backup og meta

ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

ဆေးသောက် ရမယ်ဆို ဒါတွေ မေးဖြစ်အောင် မေးပါ။

နေမကောင်းလို့ ဆေးသောက် ရမယ်ဆိုရင် ဘယ်လိုလုပ်လေ့ရှိလဲ။ ကိုယ့်ကိုယ်ကို ဆေးစပ်သောက်တာလား၊ ဆေးဝါးကျွမ်းကျင် ပညာရှင်တွေ ရောင်းတဲ့ ဆေးဆိုင်မှာ ပြောပြီး ဝယ်သောက်တာလား၊ ဆရာဝန်ဆီသွားပြပြီး ညွှန်ကြားတဲ့အတိုင်း သောက်တာလား။

သောက်ဆေးတွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင်

  • OTCလို့ ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ခေါင်းကိုက်ပျောက်ဆေးတွေ)
  • ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ ဝယ်လို့ရတဲ့ ဆေးတွေ (ဥပမာ ပိုးသတ်ဆေးတွေ )
  • အားဆေးတွေ စတာတွေဆိုပြီး ရှိပါတယ်။

တခြား နိုင်ငံတွေမှာတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်လို့ရတဲ့ ဆေးတွေကို ဒီတိုင်းရောင်းလေ့မရှိပါဘူး။ OTCဆေးတွေ ဆိုရင်လည်း ဆေးဝါးပညာရှင်ကပဲ မေးမြန်းပြီး ကိုက်ညီလောက်မယ့် ဆေးကို ညွှန်ပေးတာပါ။ ဒီတိုင်း ဆေးပေးလို့ရတဲ့ လက္ခဏာမဟုတ်ရင် ဆရာဝန်ဆီသွားဖို့ အကြံပြုလေ့ရှိပါတယ်။ ဥပမာ သွေးတိုးနေလို့ သွေးကျဆေးရောင်းပါဆို သူတို့မရောင်းပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် နောက်ခံအကြောင်းပေါ်မူတည်ပြီး ပေးရတဲ့ ဆေးတွေ မတူလို့ပါ။

ပြောချင်တာက ဆေးသောက်မယ်၊ ဆေးဝယ်မယ်ဆိုရင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ဒါတွေကို လေ့လာကြည့်ရအောင်။

ဆေးသောက် မယ်ဆို ဘာတွေ သိထားသင့်လဲ။

  • ဆေးက ဘာအတွက် သောက်ရတာလဲ။

ဆေးဝါးပညာရှင်က ညွှန်တာပဲ ဖြစ်ဖြစ်၊ ဆရာဝန်က ညွှန်တာပဲ ဖြစ်ဖြစ် ကိုယ်သောက်တဲ့ဆေးအကြောင်း ကိုယ်သိဖို့ လိုပါတယ်။ ဒီဆေးက ဘာအတွက် သောက်တာလဲဆိုတာ မေးဖြစ်အောင် မေးပါ။ ဆေးအများကြီး သောက်ရရင် ပိုမေးသင့်ပါတယ်။

  • တစ်နေ့ ဘယ်နှစ်ခါ သောက်ရမှာလဲ။

ဆိုပါစို့ တစ်နေ့ ၃ခါ သောက်ရမယ်ဆိုရင် ဘယ်နှနာရီခြားပြီး သောက်ရမှာလဲဆိုတာကို မေးပါ။ ပုံမှန်တော့ တစ်နေ့ ၃ခါသောက်၊ ၂ခါသောက်တို့ဆိုတာ ဆေးအာနိသင်ပေါ်မူတည်ပြီး ပေးတာပါ။ ၂၄နာရီ ခံတဲ့ ဆေးဆို တစ်နေ့တစ်ကြိမ်၊ ၁၂နာရီ ခံတဲ့ဆေးဆို တစ်နေ့ ၂ကြိမ်၊ ၈နာရီခံတဲ့ဆေးဆို တစ်နေ့ ၃ကြိမ် ဒီလို ပေးလေ့ရှိပါတယ်။ ကိုယ်မသိရင် ဆေးသောက်ချိန်တွေ ကမောက်ကမ ဖြစ်ပြီး သွေးထဲက ဆေးပမာဏကလည်း ကမောက်ကမ ဖြစ်မှာပါ။

တစ်နေ့ တစ်ခါ ဆိုရင်တောင်မှ မနက်လား၊ ညလား ပြန်မေးပါ။ တချို့သော သွေးကျဆေးတွေက ညဘက်သောက်ရတာပါ။ တားဆေးတွေဆို တစ်နေ့ တစ်ခါ သောက်ရတာ မှန်ပေမယ့် အချိန်က အစ တူရပါတယ်။ ဥပမာ ဒီနေ့ မနက် ၈နာရီသောက်လိုက်ရင် နောက်နေ့လည်း မနက် ၈နာရီသောက်ရတာပါ။ စော ၁နာရီ၊ နောက်ကျ  ၁နာရီလောက်ပဲ ကောင်းပါတယ်။ ဒီလို အကြောင်းတွေ ရှိလို့ ဘယ်အချိန်သောက်ရမလဲဆိုတာ သေချာ မေးပါ။

  • ဘယ်လို သောက်ရမှာလဲ။

အဓိကကတော့ အစာစားပြီးလား မစားခင်လားပေါ့။ အများစုက ဘာလေးပဲ သောက်သောက် ထမင်းလေး စားပြီးမှ သောက်ကြတယ်။ ဒါအမြဲမမှန်ပါဘူး။ တချို့ဆေးတွေက အစာနဲ့ ဝေးဝေး သောက်ရတာတွေ ရှိပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ စတီးရွိုက်တွေဆိုရင် အစာအိမ်မထိအောင် အစာနဲ့ ခံသောက်ရပါတယ်။ တချို့ဆေးတွေဆို ရေများများနဲ့ သောက်ရမှာတွေ၊ တချို့ဆေးတွေဆို ဝါးစားရမှာတွေ၊ တချို့ဆေးတွေဆို အလုံးလိုက်မျိုရမှာတွေ စသဖြင့် ရှိပါတယ်။

  • ဘာတွေနဲ့ မတည့်ဘူးလဲ။

ဥပမာ သံဓာတ်အားဆေးဆို ကဖင်းနဲ့ မတည့်ပါဘူး။ မတည့်ဘူးဆိုတာ သံဓာတ်အားဆေး သောက်တဲ့အချိန်မှာ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ၊ လက်ဖက်သုတ်တွေ စားလိုက်ရင် သံဓာတ်ကို မစုပ်ယူနိုင်အောင် တားလိုက်ပါတယ်။ ဒါဆို ဆေးသောက်တာ အလကားပါပဲ။

နောက်တစ်ခုက အရက်ပါ။ တချို့ဆေးတွေက အရက်နဲ့ ဓာတ်ပြုပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံရတတ်ပါတယ်။ ဒါကြောင့် အရက်ရှောင်ဖို့ လိုမလို မေးပါ။

နောက်ပြီး တခြားဆေးတွေ သောက်နေရင်၊ တခြားရောဂါအခံရှိရင်၊ ကိုယ်ဝန်ရှိနေရင်၊ နို့တိုက်မိခင်ဖြစ်နေရင်၊ နဂိုတည်းက မတည့်တဲ့ ဆေးရှိရင် ကြိုပြောပါ။ ဒါမှ ဆေးပေးတဲ့ သူက ရှောင်ပြီး ပေးလို့ရမှာပါ။

  • ဘယ်လောက်ကြာကြာ သောက်ရမှာလဲ။

ဆီးချိုဆေးတို့၊ သွေးကျဆေးတို့ဆိုရင် တစ်သက်လုံး သောက်ရမှာပါ။ ကြားထဲမှာ ဆေးချိန်တာ၊ ဆေးပြောင်းတာတို့ ရှိမှာပေါ့။ ပိုးသတ်ဆေးဆိုရင်တော့ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် သောက်ရမှာပါ။ အဲ့ဒီမှာ အရေးကြီးတာက ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရမှာပါ။ ဆရာဝန်က တစ်ပတ်သောက်ပါလို့ မှာလိုက်ရင် တစ်ပတ်မတိုင်ခင် နေကောင်းသွားရင်တောင် ဆေးကုန်အောင် ဆက်သောက်ပါ။ ဒါမှ ရောဂါ အကင်းသေမှာပါ။ မဟုတ်ရင် ဆေးယဉ်ပါးဖြစ်ပြီး နောက်တစ်ခါ ဆေးမတိုးဘဲ ဖြစ်ပါလိမ့်မယ်။

  • ဘေးထွက်ဆိုးကျိုးတွေက ဘာရှိလဲ။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးဆိုတာ ရှိပါတယ်။ တချို့ ဆိုးကျိုးတွေက လူတိုင်းမှာ မဖြစ်ပါဘူး။ တချို့ဆိုးကျိုးတွေက မပြင်းထန်ပါဘူး။ ရောဂါပျောက်မှာနဲ့ ဘေးထွက်ဆိုးကျိုးကို ချိန်ဆကြည့်လိုက်ရင် ကောင်းကျိုးက ပိုများနေလို့ ပေးလိုက်တာပါ။ ဒါပေမယ့် ဆေးပေးလိုက်ရင် ဘေးထွက်ဆိုးကျိုး ဘာဖြစ်နိုင်လဲဆိုတာ မေးပါ။ ဒါမှ ဆေးကြောင့် ဖြစ်တာလား၊ တခြား အကြောင်းရင်းကြောင့်လား သိမှာပါ။

ဥပမာ တချို့ပိုးသတ်ဆေးတွေဆို တချို့လူတွေမှာ ဝမ်းလျှောတတ်တယ်။ ဒါကို မသိထားရင် ဝမ်းလျှောနေလည်း ဆေးကို ဆက်သောက်နေတာမျိုး ဒါမှ မဟုတ် ဆေးကို ရပ်လိုက်တယ်။ ဆရာဝန်ကိုလည်း ပြန်မပြောဘူး။ အရင်ရောဂါလည်း မပျောက်ဘူး။ ဝမ်းလျှောတာပဲ အဖတ်တင်တယ်။ ဒါမျိုးတွေ ဖြစ်လာမှာပါ။ ဖြစ်သင့်တာက ဆေးသောက်ရင် ဝမ်းလျှောနိုင်ခြေရှိတယ်ဆိုတာကို သိထားတယ်။ ဝမ်းလျှောရင် ဆရာဝန်ကို ပြန်ပြ ဆေးပြောင်းတာမျိုး လုပ်လို့ရတာပေါ့။

အချုပ်

ဆေးသောက်တယ်ဆိုတာ လွယ်တယ်ထင်ပေမယ့် ဒီလိုကျတော့လည်း မဟုတ်ပါလားပေါ့။ အလုပ်ကို ရှုပ်နေတာပဲလို့ ထင်ကောင်း ထင်မှာပါ။ ဒါပေမယ့် ဆေးသောက်တယ်ဆိုတာ ရောဂါပျောက်ချင်လို့လေ။ ဆေးလည်း သောက်ရသေး၊ ပိုက်ဆံလည်း ကုန်သေး၊ ရောဂါလည်း မသက်သာဘူးဆိုရင် ကိုယ်ရှုံးတာပါ။ ဒါကြောင့် နောက်တစ်ခါ ဆေးသောက်၊ ဆေးဝယ်မယ်ဆိုရင် အပေါ်က မေးခွန်းလေးတွေ မေးဖြစ်အောင် မေးပါနော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nia.nih.gov/health/safe-use-medicines-older-adults

https://www.betterhealth.vic.gov.au/health/ServicesAndSupport/safe-medication-use

ယခုပုံစံ

20/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာ မခံဘဲ သောက်ရမယ့် ဆေးများ

အစာ နဲ့ တွဲသောက်ရမယ့်ဆေးများ



Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement