backup og meta

မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

    ခြင်ဆိုတာ တဝီဝီအသံနဲ့ အနှောင့်အယှက်ပေးရုံမက အကိုက်ခံရရင်လည်း ယားစပ်စပ်ဖြစ်ကျန်ခဲ့တဲ့ခံစားချက်က နေရခက်ပါတယ်။ ခြင်ကပေးတဲ့ပြဿနာက ဒါတင်မကပါဘူး။ ခြင်က သယ်ဆောင်လာတဲ့ရောဂါပိုးတွေကလည်း မနည်းမနောပါပဲ။ နောက်ဆက်တွဲအန္တရာယ်ကြီးမားတဲ့ရောဂါပိုးတွေကို ခြင်ကိုက်ခံရတဲ့အချိန်မှာ ကူးစက်ရရှိတတ်ပါတယ်။ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။

    မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

    နေရာဒေသနဲ့ ခြင်အမျိုးအစားအလိုက် ကူးစက်ရရှိနိုင်တဲ့ရောဂါတွေက အမျိုးမျိုးရှိပေမယ့် အာရှဒေသဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ဒီရောဂါတွေ အဖြစ်များပါတယ်။

    သွေးလွန်တုပ်ကွေးရောဂါ

    Aedes ခြင်အကိုက်ခံရတဲ့သူရဲ့ သွေးထဲကို ရောဂါပိုးဝင်ရောက်ပြီး ကူးစက်ခံရတာဖြစ်ပေမယ့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တစ်ခါတရံမှာ သွေးလွန်တုပ်ကွေး လက္ခဏာတွေက အပျော့စားဖြစ်ပြီး တုပ်ကွေး သို့မဟုတ် တခြားရောဂါလက္ခဏာတွေအဖြစ် အထင်မှားတတ်ကြပါတယ်။

    ဒါပေမယ့် သွေးလွန်တုပ်ကွေးက ဒီအတိုင်းမသက်သာနိုင်ဘဲ ပိုပြင်းထန်လာနိုင်ပါတယ်။ ရောဂါသိတာနောက်ကျရင် ပြင်းထန်တဲ့ dengue hemorrhagic fever ဖြစ်လာပြီး အဖျားတက်ခြင်း၊ သွေးကြောတွေထိခိုက်ခြင်း၊ နှာခေါင်းနဲ့ သွားဖုံးသွေးယိုခြင်း၊ အသည်းကြီးခြင်းနဲ့ ခန္ဓာကိုယ်သွေးယိုခြင်းတို့ ခံစားရပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    Chikungunya (ဆင်တုပ်ကွေး)ရောဂါ

    ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်း Aedes ခြင်ကနေ ကူးစက်ရရှိနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ကူးစက်ရရှိပြီး (၂ )ရက်ကနေ (၁၂ )ရက်အတွင်းမှာ ရောဂါအစပျိုးတတ်ပြီး လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း ၊ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့ အရေပြားနီမြန်းခြင်းတို့ ဖြစ်ပါတယ်။

    ဂျပန်ဦးနှောက်ရောင်ရောဂါ

    ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဟာ Culex ခြင်ကိုက်ခံရတာကြောင့် ကူးစက်ရရှိနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်း၊ ပျို့အန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ လှုပ်ရှားရခက်ခဲခြင်း စတဲ့လက္ခဏာတွေကတော့ (၅) ရက်ကနေ (၁၅ )ရက်အတွင်း သိသာလာတတ်ပါတယ်။

    နောက်ပိုင်းမှာတော့ ဦးနှောက်တဝိုက်မှာ ရောင်ရမ်းလာတာနဲ့ ကိုမာ အခြေအနေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ကလွတ်နိုင်ခဲ့ရင်လည်း ဦးနှောက်ထိခိုက်မှု၊ ဦးနှောက်တစ်ရှူးတွေ ပျက်စီးမှုကြောင့် နောက်ဆက်တွဲချို့ယွင်းမှုတွေ ကျန်ရစ်စေနိုင်လောက်တဲ့ အန္တရာယ်ရှိပါတယ်။

    ငှက်ဖျားရောဂါ

    Anopheles ခြင်တွေမှာပါလာတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် ငှက်ဖျားရောဂါ ရစေနိုင်ပါတယ်။ ငှက်ဖျားဖြစ်နေသူဟာ အဖျားတက်မယ်၊ ချမ်းတုန်မယ်၊ တုပ်ကွေးလိုလက္ခဏာတွေအပြင် ကြွက်သားနာကျင်မှုနဲ့ သွေးအားနည်းခြင်းကိုပါ ခံစားရနိုင်ပါတယ်။ သေချာကုသမှုမခံယူရင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်။

    ရောဂါဆိုးရွားလာပြီဆိုရင် ကိုယ်တွင်းအင်္ဂါထိခိုက်ခြင်းနဲ့ သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။ ငှက်ဖျားပိုးရှိတဲ့နေရာဒေသမှာ ခရီးသွားတွေက ဒေသခံတွေထက် ကူးစက်ခံရ ပိုလွယ်ပါတယ်။

    ဆင်ခြေထောက်ရောဂါ

    ဆင်ခြေထောက်ရောဂါ (Elephantiasis) ဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့အထဲမှာ ဖြစ်ခဲတဲ့ရောဂါဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ကူးစက်ခံရသူမှာ ဆင်ခြေထောက်လိုပုံစံ ခြေထောက်တွေ အဆမတန်ရောင်ရမ်းစေတဲ့အပြင် လက်၊ ရင်သားနဲ့ လိင်အင်္ဂါတွေမှာပါ အရေပြားကလည်း ဆင်အရေပြားလို ထူပိန်းပိန်း၊ မာကျော ရောင်ရမ်းစေနိုင်ပါတယ်။

    ကပ်ပါးပိုးရှိနေတဲ့လူကို ကိုက်ခဲ့တဲ့ခြင်ကတဆင့် နောက်တစ်ဦးကို ကူးစက်ပြန့်ပွားစေတာဖြစ်ပြီး ရောဂါပိုးက လူ့ခန္ဓာကိုယ်ရဲ့ ပြန်ရည်ကြောစနစ်အတွင်း ရှင်သန်နေထိုင်တာဖြစ်ပါတယ်။ Filarial worm လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ ဒီရောဂါမှာ အဆမတန်ရောင်ရမ်းလာတဲ့ ခြေလက်တွေကြောင့် ပုံမှန်လှုပ်ရှားနေထိုင်မှုမှာ ပြဿနာရှိလာပါတယ်။

    မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ခြင်ကတဆင့်ကူးစက်တတ်သောရောဂါတွေကို ဘယ်လိုကာကွယ်မလဲ

    ဒီလိုကြောက်စရာကောင်းတဲ့ရောဂါတွေ မဖြစ်ရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတော့

    • ခြင်ဆေးခွေဖြစ်ဖြစ်၊ စပရေးဖြစ်ဖြစ်၊ ခြင်ပြေးစက်ဖြစ်ဖြစ် ဘေးကင်းစိတ်ချရတဲ့ ခြင်ဆေးကို အသုံးပြုပါ။
    • ချောင်ချောင်ချိချိ အဝတ်အစား၊ အရောင်ဖျော့တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေဝတ်ဆင်ပါ။ အရောင်မှိုင်းတဲ့အဝတ်အစားတွေဆို ခြင်ပိုကိုက်နိုင်ပါတယ်။
    • ညနေဖြစ်ဖြစ်၊ ညဖြစ်ဖြစ် အိပ်တဲ့အခါ ခြင်ထောင်ထောင်အိပ်ပါ။
    • ခြင်တွေများမယ့်နေရာ၊ ခြင်တွေများတဲ့အချိန်(နေဝင်ချိန် သို့မဟုတ် အရုဏ်တက်ချိန်) အိမ်အပြင်ဘက်ထွက်ပြီဆိုတာနဲ့ ခြင်မကိုက်ဆေးလိမ်းပြီး ထွက်ပါ။ ဒါမှမဟုတ် ပျော်ပွဲစားထွက်တာဖြစ်ရင် အဲဒီနေရာတဝိုက်ကို ခြင်ဆေးခွေထွန်းတာမျိုး လုပ်ပါ။ Culex ခြင်တွေက မနက်အရုဏ်တက်နဲ့ ညနေစောင်းမှာ များတတ်ပြီး Aedesခြင်တွေက နေ့ဘက်မှာ ကိုက်တာများပါတယ်။
    • အိမ်နဲ့ ခြံဝင်းအတွင်း ရေဝပ်နိုင်တဲ့ နေရာတွေကို အမြဲမပြတ်လေ့လာစစ်ဆေးပါ။ ရေဝပ်နေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပစ္စည်းဟောင်းတွေကို ဖယ်ရှားပါ။ ဥပမာ – တာယာဟောင်း၊ ပုံး၊ ခွက်၊ အိုးခြမ်းပဲ့၊ ပန်းကန်ပဲ့တွေနဲ့ ကစားစရာတွေမှာ ရေဝပ်နေရင် ဖုံးအုပ်သင့်တာအုပ်၊ သွန်သင့်တာသွန်၊ ပစ်သင့်တာပစ်ပါ
    • အိမ်ထဲကခြင်မဝင်အောင် တတ်နိုင်သလောက် ကာကွယ်ပါ။ ခြင်လုံဇကာတပ်ထားတာ၊ အိမ်ထဲမှာ ခြင်ပြေးစက်သုံးထားတာ၊ ခြင်ဆေးဖျန်းတာ၊ ခြင်ဆေးခွေထွန်းတာလိုမျိုး ခြင်မကိုက်အောင် ကာကွယ်နိုင်ပါတယ်။
    • ချောင်ချောင်ကြားကြား ဝင်ဆော့ပြီး တစ်နေရာတည်းအငြိမ်မနေတဲ့ ကလေးတွေကိုတော့ အဝတ်အစားနဲ့လွတ်တဲ့နေရာမှန်သမျှခြင်ဆေးလိမ်းပေးထားပါ။ ကလေးရဲ့ လက်ချောင်းတွေ၊ မျက်နှာ၊ မျက်လုံးနဲ့ ပါးစပ်တဝိုက်ကို မလိမ်းပေးဖို့သတိထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement