backup og meta

ဆောင်းရာသီမှာ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်

ဆောင်းရာသီမှာ ခြေထောက်လေးတွေကို ဒီလိုဂရုစိုက်

ဆောင်းရာသီက အသားခြောက်တဲ့ရာသီပါ။ဆောင်းရာသီမှာ အသားအရေကို ဂရုစိုက်ဖို့လိုသလိုခြေထောက်တွေကိုဂရုစိုက်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ လူတော်တော်များများကဆောင်းရာသီမှာ အသားအရေကို အဓိကထားဂရုစိုက်ကြပေမယ့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ကိုတော့မေ့နေတတ်ကြပါတယ်။ တကယ်တော့ခြေထောက်လေးတွေကလူတစ်ယောက်အတွက်အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တာကြောင့်ဆောင်းရာသီမှာ သူတို့လေးတွေကိုလည်း ဂရုစိုက်ပေးပါနော်။

ဆောင်းအေးအေးမှာခြေထောက်ကို ဒီလိုဂရုစိုက်ပါ

ဆောင်းရာသီမှာခြေထောက်လေးတွေ ကျန်းမာလှပနေစေဖို့ဆိုရင်တော့

ခြေထောက်ကို အစိုဓါတ်ထိန်းပေးပါ

ဒီအချက်ကခြေထောက်ကျန်းမာနေစေဖို့ မဖြစ်မနေလိုက်နာရမယ့် အချက်တစ်ချက်ပါ။ဆောင်းရာသီလိုအေးမြတဲ့အချိန်မှာခြေထောက်တွေကို တစ်နေ့ကို အနည်းဆုံး ၃ ကြိမ် ၄ ကြိမ်လောက်တော့ အစိုဓါတ်ထိန်းပေးပါ။ခြေထောက်အသားအရေခြောက်သွားတိုင်းလူးပေးပါ။

ခြေထောက်ကိုေနွးနွေးထွေးထွေးထားပါ

ဒီအချက်ကလည်း လိုက်နာသင့်တဲ့ အချက်တစ်ခုပါ။ဆောင်းအရမ်းအေးတဲ့အခါခြေထောက်ကိုနွေးအောင်ထားပေးတာကခြေထောက်အသားအရေကို ထိန်းသိမ်းရာရောက်သလို ခန္ဓါကိုယ် အပူချိန်ကို ထိန်းညှိရာရောက်ပါတယ်။ ဒါကြောင့်ဆောင်းရာသီခြေညှပ်ဖိနပ်တွေအစားခြေထောက်နွေးစေမယ့် ဖိနပ်တွေကို ဝတ်ဆင်ပေးပါ။

ရေများများသောက်ပါ

ရေကခြေထောက်အတွက်ရော၊ အသားအရေအတွက်ရော တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါကောင်းပါတယ်။ ကိုယ်တွင်းအင်္ဂါတွေအတွက်လည်း လိုအပ်တဲ့အရာတစ်ခုပေါ့။ဆောင်းရာသီမှ အသားခြောက်တာ ကင်းဝေးစေဖို့ရေများများသောက်ပေးပါ။

ခြေအိတ်စွပ်ပါ

ဆောင်းရာသီမှာခြေအိတ်လေးတွေစွတ်ထားပေးတာကခြေထောက်ကိုနွေးစေပြီးပြင်းထန်တဲ့ ရာသီဥတုကနေ ကာကွယ်ရာရောက်ပါတယ်။ တကယ်လို့ သင့်မှာခြေအိတ်စွပ်တတ်တဲ့ အကျင့်မရှိဘူးဆိုရင်တောင်မှဆောင်းရာသီမှာတော့ခြေအိတ်စွပ်ပေးပါ။

ခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ

ဆဲလ်သေတွေကြောင့်ခြေထောက်အရေပြားတွေၤ ကြမ်းတမ်းအက်ကွဲတာပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရာသီမှာ တစ်ပတ်ကို တစ်ကြိမ်လောက်ကြေးတွန်းကျောက်ကိုသုံးပြီးခြေထောက်ကဆဲလ်သေတွေကို ဖယ်ရှားပေးပါ။

ခြေထောက်ကိုရေနွေးစိမ်ပေးပါ

ဒါကလည်းခြေထောက်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်ခြေထောက်ကို ၃ ရက်တစ်ကြိမ်လောက်ရေနွေးနွေးလေးထဲစိမ်ပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ အသားအရေကိုလည်းကောင်းမွန်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

ခြေသည်းတွေညှပ်ပါ

ဆောင်းရာသီမှာခြေသည်းရှည်တွေထားတာကခြေထောက်ကို ပိုးဝင်လွယ်စေနိုင်ပါတယ်။ ဒါကြောင့်ခြေသည်းလေးတွေကို ခပ်တိုတိုလေးညှပ်ပေးထားပါ။ ဒီလိုလုပ်တာကြောင့်ခြေထောက်မတော်တဆထိခိုက်မိနိုင်ခြေနည်းသွားနိုင်သလိုခြေထောက်ကို မှိုပိုးလိုမျိုး ပိုးဝင်ကူးစက်မှုတွေကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ခြေသည်းတွေကို ဆီလိမ်းပေးပါ

ဆောင်းရာသီမှာ ဂရုစိုက်ဖို့လိုတဲ့နောက်အစိတ်အပိုင်းတစ်ခုကခြေသည်းပါ။ခြေသည်းလေးတွေကိုလည်းခြေထောက်အရေပြားလိုပဲ ဂရုစိုက်ရပါမယ်။ ဒါကြောင့်ခြေထောက်ကို အစိုဓါတ်ထိန်းသလိုပဲခြေသည်းလေးတွေကို ဆီတစ်မျိုးမျိုးလိမ်းပေးပါ။ အုန်းဆီလိမ်းပေးမယ်ဆိုရင်ခြေသည်းတွေကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာဖြစ်သလိုခြေသည်းလေးတွေကို အစိုဓါတ်ရစေပြီး ကျန်းမာသန်စွမ်းစေမှာပါ။ခြေသည်းတွေဆောင်းအအေးဒဏ်ကြောင့် ကြွပ်ဆတ်ကွဲအက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကဲဆောင်းရာသီမှာခြေထောက်လေး အလှမပျက်စေဖို့ ဒီနည်းလေးတွေ သုံးလိုက်ပါ……

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Tips For Foot Care In Winterhttps://www.boldsky.com/beauty/body-care/2014/six-tips-for-foot-care-in-winter-054648.html Accessed Date 8 January 2019

Treat Winter Feet With These Nourishing Remedieshttps://www.mindbodygreen.com/articles/winter-feet-care-how-to-care-for-feet-in-the-winter Accessed Date 8 January 2019

Winter foot care tips for men, women – Make your winter crack freehttps://beautyhealthtips.in/winter-foot-care-tips-for-men-women-make-your-winter-crack-free/ Accessed Date 8 January 2019

ယခုပုံစံ

08/06/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခြေသည်းမှိုစွဲခြင်း မှ ကာကွယ်ခြင်း

ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေစားရမလဲ



Aye Thi Mon မှ ရေးသားသည်။ · 08/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement