backup og meta

မကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

မကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

WHO အဆိုအရဆိုရင် မကူးစက်နိုင်တဲ့ ရောဂါ (Non communicable diseases, NCD) တွေကြောင့် တစ်နှစ်ကို လူပေါင်း ၃၈သန်းလောက် သေဆုံးနေပါတယ်။ ဒီထဲမှ ၁၆သန်းလောက်က အရွယ်မတိုင်ခင် သေဆုံးနေပါတယ်။ ဒီဂဏန်းက ရှေ့ကိုလည်း ဆက်တက်ဖို့ ရှိပါသေးတယ်။ အရင်ကတော့ NCDကို သူဌေးရောဂါလို့ ခေါ်ကြပါတယ်။ စားကောင်း သောက်ကောင်း စားပြီး အဆီယစ်တဲ့ သူဌေးတွေမှာပဲ ဖြစ်တယ်ပေါ့။ ခုကတော့ လူတွေက အရင်လိုမဟုတ်ဘူး။ အသင့်စား အစားအစာတွေလည်း စားလာကြတယ်။ တစ်နေကုန်ထိုင်ပြီးလည်း  အလုပ်လုပ်ရတယ်။ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရှိကြတော့ဘူး။ ဒါကြောင့် တဖြည်းဖြည်း အဝလွန်ပြီး ရောဂါတွေ ဝင်လာပါတော့တယ်။

အရင်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပဲ တွေ့ရပေမယ့် ခုကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တွေ့နေရပါပြီ။ ပိုဆိုးတာက သူတို့မှာက ကူးစက်ရောဂါဖြစ်နှုန်းကလည်း မကျသေးဘူး။  မကူးစက်နိုင်တဲ့ ရောဂါတွေ ဖြစ်နှုန်းကလည်း တဖြည်းဖြည်း တက်လာတယ်။ ဒါကို မိအေးနှစ်ခါနာ (double burden) လို့ ခေါ်ပါတယ်။

ဒီတော့ မကူးစက်နိုင်တဲ့ ရောဂါက လူတိုင်းနဲ့ သက်ဆိုင်နေပါပြီ။ ဒါကြောင့် မကူးစက်နိုင်တဲ့ ရောဂါမှာ ဘာတွေပါလဲ။ ဘယ်လို ကာကွယ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်။

မကူးစက်နိုင်တဲ့ ရောဂါဆိုတာ ဘာလဲ။

စကားအတိုင်း လူတစ်ယောက်ကနေ တစ်ယောက်ကို ချောင်းဆိုး နှာချေတာ၊ ထိတွေ့မိတာကနေ မကူးနိုင်ပါဘူး။ မြင်လွယ်အောင် ဆီးချိုရောဂါနဲ့ ဥပမာ ပေးပါမယ်။ ဆီးချိုက တစ်ယောက်ကနေ တစ်ယောက်ကို မကူးနိုင်ပါဘူး။ ဒါလူတိုင်း သိပါတယ်။ နောက်ပြီး နာတာရှည် ဖြစ်တာများပါတယ်။ အမြစ်ပြတ် ကုလို့ရတာ  ရှားပါတယ်။ ဆေးတွေနဲ့ ရောဂါထိန်းတာ၊ နောက်ဆက်တွဲ မဝင်အောင် ထိန်းထားရပါတယ်။ လက္ခဏာ ပြခဲပါတယ်။ သွေးတိုးနေပေမယ့် ခေါင်းမူးတယ်ဆိုတဲ့ လူက ခပ်ရှားရှားပါ။ ဒါကြောင့်လည်း လူတွေက မကြောက်ကြတာပါ။  ဆက်ပြီး အဖြစ်များတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကို ပြောပြပေးပါမယ်။

မကူးစက်နိုင်တဲ့ ရောဂါများ

မကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာ အသေအပျောက်အများဆုံးကတော့ နှလုံးနဲ့ သွေးကြော ရောဂါတွေပါပဲ။ အဓိကကတော့ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ သွေးတိုးရှိတာ၊ ကိုလက်စထရောများတာတွေကြောင့် ဖြစ်တာများပါတယ်။

ကင်ဆာကြောင့် တစ်နှစ် တစ်နှစ် လူပေါင်းများစွာ သေဆုံးနေရပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေကတော့ ဆီးကျိတ်ကင်ဆာအဆုတ်ကင်ဆာအစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ တွေပဲဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင်တော့ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ အူမကြီးကင်ဆာ တွေ ပါပါတယ်။ ဒီထဲမှာ အဆုတ်ကင်ဆာကတော့ အမျိုးသားရော အမျိုးသမီးအတွက် အဖြစ်များဆုံး ကင်ဆာထဲမှာ ပါပါတယ်။

  • ဆီးချိုရောဂါ

ဆီးချိုရောဂါ နာတာရှည်ရောဂါပါ။ တစ်ကမ္ဘာလုံးမှာလည်း ဖြစ်တဲ့သူတွေ မနည်းပါဘူး။ အဓိကက ဆီးချိုရဲ့ နောက်ဆက်တွဲတွေကြောင့် သေရတာများပါတယ်။  နောက်ဆက်တွဲတွေ မဖြစ်အောင် ဆေးတွေပေး၊ အစားအသောက်တွေထိန်း၊ လေ့ကျင့်ခန်းတွေလုပ်ပြီး ထိန်းနေကြတယ်။

နာတာရှည်အဆုတ်ရောဂါထဲမှာဆိုရင်တော့ ပန်းနာရင်ကြပ်၊ လေပြွန်ရောင်ရမ်းတာ၊ အဆုတ်သွေးကြော သွေးတိုးတာ စတာတွေ ပါပါတယ်။ အခုခေတ်မှာ ဆေးလိပ်သောက်တာ၊ အိမ်တွင်း အိမ်ပြင် လေထု ညစ်ညမ်းတာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ များတာကြောင့် အဆုတ်ရောဂါတွေ များလာတာပါ။

  • နာတာရှည်ကျောက်ကပ်ရောဂါ

သွေးတိုးနဲ့ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်တာကြောင့် နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ထိခိုက်ပြီး နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်လာတာပါ။ ဒီဆယ်စုနှစ်အတွင်းမှာ ကျောက်ကပ်ပျက်စီးတာက ပိုဆိုးလာပြီး ဖြစ်တဲ့သူတွေလည်း ပိုများလာတာကြောင့် သတိထားရမယ့်အထဲမှာ ပါလာပါပြီ။

WHO အဆိုအရဆိုရင်တော့ နှလုံးနဲ့ သွေးကြောရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာနဲ့ ဆီးချိုရောဂါက မကူးစက်နိုင်တဲ့ ရောဂါများရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒီရောဂါကတွေရဲ့ သဘာဝက တစ်သက်လုံးကုရတာပါ။ ကုတဲ့ နေရာမှာလည်း ဆရာဝန်နဲ့ လူနာ ပေါင်းပြီး ကုရတာပါ။ဆိုလိုတာက ဆရာဝန်ပေးတဲ့ ဆေးကို သောက်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင်ပါဝင်ရတဲ့ lifestyle modification လို့ခေါ်တဲ့ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲတာကိုပါ လုပ်ရမှာပါ။ ပိုကောင်းတာက ဒီနည်းလမ်းတွေက ရောဂါမဖြစ်အောင် လျှော့ချနိုင်သလို၊ ဖြစ်ပြီးသားသူတွေမှာလည်း ပိုမဆိုးအောင် ထိန်းပေးနိုင်ပါတယ်။ ဒီတော့ ဒီနည်းလမ်းတွေကို ဆက်ကြည့်ရအောင်။

စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲခြင်း ( lifestyle modification)

  • အရက်လျှော့သောက်ပါ။

အရက်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေထဲမှာ အမျာဆုံးတွေ့ရတာက မကူးစက်နိုင်တဲ့ ရောဂါတွေပါ။ တချို့သော ကင်ဆာတွေ၊ နှလုံးနဲ့ သွေးကြောရောဂါတွေ၊ အသည်းခြောက်တာတွေက အရက်ကြောင့်ဖြစ်တာများပါတယ်။ အရက်နဲ့ ပတ်သတ်ပြီး ပညာရှင်တွေ ပြောကြတာက များများသောက်လေ ရောဂါဖြစ်နိုင်ချေတွေ၊ မတော်တဆထိခိုက်မှု ဖြစ်နိုင်ချေတွေ ပိုများလေပါ။ ဒါ့ပြင် အရက်ကြောင့် မကူးစက်နိုင်တဲ့ ရောဂါတွေ အပြင် အရက်အဆိပ်သင့်တာ၊ စိတ်ကျရောဂါ၊ အကြမ်းဖက်မှုတွေပါ ဖြစ်လာနိုင်လို့ တတ်နိုင်သမျှ လျှော့သောက်တာ ကောင်းပါတယ်။

  • လှုပ်လှုပ်ရှားရှား နေပါ။

ဒီခေတ်က အလုပ်လုပ်ရင် တစ်နေ့၈နာရီလောက် ထိုင်လုပ်ရတယ်။ သွားလာရင်လည်း ကားနဲ့ပဲဆိုတော့ လှုပ်ရှားမှုက နည်းနေပါပြီ။ ဒါကြောင့် တမင်သက်သက် Gymတွေမှာ အချိန်ပေးပြီး လေ့ကျင့်ရတဲ့ အဆင့်ကို ရောက်နေပါပြီ။ လှုပ်ရှားမှုမရှိတဲ့အတွက် နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ Gym မသွားနိုင်လည်း တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ ၄၅မိနစ်နဲ့ တစ်ပတ် ၅ရက် ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀နဲ့ တစ်ပတ် ၃ရက်လောက်တော့ လုပ်ပေးသင့်ပါတယ်။

  • ဆား လျှော့စားပါ။

သွေးတိုးနဲ့ နှလုံးသွေးကြောရောဂါတွေက ဆားအစားများတာနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးရောဂါရဲ့ ၃၀ရာခိုင်နှုန်းလောက်က ဆားစားသုံးမှု များတာကြောင့် ထိန်းရခက်နေပါတယ်။ WHO က သွေးတိုးထိန်းနိုင်အောင်၊ နှလုံးသွေးကြောကျဉ်းတာနဲ့ လေဖြတ်တာမဖြစ်အောင် တစ်နေ့ကို ဆား ၅ဂရမ် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထက်မပိုသင့်ကြောင်း အကြံပေးထားပါတယ်။

  • ဆေးလိပ်နဲ့ ဆေးရွက်ကြီး လျှော့ပါ။

ဆေးလိပ်သောက်တာက နှလုံးသွေးကြောရောဂါ၊ ကင်ဆာ၊ နာတာရှည်အဆုတ်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေတဲ့ အချက်ထဲမှာ ထိပ်ဆုံးက ပါပါတယ်။ ပညာရှင်တွေကတော့ ဆေးလိပ်ကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် မကူးစက်နိုင်တဲ့ ရောဂါများ ဖြစ်ပွားမှုနှုန်း တော်တော်လျှော့သွားမယ်လို့ဆိုပါတယ်။ အရင်ကတော့ အမျိုးသားတွေပဲ ဆေးလိပ်သောက်ပေမယ့် ခုတော့ အမျိုးသမီးတွေပါ ဆေးလိပ်သောက်လာကြပါပြီ။ ဒါ့ပြင် ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့တွေကို တစ်ဆင့်ခံ ရှူနေရတာကြောင့် ကိုယ်တိုင်ဆေးလိပ်သောက်သလိုပဲ ခံစားရတာပါ။

ဆေးလိပ်သောက်တဲ့သူတွေကို အကြံပေးချင်တာက ဆေးလိပ်မသောက်တတ်သေးရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်ပါ။ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။ နောက်ပြီး လူအများကြားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ သတ်မှတ်ထားတဲ့ နေရာမှာပဲ သောက်ပါ။ အိမ်မှာ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ကလည်း အရက်လိုပါပဲ။ များများသောက်ရင် ပိုထိခိုက်ပါတယ်။

  • သွေးပေါင်ချိန်ကို ထိန်းပါ။

သွေးပေါင်ချိန်ကို မထိန်းဘူးဆိုရင်  နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးကြွက်သားပုပ်တာ၊ နှလုံးအလုပ်မလုပ်တာ၊ ကျောက်ကပ်ထိတာ၊ မျက်စိကွယ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးတိုးရှိတဲ့သူက တခြားအဖော်အပေါင်းဖြစ်တဲ့ ဆီးချိုလည်း ဖြစ်လွယ်ပါတယ်။

  • ဆီးချို ထိန်းပါ။

ဆီးချိုရှိတဲ့သူကလည်း သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းပါ။ ဆီးချိုတက်လာမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေ၊ အာရုံကြောတွေ ထိခိုက်လာပါမယ်။ ဒါ့ပြင် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာလည်း ဖြစ်နိုင်ပါတယ်။ သွေးတိုးလိုပဲ ဆီးချိုရှိတဲ့သူကလည်း သွေးတိုးဖြစ်လွယ် ပါတယ်။

  • ကိုယ်အလေးချိန် ထိန်းပါ။

အဝလွန်ရင် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်းတာ၊ လေဖြတ်တာ၊ ကင်ဆာ၊ အိပ်ဟောက်ရှူရပ်ရောဂါ၊ အရိုးအဆစ်တွေနာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ခုခေတ်မှာ ကိုယ်အလေးချိန်ကို ဘယ်နှစ်ပေါင်ရှိတယ်ဆိုတာ သက်သက်နဲ့ မတိုင်းတော့ပါဘူး။ BMI လို့ခေါ်တဲ့ ကိုယ်ခန္ဓာထုထည် အညွှန်းကိန်းနဲ့ တွက်ချက်နေပါပြီ။ ဒါကို အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်တာပါ။ ရှိသင့်တာကတော့ BMI ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ အလေးချိန်အောက် လျော့နည်း၊ ၁၈.၅နဲ့  ၂၄.၉ကြား ဆိုရင် ပုံမှန်၊ ၂၅နဲ့  ၂၉.၉ကြား ဆိုရင် အလေးချိန်များ၊ ၃၀နဲ့ ၃၉.၉ ဆိုရင် အဝလွန်လို့ သတ်မှတ်ပါတယ်။

  (BMIကို ဤနေရာတွင် တွက်ချက်နိုင်ပါတယ်။)

ကိုယ်အလေးချိန်ထိန်းဖို့အတွက်ဆိုရင် သင့်တင့်မျှတတဲ့ အစားအစာတွေ စားတာမျိုး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာမျိုးနဲ့ ထိန်းနိုင်ပါတယ်။

မကူးစက်နိုင်တဲ့ ရောဂါတွေကို Silent killer အသံတိတ် လူသတ်သမား လို့ခေါ်ပါတယ်။ ဘယ်ချိန်တည်းက ကိုယ်ထဲရောက်နေလဲ မသိ၊ လက္ခဏာလည်း မပြဘဲ လူကို တဖြည်းဖြည်း ဒုက္ခပေးနေတာပါ။ ဒီဒဏ်ကို ဖွံ့ဖြိုးပြီး နိုင်ငံတွေရော၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရော ခံနေရပါပြီ။ ဒါကြောင့် အပေါ်က နည်းလမ်းတွေနဲ့ တတ်နိုင်သမျှ ကာကွယ်ကြပါ။ ဖြစ်ပြီးတဲ့ သူတွေလည်း ပိုမဆိုးအောင် အပေါ်က နည်းလမ်းတွေနဲ့ ထိန်းလို့ ရပါတယ်ဆိုတာ သိစေချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/activities/preventing-noncommunicable-diseases

https://www.who.int/nmh/ncd-tools/en/

https://www.paho.org/salud-en-las-americas-2017/?p=1391

ယခုပုံစံ

16/12/2021

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဝလွန်ခြင်း ၆ မျိုး

ဆက်နွယ်မှုကို ဂရုပြုသင့်တဲ့ ဆီးချိုရောဂါ နဲ့ နှလုံးကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement