လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ အန္တရာယ်ကိုရော သတိရမိရဲ့လား။
နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင် ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။
အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။
အရေပြားကင်ဆာ အန္တရာယ် ဘယ်သူတွေမှာ ပိုစိုးရိမ်ရလဲ
- အသားဖြူတဲ့သူ –ဘယ်သူမဆို၊ ဘယ်အသားအရောင်မဆို အရေပြားကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုပေမယ့် အရေပြားမှာရှိတဲ့ရောင်ခြယ်melaninနည်းရင် ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်နိုင်စွမ်းနည်းလေဖြစ်ပါတယ်။ ဒီတော့ အသားဖြူတဲ့သူဟာ အသားညိုသူတွေထက် အရေပြားကင်ဆာဖြစ်လာနိုင်ခြေပိုများပါတယ်။
- နေလောင်ဒဏ်ခံခဲ့ရဖူးသူ – ကလေးတုန်းကဖြစ်ဖြစ်၊ကျောင်းတက်ရင်းဖြစ်ဖြစ်နေလောင်ဒဏ်ကြာရှည်ခံရဖူးတဲ့သူတွေမှာလည်းနောက်ပိုင်းကျရင် အရေပြားကင်ဆာဖြစ်လာနိုင်ခြေပိုများပါတယ်။
- နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့သူ – အကြောင်းအမျိုးမျိုးကြောင့်နေရောင်ခြည်နဲ့ထိတွေ့မှုများနေရသူတွေ တနည်းအားဖြင့်နေပူထဲထွက်ရလေ့ရှိသူတွေ၊ အထူးသဖြင့်နေလောင်ကာခရင်မ် သို့မဟုတ် အဝတ်အစားနဲ့မကာကွယ်သူတွေမှာ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။
- ရာသီဥတုပူတဲ့နေရာမှာနေထိုင်သူ – ရာသီဥတုပူတဲ့နေရာဒေသမှာနေထိုင်သူတွေဟာအေးတဲ့နေရာမှာနေသူတွေထက်နေပူဒဏ်ပိုခံရပါတယ်။ ကုန်းမြင့်ပိုင်းဒေသတွေမှာနေထိုင်သူတွေမှာနေရောင်ခြည်က အပြင်းဆုံးဖြစ်တာကြောင့် အသားအရေထိခိုက်ဖို့ပိုများပါတယ်။
- မှဲ့တွေများတဲ့သူ– မှဲ့တွေများတဲ့သူ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့မှဲ့တွေထွက်လာတဲ့သူတွေမှာ ကင်ဆာဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့မှဲ့ဆိုတာ ပုံမှန်ထက်နည်းနည်းပိုကြီးပြီး ပုံသဏ္ဍာန်ထူးဆန်းနေတာမျိုးပါ။
- ကင်ဆာဖြစ်နိုင်တဲ့အရေပြားအနာတွေရှိတဲ့သူ –actinic keratoses လို့ခေါ်တဲ့ အရေပြားအနာတွေရှိရင် အရေပြားကင်ဆာဖြစ်နိုင်ခြေများနိုင်ပါတယ်။နေလောင်ခြင်းကြောင့်ဖြစ်လာတဲ့ အရေပြားခြောက်သွေ့အဖတ်လန်ခြင်းဟာ မျက်နှာ၊ ဦးခေါင်းနဲ့ လက်တွေလိုနေရောင်ခြည်နဲ့ထိတွေ့လွယ်တဲ့နေရာတွေမှာဖြစ်လေ့ရှိပါတယ်။
- မိသားစုမျိုးရိုးရှိတဲ့သူ – မိဘ တစ်ဦးဦး သို့မဟုတ်မွေးချင်းတစ်ဦးမှာ အရေပြားကင်ဆာဖြစ်ဖူးရင် ကိုယ်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။
- ကိုယ်ခံအားနည်းသူ – ကိုယ်ခံအားနည်းတဲ့သူတွေမှာ အရေပြားကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။ ကိုယ်ခံအားကျတဲ့ရောဂါရှိသူတွေနဲ့ ကိုယ်အင်္ဂါအစားထိုးကုသမှုနောက်ပိုင်းimmunosuppressantဆေးတွေသောက်နေရသူတွေ ပါဝင်ပါတယ်။
- ဓါတ်ရောင်ခြည်ထိတွေ့ဖူးသူ – အရေပြားရောဂါပြဿနာတွေအတွက် ဓါတ်ရောင်ခြည်သုံး(လေဆာ) ကုထုံးတွေခံယူဖူးသူမှာ အရေပြားကင်ဆာဖြစ်နိုင်ခြေပိုများစေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
အရေပြားကင်ဆာအများစုက ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒီအချက်တွေကိုသာ ဂရုစိုက်ပေးပါ –
- မွန်းတည့်နေကိုရှောင်ပါ။မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်းနေရောင်ခြည်ကအပြင်းဆုံးမို့ မိုးအုံ့နေခဲ့ရင်တောင် အဲ့ဒီအချိန်ကိုသတိထားပါ။ မိုးအုံ့နေပေမယ့် ခရမ်းလွန်ရောင်ခြည်ဒဏ်က အနည်းငယ်သာ သက်သာနိုင်တာဖြစ်ပါတယ်။
- နေလောင်ကာခရင်မ်အမြဲလိမ်းပါ။နေလောင်ကာခရင်မ်တွေဟာနေရောင်ခြည်ကာကွယ်ရာမှာ အဓိကကျပါတယ်။ အနည်းဆုံး SPF 15လောက်ပါတဲ့sunscreen ကိုရွေးချယ်သင့်ပါတယ်။ ၂ နာရီခြားတစ်ကြိမ်ပြန်လိမ်းပေးပါ။ Body lotionတွေမှာလည်းSPF ပါတဲ့အမျိုးအစားကိုရွေးချယ်သုံးတာ အဆင်ပြေပါတယ်။ တစ်ခုရှိတာက အပြင်မထွက်ဖြစ်လို့ဆိုပြီး ဒါတွေလိမ်းစရာမလိုဘူးမထင်ပါနဲ့၊ အမိုးအကာအောက်မှာရှိနေလည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့လိုအပ်ပါတယ်။
- နေလောင်ဒဏ်ကာကွယ်မယ့်အဝတ်အစားကိုရွေးပါ။sunscreenတွေက ခရမ်းလွန်ရောင်ခြည်ကနေ အပြည့်အဝမကာကွယ်ပေးနိုင်တာကြောင့် အဝတ်အစားနဲ့ကာကွယ်ပါ။နေပူထဲထွက်တဲ့အခါ အတိုတွေ၊ လက်ပြတ်တွေဝတ်တာထက် လက်၊ခြေထောက်၊ လည်ပင်း လုံခြုံအောင် ဝတ်ဆင်ဖို့သတိရပါ။
- အပြင်ထွက်တဲ့အခါ ဦးထုပ်၊ထီးဆောင်းဖို့ မမေ့ပါနဲ့။တိမ်တွေကြောင့် မိုးအုံ့နေလည်း ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိနေပါတယ်။
- အရေပြားမှာထူးခြားတဲ့လက္ခဏာတွေ့ရင် မပေါ့ဆပါနဲ့။နဂိုတည်းကရှိနေတဲ့မှဲ့တွေမှာ ပုံသဏ္ဍာန်ပြောင်းလဲလာတာ၊ မှဲ့၊မှဲ့ခြောက်၊ အဖု၊ အမှတ် စတာတွေအသစ်ဖြစ်လာတာ၊ပြောင်းလဲလာတာတွေရှိမရှိ စစ်ဆေးပါ။ မသင်္ကာရင် ဆရာဝန်အမြန်ပြပြီးရောဂါရှာဖွေစစ်ဆေးပါ။
[embed-health-tool-bmi]