backup og meta

အိမ်တွေမှာ ဆောင်ထားသင့်တဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာများ

အိမ်တွေမှာ ဆောင်ထားသင့်တဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာများ

အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေထိုင်ခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သည်လို အိမ်မှာပဲနေထိုင်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို ဖြစ်လာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာလည်း ဆန်းစစ်ချင်တယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေကိုလည်း လူနာတွေများပြီး ရောဂါကူးစက်လာမှာ ကြောက်တဲ့အတွက် မသွားရဲဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။

ကိုယ့်အိမ်မှာ ဆောင်ထားနိုင်ပြီး အသုံးပြုရလည်း လွယ်ကူတဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာ – Digital Thermometer

လူတစ်ယောက်က သာမန်အပူချိန်မှာ ရှိနေသလား၊ ညောင်းညာပြီး ဖျားနေသလား၊ ဒါမှမဟုတ် ဖျားနေတဲ့သူက သာမန်ငွေ့ငွေ့လေးဖျားနေတာလား၊ တအားကို အပြင်းဖျားနေတာလား စတာတွေကို သင်ကိုယ်တိုင် တိုင်းကြည့်နိုင်ပါတယ်။ ကလေးတွေဆိုရင် လူကြီးတွေလောက် မပြောတတ်တာကြောင့် လူကြီးတွေအနေနဲ့ ကိုယ့်ကလေးဖျားနေတာကို မသိလိုက်မိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေ မအီမသာပုံစံမျိုး ဖြစ်နေမယ်ဆိုရင် အိမ်မှာဆောင်ထားတဲ့ ဒစ်ဂျစ်တယ်အပူချိန်တိုင်းကိရိယာနဲ့ တိုင်းကြည့်ပြီး ဆေးရုံဆေးခန်းသွားဖို့ လိုအပ်လားဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဆေးရုံ၊ဆေးခန်း သွားခဲ့ရင်တောင် ဒစ်ဂျစ်တယ်အပူချိန်တိုင်းကိရိယာနဲ့တိုင်းထားတဲ့ နေ့/ညအပူချိန်ဇယားကိုပါ ပြောပြပေးနိုင်ရင် ဆရာဝန်တွေအနေနဲ့လည်း အမြန်သက်သာလာအောင် ကုသပေးနိုင်မှာပါ။

ဒစ်ဂျစ်တယ်အပူချိန်တိုင်းကိရိယာမှာ သာမန် အပူချိန်တိုင်းကိရိယာလား၊ infrared နည်းပညာသုံး အပူချိန်တိုင်း ကိရိယာလား ဆိုတာရွေးချယ်နိုင်ပါတယ်။

၂။ ဒစ်ဂျစ်တယ် သွေးပေါင်ချိန်တိုင်း ကိရိယာ – Digital Sphygmomanometer

သွေးတိုးရောဂါရှိသူများအနေဖြင့် နေ့စဉ်တိုင်းတာခြင်း၊ သွေးတိုးရောဂါမရှိသူများအနေဖြင့် အနည်းဆုံး တစ်လတစ်ကြိမ်ခန့် တိုင်းတာခြင်း၊ အခြေခံသွေးတိုးလက္ခဏာများ ရှိနေပြီး သံသယရှိပါက တိုင်းတာခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများကို တိုင်းတာစောင့်ကြည့်ခြင်း စတာတွေကို ကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဒစ်ဂျစ်တယ်သွေးပေါင်ချိန်တိုင်းကိရိယာကို ဝယ်ယူတဲ့အခါ အမျိုးအစားကောင်းမွန်တာကို ရွေးချယ်ဝယ်ယူဖို့အရေးကြီးပါတယ်။ ဝယ်ယူပြီးတဲ့အခါ တတ်ကျွမ်းနားလည်သူတွေဆီသွားပြီး သွေးပေါင်ဖော်ပြတာတွေမှန်၊ မမှန် ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သွေးတိုးရှိသူများအနေဖြင့် သွေးပေါင်ချိန်မှတ်တမ်းပြုလုပ်ထားပါ။

၃။ သွေးတွင်းအချိုဓာတ်တိုင်းတာကိရိယာ – Glucometer

သွေးတိုးရောဂါရှိသူတွေလိုပဲ ဆီးချိုရောဂါရှိသူတွေမှာလည်း သွေးတွင်းအချိုဓာတ်ကို မကြာမကြာ တိုင်းတာနေဖို့ လိုပါတယ်။ တိုင်းတာထားတဲ့ သွေးတွင်းအချိုဓာတ်ကိုလည်း မှတ်တမ်းပြုလုပ်ထားဖို့ အရေးကြီးပါတယ်။ ဝယ်ယူတဲ့အခါ တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး အမျိုးအစားကောင်းတာကို ရွေးချယ်ဝယ်ယူပါ။

၄။ ပေကြိုးနှင့် ပေါင်ချိန်စက် – Measuring Tape and Weighing Machine

ခန္ဓာကိုယ်မှာ ကိုယ်အရပ်အမောင်းနဲ့လိုက်ပြီး သတ်မှတ်ထားတဲ့ သင့်တင့်တဲ့ အလေးချိန်အနေအထား ရှိနေသလား ကိုယ်တိုင်ဆန်းစစ်လို့ရပါတယ်။ ခန္ဓာကိုယ်အညွှန်းကိန်း (Body Mass Index) ဆိုတာက ကိုယ်အလေးချိန် (ကီလိုဂရမ်) ကိုတည်ပြီး အရပ်အမြင့် (မီတာ) ရဲ့ နှစ်ထပ်နဲ့ စားတာပါ။ သူ့ရဲ့ယူနစ်ကတော့ kg/m2 ပါ။

သာမန်အားဖြင့် တိုင်းတာလို့ရတဲ့ရလဒ်ဟာ-

18 kg/m2 အောက် အလေးချိန်မပြည့်
18 kg/m2 မှ 24.9 kg/m2 အထိ သာမန်
25 kg/m2 မှ 29.9 kg/m2 အထိ အနည်းငယ်ဝနေ
30 kg/m2 နှင့်အထက် အဝလွန်

ဆိုပြီး ဖော်ပြထားပါတယ်။

အဝလွန်နေရင် ယခုလို Home Stay ကာလမှာ လှုပ်ရှားမှု ပိုမိုနည်းနေနိုင်တဲ့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေရမှာပါ။

Stay Home နေကြရင်း ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဆန်းစစ်ခြင်းဖြင့် Healthy Stay Home ဖြစ်နိုင်ကြပါစေ။

ရေးသားသူ – Dr. Khaing Win

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

08/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ရဲ့မွေးကင်းစ ကလေးငယ်အတွက် အသုံးဝင်မယ့် ပစ္စည်းကိရိယာများ

၂၄ နာရီ ဟိုလ်တာနှလုံးစောင့်ကြည့်ကိရိယာ(24-Hour-Holter Monitor)ဆိုတာ ဘာလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement