းစားလိုက်ရင် အရက်ကြောင့် သွေးကြောတွေကျယ်လာပြီး မျက်နှာတွေ နီမြန်းလာတာလို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ ဒါက သိပ်စိတ်ဝင်စရာ ကောင်းတဲ့ကိစ္စပါ။ ဒီနောက်ကွယ်မှာ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။

အရက်သောက်ပြီး မျက်နှာနီ တာ ဘာကြောင့်လဲ

အရက်သောက်ပြီး မျက်နှာနီ တာ ဓာတ်မတည့်လို့လား

အရက်သောက်ပြီး မျက်နှာနီတာကို Alcohol intoleranceလို့ ခေါ်ပါတယ်။ ဒါက Alcohol allergy ဓာတ်မတည့်တာနဲ့ မတူပါဘူး။ Alcohol intolerance ဖြစ်တဲ့သူတွေက မျက်နှာနီတာအပြင်

  • လည်ပင်းနဲ့ ရင်ဘတ်တွေပါ နီလာပါတယ်။
  • ပျို့အန်တာ
  • ရင်တုန်တာ
  • သွေးပေါင်ကျတာ
  • ခေါင်းကိုက်တာ
  • နှာရည်ယိုတာ
  • ဝမ်းလျှောတာ
  • ပန်းနာရင်ကျပ်ရှိသူဆိုရင် ပိုကျပ်တာ ဖြစ်တတ်ပါတယ်။

လက္ခဏာတွေက ဓာတ်မတည့် လက္ခဏာတွေနဲ့ တူပေမယ့် ဒါက ဓာတ်မတည့်တာတော့ မဟုတ်ပါဘူး။ ဒီနှစ်ခုက သက်သက်စီပါ။

အရက်သောက်ပြီး မျက်နှာနီ တာရဲ့ နောက်ကွယ်က အကြောင်းရင်း

ပြောရမယ်ဆိုရင် ဒါက ကိုယ့်ရဲ့ မျိုးဗီဇကြောင့် ဖြစ်တာပါ။ ပုံမှန်ဆိုရင် လူတစ်ယောက်က အရက်သောက်လိုက်ရင်

  • အရက်ကို alcohol dehydrogenase (ADH) လို့ခေါ်တဲ့ အင်ဇိုင်းက ချေဖျက်ပေးပါတယ်။
  • အသည်းမှာ အရက်ကို ADHက acetaldehyde ဖြစ်အောင် ပြောင်းလိုက်ပါတယ်။ အဲ့ဒီ ဒြပ်ပေါင်းက ဆဲလ်တွေကို ပျက်စီးစေပါတယ်။
  • ဒါကြောင့် အဲ့ဒီဒြပ်ပေါင်းကို aldehyde dehydrogenase 2 (ALDH2) အင်ဇိုင်းက ထပ်ပြီး ချေဖျက်လိုက်တဲ့အတွက် နောက်ဆုံးမှာ အန္တရာယ်မရှိတဲ့ acetic acid (ရှာလကာရည်လိုဒြပ်ပေါင်း) ဖြစ်သွားပါတော့တယ်။

Alcohol intolerance ဖြစ်တဲ့သူတွေမှာ ALDH2 က အလုပ်မလုပ်တဲ့အတွက် အရက်သောက်ပြီးတိုင်း acetaldehyde အဆင့်မှာပဲ ရပ်နေမှာပါ။ ဒီလိုနဲ့ ကိုယ်ထဲမှာ Acetaldehydeတွေ များလာပြီး လက္ခဏာတွေ ခံစားရတာပဲ ဖြစ်ပါတယ်။

ဒီပြဿနာကို ကမ္ဘာ့လူဦးရေရဲ့ ၈%လောက်မှာ တွေ့ရပါတယ်။ အရှေ့အာရှသားတွေရဲ့ ၄၀% လောက်မှာ တွေ့ရတတ်တဲ့အတွက် ဒါကို Asian Flushing Syndromeလို့ ခေါ်ပါတယ်။

ဒါကြောင့် အသားဖြူလို့ မျက်နှာနီတာမဟုတ်၊ Alcohol intolerance ကြောင့်ဆိုတာ သိထားဖို့ လိုပါတယ်။

ဒါက အန္တရာယ်ရှိသလား

ရေတိုမှာတော့ အန္တရာယ်မရှိပါဘူး။ တချို့မှာ မျက်နှာနီတာလောက်ပဲ ရှိမယ်။ တချို့မှာ နီတာအပြင် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရနိုင်တယ် ဒီလောက်ပါပဲ။ ကိုယ်ထဲမှာရှိတဲ့ acetaldehyde ဒြပ်ပေါင်းတွေ ကုန်သွားရင် သက်သာသွားပါလိမ့်မယ်။

ဒါပေမယ့် ရေရှည်မှာတော့ ပြဿနာရှိပါတယ်။ Acetaldehydeက ဆဲလ်တွေကို ပျက်စီးစေတာအပြင် ကိုယ်တိုင်က ကင်ဆာဖြစ်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဒါကြောင့် Alcohol intoleranceရှိတဲ့သူတွေ အရက်သောက်မယ်ဆိုရင် ရေရှည်မှာ အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ များလာပါလိမ့်မယ်။ ဒါ့ပြင် အရက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေ ဥပမာ- အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေလည်း များနိုင်ပါတယ်။

ဘယ်လိုကုသနိုင်သလဲ

ဒါက ကိုယ့်ရဲ့ မျိုးဗီဇမှာ ဖြစ်နေတဲ့ ပြဿနာဆိုတော့ ကုသလို့ မရပါဘူး။

အရက်ကြောင့် မျက်နှာနီတာကိုတော့ Antihistamine (ဘာမီတွန်၊ စီထရာဇင်း) တွေ သောက်ပြီး သက်သာအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါက Acetaldehydeရဲ့ အန္တရာယ်ဖြစ်စေတဲ့ အာနိသင်အတွက်တော့ အကျိုးမထူးပါ။

ဒါကို သိထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့က အရက်‌သောက်ပြီး ဆေးသောက်လိုက်ရင် ဘာမှအန္တရာယ်မရှိတော့ဘူးလို့ ထင်နေတာကြောင့်ပါ။

အရက်သောက်ပြီး မျက်နှာမနီအောင် ကာကွယ်လို့ ရလား

မျိုးဗီဇပြဿနာကတော့ ကာကွယ်လို့ မရပါ။ ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေ နည်းစေဖို့

  • အရက်လျှော့‌သောက်ပါ။ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
  • အရက်သောက်တဲ့အခါ အစာစားပြီးမှ သောက်ပါ။ ဒါဆိုရင် အရက်ကို ချေဖျက်တာ နှေးလို့ Acetaldehydeတွေ စုပုံတာ နည်းစေပါလိမ့်မယ်။
  • အရက်ကို ဖြည်းဖြည်းပဲ သောက်ပါ။ ဥပမာ ၁နာရီကို ၁ခွက်လောက်ပဲ ထိန်းသောက်တာမျိုးပေါ့။ ဒါက အရက်ကို ချေဖျက်ဖို့ ခန္ဓာကိုယ်က အချိန်ရမှာ ဖြစ်ပါတယ်။

အရက်သောက်ပြီး မျက်နှာနီတာက ဒီဘက် အာရှလူမျိုးတော်တော်များများမှာ တွေ့ရတဲ့ ပြဿနာပါ။ မြန်မာနိုင်ငံမှာလည်း အများကြီး ရှိပါတယ်။ ကိုယ်က အရက်သောက်ပြီး မျက်နှာနီတတ်ရင် ကိုယ့်ကိုယ်ကို ထိန်းသောက်ဖို့ အကြံပြုချင်ပါတယ်။

medical
Htet Htet Zaw Win
Written by
အထွေထွေရောဂါကုဆရာဝန် · HHG
11/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။