backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Gym သွားတဲ့အခါ သတိထားကြဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Gym သွားတဲ့အခါ သတိထားကြဖို့

Gym သွားတဲ့အလေ့အထ အရမ်းခေတ်စားလာချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြဖို့ လိုမယ်မထင်တော့ပါဘူး။ ဒီတစ်ခါတော့ Gymသွားတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေ သတိပေးချင်လို့ပါ။

Gymသွားတယ်ဆိုတိုင်း အားစိုက်ဝုန်းရတဲ့ လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေချည်း လုပ်ဖို့မလိုပါဘူး။ ပိန်ချင်တာလား၊ ကျစ်ချင်တာလား၊ ဝိတ်တက်ချင်တာလား၊ ဘော်ဒီတောင့်ချက်တာလား ဆိုတဲ့ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုလိုက်ပြီး နည်းပြတွေက ညွှန်ပြပေးပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အတွက် သီးသန့်နည်းပြ(personal trainer)မရှိတဲ့သူတွေအတွက် ဒီအကြံပြုချက်လေးတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ Gymသွားမယ်ဆို –

သွေးပူလေ့ကျင့်ခန်း မမေ့ပါနဲ့။

ဘာလေ့ကျင့်ခန်းမှ မလုပ်ခင်မှာ အကြောလျှော့လေ့ကျင့်ခန်းနဲ့ သွေးပူလေ့ကျင့်ခန်းတွေ အရင်လုပ်ဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်မှသာ နဂိုကတောင့်တင်းနေတဲ့ ကြွက်သားတွေကို အနွေးဓာတ်ပေးပြီး ပြေလျော့စေနိုင်လို့ ထိခိုက်နိုင်ခြေနည်းပါးစေပါလိမ့်မယ်။ နာကျင်မှုတွေသက်သာစေဖို့ လေ့ကျင့်ခန်းအပြီးမှာလည်း အကြောလျှော့လေ့ကျင့်ခန်းကို ပြန်လုပ်ဖို့မမေ့ပါနဲ့။

ဖြည်းဖြည်းချင်း အဆင့်တိုးပါ။

စစချင်းတည်းက လေ့ကျင့်ခန်းတွေကို အပြင်းစားတွေ တန်းမလုပ်ပါနဲ့။ နည်းနည်းနဲ့ တစ်ဆင့်ချင်း တိုးသွားပါ။ ဥပမာ ဒီနေ့ အပြေးလေ့ကျင့်ခန်း ၁၀ မိနစ်လုပ်နိုင်တယ်ဆို နောက်နေ့မှာ ကိုယ်လုပ်နိုင်သလောက် မိနစ်တွေ တိုးလိုက်ပါ။ ဇွဲရှိဖို့တော့ လိုပါတယ်။

အကြိမ်ရေထက် လှုပ်ရှားမှုကို အာရုံထားပါ။

တချို့က လေ့ကျင့်ခန်းကို အကြိမ်ရေကို များများနဲ့ ပိုလုပ်ရင် ပိုထိရောက်မယ်ထင်ကြပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းရဲ့ထိရောက်မှုဆိုတာ အကြိမ်ရေထက် ကိုယ့်ရဲ့ လှုပ်ရှားမှု မှန်ကန်သလား ဆိုတာနဲ့ အားစိုက်မှု အတိုးအလျော့ကို ပိုပြီးမူတည်ပါတယ်။

အလောတကြီး အရမ်းစွတ်မလုပ်ပါနဲ့။

စကစားတာမှ မကြာသေးဘူး။ အတင်းကာရော အပြင်းကစားပစ်တာ၊ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာမျိုးက ကိုယ့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။ Gym ကစားလို့ နာကျင်ကိုက်ခဲတယ်ဆိုတာ တကယ်တော့ ကြွက်သားတည်ဆောက်နေတဲ့အကြောင်း ခန္ဓာကိုယ်က အချက်ပြတာပါ။ ဒါပေမယ့် ကျင့်သားမရသေးခင် စစချင်းမှာ အလွန်အကျွံဆိုရင်တော့ ပိုနာကျင်ရနိုင်ပါတယ်။

အသက်ရှူဖို့ ဂရုစိုက်ပါ။

ဘယ်လေ့ကျင့်ခန်းမှာမဆို အသက်ရှူတတ်ဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းတစ်ခုရဲ့အဆုံးမှာ အသက်ရှူထုတ်ပစ်လိုက်ဖို့ မမေ့ပါနဲ့။ ရှူထုတ်ရမယ့် ပြန်ကန်ထွက်တဲ့အခါ မအီမသာဖြစ်တာ၊ သတိလစ်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

လေ့ကျင့်ခန်းအတွက်အထောက်အကူပြုမယ့် စားသောက်နည်း

(၁) ပရိုတင်း များများစားပေးပါ။

– အဓိကအားဖြင့် အသား၊ ငါး၊ နွားနို့နဲ့ ပဲအမျိုးမျိုး။

(၂) ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ ဖြည့်စွက်ပါ။

– အရွက်သုပ်၊ သစ်သီးဖျော်ရည်(အချိုမပါ)၊ အသီးအရွက်ကြော်။

(၃) ပမာဏနည်းနည်းနဲ့ အကြိမ်ရေခွဲစားပါ။

– အမှန်က တစ်နပ်စာကို တွက်ချက်ချင့်ချိန်စားပြီး ကယ်လိုရီလိုအပ်လို့ဆာမှ နည်းနည်းထပ်စားတာမျိုး။

(၄) အငန် လျှော့စားပါ။

– အချိုမှုန့်များတဲ့အစားအစာ(အချိုမှုန့်ကြောင့် အငန်ပါဝင်မှုကို သတိမထားမိဘဲ စားမိစေတယ်)၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်။

(၅) ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေပါစေ။

ရေသောက်ပါ၊ ရေမဟုတ်တဲ့ အချိုရည်တွေ မသောက်ပါနဲ့။

သတိထားသင့်တဲ့အချက်လေးတွေနဲ့ သိထားသင့်တဲ့ စားသောက်နည်းကို ပြောပြပြီးပြီမို့ စိတ်ချလက်ချ Gym သွားလို့ရပြီနော်။ ကျန်းမာကြံ့ခိုင်တဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ အထိရောက်ဆုံး ကြိုးစားလိုက်ပါတော့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement