backup og meta

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

ရာသီမရွေး အအေးမိဖျားနာ ဖြစ်နိုင်တယ်ဆိုပေမယ့် မိုးတွင်း၊ ဆောာင်းတွင်းကတော့ အအေးမိတာတွေ အဖြစ်အများဆုံးအချိန်ပါပဲ။ ပုံမှန်ကတော့ ၃ရက်ကနေ အလွန်ဆုံး တစ်ပတ်လောက်နဲ့ သက်သာသွားပေမယ့် တချို့လူတွေမှာကျ တစ်ခါဖျားလိုက်တာနဲ့ ၂ပတ်လောက်ထိကို မပျောက်ဘဲ သောင်တင်နေတတ်တယ်နော်။ အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ ဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်ကြရအောင်။

အအေးမိတဲ့အခါ တော်ရုံနဲ့ အဖျားမပျောက်တာ ဘာကြောင့်များလဲ

၁။ ကောင်းကောင်းအိပ်စက်အနားမယူလို့

အိပ်စက်အနားယူခြင်းဟာ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေပြီး ဖျားနာခြင်းကို တိုက်ထုတ်ပေးတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ပုံမှန်အချိန်မှာလည်း တစ်နေ့ အိပ်ချိန် ၇နာရီအပြည့်အဝမရဘူး၊ ဖျားနေတဲ့အချိန်မှာလည်း ကောင်းကောင်းအနားမယူဘူးဆိုရင်တော့ ပြန်သက်သာဖို့ အချိန်ပိုကြာနိုင်တယ်နော်။

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားနေပြီလို့ သံသယရှိတာနဲ့ လုပ်လက်စအလုပ်တွေကို နားပြီး နေ့ရော ညပါ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။

၂။ အရည်သောက်နည်းလို့

လူက ဖျားပြီဆိုရင် ဘာမှမစားချင်၊ မသောက်ချင် ဖြစ်တတ်တာသိကြမှာပါ။ အထူးသဖြင့် ဖျားတဲ့အခါ ကိုယ်ခန္ဓာတွင်းမှာလည်း ရေဓာတ်က ကုန်ဆုံးသွားတတ်တော့ ဖျားတဲ့အခါ ရေဓာတ်ပိုလိုပါတယ်။ ဖျားတာတင်မကဘဲ နောက်ဆက်တွဲ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်၊ နှာရည်ယို၊ ချောင်းဆိုးတာတွေလည်း ရေဓာတ်ဆုံးရှုံးစေပါတယ်။

ဒါကြောင့် ဖျားပြီဆိုရင် အစားဝင်အောင်စားပါ။ ရေများများသောက်ပေးပါ။ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည်၊ ဓာတ်ဆားရည် သောက်ပေးပါ။ ကော်ဖီ၊ အရက်၊ ဂက်စ်ပါတဲ့ အအေးတွေကိုတော့ ခဏနားထားပါ။

၃။ စိတ်ဖိစီးမှုများနေလို့

ဖျားနေတာတောင် အိပ်ရာမှာ အေးဆေးမနားဘဲ အလုပ်ကိစ္စ၊ မိသားစုကိစ္စ၊ အချစ်ရေးကိစ္စတွေနဲ့ စိတ်ဖိစီးပြီး ပူလောင်နေတတ်တဲ့အကျင့်ရှိလား။ ဒါဆိုရင်တော့ တော်ရုံအဖျားက ပျောက်နိုင်မှာမဟုတ်ပါဘူး။

စိတ်ဆိုတာလည်း ခန္ဓာကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေတာမို့ ကိုယ့်စိတ်က ပြိုလဲနေရင် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ကလည်း ဒီရောဂါဘက်တီးရီးယားတွေကို ကောင်းကောင်းတိုက်ဖျက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖျားနေရင် ဘာအကြောင်းနဲ့မှ စိတ်ညစ်မခံပါနဲ့။ အဖျားအမြန်ပျောက်ဖို့ကိုပဲ ခေါင်းထဲထည့်ပါ။

၄။ ဆေးမသောက်ဘဲ ပေပေတေတေ နေတာ

တချို့တွေ ရှိပါတယ်။ ဖျားနေတယ်၊ ကိုယ်လက်ကိုက်ခဲနေတယ်၊ နှာစေးနေတယ်။ ကိုယ့်မှာဒါတွေ ဖြစ်မှန်းလည်း သိပါလျက်နဲ့ ဆေးခန်းမပြ၊ ဆေးမသောက်ဘဲ ပေတေပြီး နေတတ်တာပေါ့။ ဒီလိုမျိုး လုပ်တဲ့သူတွေဆိုရင်လည်း အဖျားဝေဒနာက တော်ရုံနဲ့မပျောက်နိုင်ဘူးဆိုတာ သတိထားသင့်တယ်နော်။

၅။ ဆေးမြီးတိုတွေနဲ့ လျှောက်ကုတာ

အရင်ကရော အခုထိ လူတွေကြားမှာ အပြောများနေဆဲအရာကတော့ ဒီအမြစ်၊ ဒီအရွက်လေးကို ဘယ်လိုလုပ်သောက်ရင် ဘာရောဂါပျောက်ပါတယ်ဆိုတဲ့ အဆိုးဆုံး ဆေးမြီးတို ဂျင်းတွေပါပဲ။ သူတို့အတွက်တော့ ကိုယ်ခံအားစနစ်အခံကောင်းလို့ ကံကောင်းပြီး ပျောက်သွားခဲ့ရင်တောင် ကိုယ့်အတွက်ဒီလိုဟုတ်ချင်မှ ဟုတ်မှာပါ။

နောက်ပြီးတော့ ဒီဆေးမြစ်ဆေးရွက်တွေဟာ ရောဂါတွေကို အမှန်တကယ် ကုသပျောက်ကင်းနိုင်တယ်ဆိုတာ ဘယ်ဆေးခန်း၊ ဆေးပညာအဖွဲ့အစည်းကမှ စစ်ဆေးတွေ့ရှိထားခြင်း မရှိပါဘူး။ ဒါကြောင့် နေမကောင်းဖြစ်ပြီဆိုရင် ဆေးခန်းသွားပြပါ။ တွေ့ကရာ ဆေးမြီးတိုတွေနဲ့ လျှောက်မကုပါနဲ့။

၆။ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်နေဆဲမို့

အဖျားဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပျောက်သွားမှာပါဆိုပြီး ဝေဒနာကိုမမှုဘဲ လေ့ကျင့်ခန်းတွေလုပ်၊ အလေးတွေ မနဲ့ လုပ်တဲ့အကျင့်က တော်တော်ဆိုးတယ်နော်။ အထူးသဖြင့် အမျိုးသားတွေမှာ ကိုယ်ဆော့ထားသမျှ အိမ်မှာနားလိုက်ရင် ပြန်ကျသွားတော့မှာပဲ ဆိုတဲ့ စိုးရိမ်စိတ်တွေက များနေတော့ ဖျားနေရင်းနဲ့တောင် Gym ထိ လာဆော့တတ်ကြပါတယ်။ အဲ့လိုမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖျားနေမှန်းသိရင် အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပါ။ ကိုယ်ခံအားစနစ်ပြန်တက်လာအောင် သေချာစားသောက်အနားယူပါ။

၇။ နောက်ဆက်တွဲ အဆုတ်ပိုးဝင်လို့

ဒါကတော့ ဖြစ်ခဲပါတယ်။ အအေးမိဝေဒနာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ရက်ပိုင်းလောက်နဲ့ သက်သာသွားတတ်ပြီး အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ခုခံအားမကောင်းတဲ့သူတွေဆိုရင်တော့ နောက်ဆက်တွဲ အဆုတ်ထဲ ဘက်တီးရီးယားပိုးဝင်ပြီး အဖျားတာရှည်တာ၊ အအေးမိလက္ခဏာတွေ ပိုဆိုးတာ ဖြစ်တတ်ပါတယ်။

ကဲ အပေါ်မှာပြောထားခဲ့တဲ့ အဖျားဝေဒနာကို ရှည်ကြာစေအောင် လုပ်မိနေတဲ့ အကျင့်ဆိုးတွေ ကိုယ့်မှာရှိတယ်ဆိုရင် မြန်မြန်ဖျောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလို မုတ်သုံကာလမှာ အအေးမိဖျားနာ၊ တုပ်ကွေးရန်ကနေ ကင်းဝေးပြီး နေ့ရက်တိုင်းကို ကျန်းကျန်းမာမာနဲ့ ကျော်ဖြတ်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/cold-and-flu/your-cold-wont-go-away#2(August 2, 2019)

ယခုပုံစံ

11/03/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ကိုယ်ချစ်တဲ့မိသားစုဝင်တွေ ကျန်းမာစေဖို့

မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement