backup og meta

သင် ဝမ်းချုပ် တတ်ပါသလား။ ဘယ်လိုကာကွယ်ရမလဲဆိုတာရော သိပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် ဝမ်းချုပ် တတ်ပါသလား။ ဘယ်လိုကာကွယ်ရမလဲဆိုတာရော သိပြီလား။

    ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ လူတွေသတ်မှတ်ထားကြတာကတော့ တစ်နေ့ တစ်ခါ အိမ်သာသွားရင် ဝမ်းမှန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဆို သူတို့တွေကို ဝမ်းချုပ် တယ်လို့ ပြောလို့ရပါသလား။

    ဝမ်းချုပ် တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။

    တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။

    • တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။
    • အိမ်သာသွားတဲ့ အချိန်မှာ အူက သူ့အလိုလို နာလာတာမျိုးမရှိဘဲ ကိုယ်က အားနဲ့ညှစ်သွားနေရတာမျိုး၊
    • ဝမ်းက ပျော့ပျော့လေးမဟုတ်ဘဲ မာမာခဲခဲတွေဖြစ်နေတာမျိုး
    • ဝမ်းသွားရတာ မဝဘဲ ဝမ်းကျန်နေသလိုမျိုး ဖြစ်နေပြီဆိုတော့ သင် ဝမ်းချုပ်နေပါပြီ။ ။

    ဘယ်သူတွေမှာ ဝမ်းခဏခဏ ချုပ်တတ်လဲ။

    ဝမ်းချုပ်တာ တစ်ချိန်မဟုတ်တစ်ချိန် လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုပြောပြမယ့် သူတွေက ပိုအဖြစ်များနိုင်ပါတယ်။

    • ကိုယ်ဝန်ဆောင်မိခင်တွေ
    • အထိုင်များပြီး လှုပ်ရှားမှု မရှိတဲ့သူတွေ
    • မအားသေးဘူးဆိုပြီး ဝမ်းသွားချင်ရင် ချုပ်ထားတတ်တဲ့သူတွေ
    • ဝမ်းနှုတ်ဆေး ခဏခဏသောက်နေတဲ့ သူတွေ (ဝမ်းနှုတ်ဆေးကိုပဲ အားကိုးပြီး အူက သူ့ဘာသာ အလုပ်မလုပ်တော့)
    • ခရီး အသွားများတဲ့သူတွေ
    • ရေသောက်နည်းတဲ့သူတွေ
    • အသီးအရွက်တွေထက် အသားတွေပိုစားတဲ့သူတွေ၊
    • ဝမ်းချုပ်စေတဲ့ ဘေးထွက်ဆိုးကျိုးပါတဲ့ ဆေးတွေ သောက်နေရတဲ့သူတွေ ( အကိုက်အခဲပျောက်ဆေး၊ သံဓာတ်အားဖြည့်ဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေး calcium channel blocker)
    • သွေးတိုး ဆီးချို ရောဂါသမားတွေ၊ လေဖြတ်နေတဲ့သူတွေ၊ သိုင်းရွိုက်ဟော်မုန်းနည်းရောဂါခံစားနေရတဲ့သူတွေက အခြားသူတွေထက်စာရင် ဝမ်းပိုချုပ်တတ်ကြပါတယ်။

    ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲ။

    အခန့်မသင့်ရင် လူတိုင်းဝမ်းချုပ်တတ်ကြတာချည်းပါပဲ။ ရံဖန်ရံခါ ဝမ်းချုပ်တာလောက်နဲ့တော့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။ ဝမ်းခဏခဏချုပ်နေပြီဆိုရင်တော့ ခုပြောမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်ဖို့ အလားအလာများနေပါပြီ။ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့

  • လိပ်ခေါင်းထွက်လာမယ်။ ( ဝမ်းချုပ်တော့ အရမ်းညှစ်လွန်းလို့ စအိုတွင်းက သွေးကြောလေးတွေဖောင်းပြီး အပြင်ကို ပြူထွက်လာပါတယ်။ ဝမ်းသွားပြီးရင် စအိုထဲကနေ သွေးဆင်းလာတတ်ပါတယ်)
  • စအိုဝကွဲသွားမယ်။ ( မာနေတဲ့ စမြင်းတုံးတွေကြောင့် စအိုဝက အရေပြားတွေ ပြဲသွားတာဖြစ်ပါတယ်)
  • စမြင်းတုံးခံနေတဲ့အတွက် စအိုဝမှာ တစ်ဆို့ဆို့ကြီးဖြစ်နေပြီး နေထိုင်ရတာ မသက်သာတော့ပါဘူး။
  • အူမကြီးကင်ဆာအစာဟောင်းအိမ်ကင်ဆာတို့ဟာ ဝမ်းချုပ်တာကနေဖြစ်လာတဲ့ နာမည်အကြီးဆုံးကင်ဆာ ၂ ခုပါ။
  • ဝမ်းချုပ် တာကို အမြန်ဆုံးဘယ်လိုသက်သာအောင် ဖြေရှင်းလို့ရမလဲ။

    ဝမ်းချုပ်တာအတွက် အကောင်းဆုံးလတ်တလော ဖြေရှင်းနည်းက ဝမ်းနှုတ်ဆေးသောက်တာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးအရည်၊ ဝမ်းနှုတ်ဆေးပြား၊ ဝမ်းချူဘောလုံးဆိုပြီး ဝမ်းချုပ်တာကို ဖြေရှုင်းနိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ ဆေးလုံးသောက်ရင် နင်တတ်တဲ့သူတွေ ဝမ်းချူဘောလုံးရသုံးတာ လည်း အဆင်မပြေတဲ့သူတွေကတော့ ဝမ်းနှုတ်ဆေး အရည်တွေကို ပိုကြိုက်ကြပါတယ်။ နောက် ဝမ်းပျော့ဆေးဆိုတာလည်း ရှိပါတယ်၊၊

    ဒါတွေက ယာယီအတွက်ပဲဖြစ်ပြီး ခဏခဏသုံးဖို့တော့ မသင့်တော်ပါဘူး၊၊

    ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ။

    ဝမ်းချုပ်တယ်ဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ အရာတစ်ခုပါ။ ဝမ်းချုပ်တယ်ဆိုပြီး ဝမ်းနှုတ်ဆေးချည်းပဲ သောက်နေလို့ မရပါဘူး။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် အဓိကတော့ ဝမ်းချုပ်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကို ဆက်ဖြစ်စေတဲ့ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ကြည့်ရအောင်။ ။

    • ကိုယ်စားတဲ့ ထမင်းပန်းကန်ရဲ့ ၅ ပုံ၃ပုံလောက်ကို အသီးအရွက်တွေနဲ့ ပြည့်နေပါစေ။ အမျှင်ဓာတ်လောက် ဝမ်းကို မှန်စေတဲ့ အရာမရှိတော့ပါဘူး။
    • ရေများများသောက်ပါ။ ရေများများသောက်လိုက်မှ ရေတွေကို အူမကြီးက စုပ်ယူလိုက်ပြီး ဝမ်းသွားချင်အောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်သင့်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာနိုးနိုးချင်း ရေကို တစ်ဝသောက်ချလိုက်ပါ။ အူကို သန့်ပြီးသားဖြစ်သွားပါလိမ့်မယ်။
    • ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ အထိုင်မများဘဲ လှုပ်ရှားနေရင် အူလှုပ်ရှားမှုပိုကောင်းပြီး ညှစ်အားလည်းကောင်းလာလို့ ဝမ်းသွားတဲ့အခါ အခက်အခဲ မရှိနိုင်တော့ပါဘူး။
    • ဝမ်းသွားချင်ပြီဆိုတာနဲ့ အိမ်သာကိုချက်ချင်းသွားပါ။ မအားသေးလို့ ချုပ်ထားတာမျိုးကနေ ဝမ်းချုပ်တာ ဖြစ်သွားနိုင်ပါတယ်။

    ဒါတွေကတော့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ ဝမ်းချုပ်တာကို ကာကွယ်လို့ရမယ့် နည်းလေးတွေ၊ ကုသလို့ရတဲ့ နည်းလေးတွေ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတော့မှာဖြစ်လို့ ဝမ်းချုပ်တာကြောင့် ဖြစ်ရတဲ့ စိတ်အနှောင့်အယှက်တွေ ကင်းဝေးပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။

    ရေးသားသူ- Dr Thin Yadanar @Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement