backup og meta

နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ

    နွေရာသီကို ရောက်လာပြီဆိုရင် အပူချိန်ပြဿနာက စလာပါပြီ။ ကမ္ဘာကြီးပူနွေးလာတာကြောင့် တစ်နှစ်ထက် တစ်နှစ် နွေက ပိုပူလာပါပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ နှစ်တိုင်း အပူ လျှပ်တဲ့သူတွေ ပိုများလာပါပြီ။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုခံရပါတယ်။ အပူမလျှပ်ရင်တောင်မှ တခြား ချွေးထွက်လွန်တာ၊ ကြွက်တက်တာတွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက သူတွေက ပိုခံရပါတယ်။ ဒီတော့ ဒီနှစ်နွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ နွေရာသီရဲ့ အရေးပေါ် အပူ ပြဿနာများ ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ကြည့်ရအောင်။

    အရေးပေါ် အပူပြဿနာလို့ ပြောရင် ၃ခုရှိပါတယ်။ အပူကြောင့် ကြွက်တက်တာရယ်၊ အပူကြောင့် အားအင်ကုန်ခမ်းတာရယ်၊ အပူလျှပ်တာရယ်ပါ။ ၃ခုလုံးက အရေးပေါ်အခြေအနေဖြစ်လို့ အရေးကြီးပါတယ်။

    အပူချိန်များတဲ့ နေရာမှာ နေတယ်။ ဒါမှမဟုတ် နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ၃ခုအကြောင်းကို သိကို သိထားသင့်ပါတယ်။ ဒီအရေးပေါ်ပြဿနာတွေက စောစောသိပြီး စောစောကုနိုင်မယ်ဆိုရင် အသက်ရှင်နိုင်ချေ များပါတယ်။ အထူးသဖြင့် ကြွက်တက်တဲ့ အဆင့်၊ အားအင်ကုန်ခမ်းတဲ့အဆင့်မှာ သိမယ်ဆိုရင် အပူလျှပ်တဲ့အထိ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    အပူ လျှပ်တာရဲ့ အဆင့်တွေကို ဆက်ကြည့်ရအောင်။

    အပူကြောင့် ကြွက်တက်ခြင်း

    ကြွက်တက်တာက အပူလျှပ်တာရဲ့ ပထမဆုံးအဆင့်ပါ။ နေပူထဲမှာ လှုပ်လှုပ်ရှားရှားနေတဲ့ သူတွေက ပိုဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားမနေလည်း ဖြစ်တတ်ပါတယ်။

    အပူကြောင့် ကြွက်တက်တာက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ အဝလွန်တဲ့သူတွေ၊ အရက်သောက်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကြွက်သားတွေ  နာကျင်တာ၊ ကြွက်တက်တာတွေက အဓိက လက္ခဏာပါပဲ။

    အပူကြောင့် အားအင်ကုန်ခမ်းခြင်း

    အပူချိန် လွန်ကဲတဲ့အခါ ချွေးထွက်လွန်ပြီး ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးလာပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်မှာ ရေဓာတ်တွေ အလွန်အမင်းဆုံးရှုံးတာကြောင့် နုံးလာပါတယ်။ လက္ခဏာတွေကတော့

    • ကြွက်တက်တာ
    • မူးတာ
    • သတိမကောင်းတာ
    • နှလုံးခုန်မြန်တာ၊ အသက်ရှူမြန်တာ
    • ခေါင်းကိုက်တာ
    • စိတ်ဆတ်တာ
    •  အလွန်အမင်း ရေဆာတာ
    • ပျို့အန်တာ
    • ဖြူဖတ်ဖြူရော်ဖြစ်တာ
    • ချွေးထွက်လွန်တာ
    • သတိလစ်တာ စတာတွေ ဖြစ်လာပါတယ်။

    အပူလျှပ်ခြင်း

    ဒါက အပြင်းထန်ဆုံးပါပဲ။ အပူချိန်များတဲ့ နေရာမှာ အကြာကြီးအလုပ်လုပ်ရင် ကြာလာတဲ့အခါ ဦးနှောက်ရဲ့ အပူချိန်ထိန်းတဲ့ နေရာက အလုပ်မလုပ်နိုင်တော့ပါဘူး။ ပုံမှန်က ပူလာရင် အပူကို လျှော့ချတဲ့အနေနဲ့ ခန္ဓာကိုယ်က ချွေးထွက်ရပါတယ်။ ဒီလိုအချိန်မှာတော့ ခန္ဓာကိုယ်က ချွေးမထွက်တဲ့အတွက် ကိုယ်မှာ  အပူတွေ စုလာပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့

    • အပူချိန်က ၁၀၀ ဒီဂရီ ဖာရင်ဟိုက် ကျော်ပါတယ်။
    • မသင့်တော်တဲ့ အပြုအမူတွေလုပ်တာ၊ မရှိတာတွေကို  မြင်တာ
    • ကယောင်ကတမ်းဖြစ်တာ
    • အသက်ရှူမြန်တာ
    • သွေးခုန်နှုန်းမြန်တာ
    • တက်တာ
    • သတိလစ်တာ
    • အသားအရေ ပူပြီး ခြောက်သွေ့တာ

    အပူလျှပ်တဲ့ သူတွေက တစ်ခါတစ်လေ ချွေးထွက်တာမျိုးလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့်တော့ ရေဓာတ်ဆုံးရှုံးတဲ့အတွက် အသားအရေက ခြောက်ပြီး ကိုင်ကြည့်ရင် ပူခြစ်နေမှာပါ။

    ဘယ်သူတွေမှာ အပူ ပြဿနာများ ပိုဖြစ်နိုင်လဲ

    အဖြစ်များတဲ့ သူတွေကတော့ အပူချိန်များတဲ့နေရာမှာ အကြာကြီး အလုပ်လုပ်တဲ့ သူတွေပါ။ ပူလွန်းတဲ့ နေရာမှာ အကြာကြီးပိတ်မိတဲ့သူတွေ (ဥပမာ ကားထဲမှာ) ကလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ပိုဖြစ်နိုင်တဲ့ သူတွေကတော့

    • အဝလွန်တဲ့ သူတွေ
    • အရက်သောက်တဲ့သူတွေ
    • သက်ကြီးရွယ်အိုတွေ
    • ကလေးငယ်တွေပဲ ဖြစ်ပါတယ်။

    အကြောင်းကတော့ ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရာမှာ ပိုခက်လို့ပါ။

    အပူ ချိန်လွန်ကဲတဲ့ သူတွေကို ဘယ်လို ပြုစုကြမလဲ။

    ကိုယ်ပဲဖြစ်ဖြစ် သူများပဲဖြစ်ဖြစ် အပူဒဏ်တွေ ခံနေရပြီဆိုရင် အောက်ကအတိုင်း လုပ်ပါ။

  • အရေးပေါ်အခြေအနေဖြစ်လို့ ဆေးရုံကားခေါ်တာဖြစ်ဖြစ် ဆေးရုံသွားတာဖြစ်ဖြစ် လုပ်ပါ။
  • သတိမကောင်းတဲ့သူ၊ အန်နေတဲ့သူကို ဘာမှမတိုက်ပါနဲ့။
  • အရက်တွေ ကော်ဖီတွေလည်း မတိုက်ပါနဲ့။
  • အရင်ဆုံး အရေးပေါ်ပြုစုနိုင်တဲ့ နည်းလမ်းတွေကတော့

    အပူကြောင့် ကြွက်တက်ရင် 

    • အရင်ဆုံး အေးတဲ့ နေရာကို ရွေ့ပေးပါ။
    • ကြွက်တက်တဲ့ နေရာကို အသာအယာနှိပ်ပေးပါ။
    • ဖြည်းဖြည်းချင်း အကြောလျှော့ပေးပါ။
    • ၁၅မိနစ်တစ်ခါ ရေအေးအေးဖြစ်ဖြစ် ဓာတ်ဆားဖြစ်ဖြစ် တိုက်ပေးပါ။

    အပူကြောင့် အားအင်ကုန်ခမ်းရင်

    • အရင်ဆုံး အေးတဲ့ နေရာကို ရွေ့ပါ။
    • ပွပွချောင်ချောင် အဝတ်အစားကို ဝတ်ပါ။
    • တစ်ကိုယ်လုံးကို ရေပတ်ဝတ်တိုက်ပါ။
    • ပန်ကာလေခံပါ။ အဲကွန်းခံပါ။
    • ၁၅မိနစ်တစ်ခါ ရေအေးအေးဖြစ်ဖြစ် ဓာတ်ဆားဖြစ်ဖြစ် တိုက်ပေးပါ။
    • မြန်မြန်မသောက်ပါနဲ့။

    အပူလျှပ်ခဲ့ရင်

    ဒါကတော့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အတွက် ဆေးရုံကို မြန်မြန်သွားရမှာပါ။ ဒီအချိန်အတွင်းလေးမှာတော့

    • အရင်ဆုံး အေးတဲ့ နေရာကို ရွေ့ပါ။
    • ပွပွချောင်ချောင် အဝတ်အစားကို ဝတ်ပါ။
    • ချွေးစိုနေတဲ့ အဝတ်အစားတွေကို လဲပါ။
    • ပန်ကာလေခံပါ။ အဲကွန်းခံပါ။
    • မျက်နှာသုတ်ပဝါအရွယ် အဝတ်၆ခုကို ရေစိုအောင် စွတ်ပါ။ ပြီးရင် လည်ပင်းနှစ်ဖက်မှာ တစ်ခုစီ၊ ချိုင်းအောက်မှာ တစ်ခုစီ၊ ပေါင်ခြံမှာ တစ်ခုစီ စုစုပေါင်း ၆ခု ကပ်ပေးပါ။ ဒီနေရာတွေမှာ သွေးကြောမကြီးတွေရှိလို့ အပူကို မြန်မြန်သက်သာစေပါတယ်။
    • သတိကောင်းရင် ၁၅မိနစ်တစ်ခါ ရေအေးအေးဖြစ်ဖြစ် ဓာတ်ဆားဖြစ်ဖြစ် တိုက်ပေးပါ။ မြန်မြန်မသောက်ပါနဲ့။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    တော်တော်များများကတော့ အပူလျှပ်ပြီး ရက်အနည်းငယ် အတွင်းမှာ သက်သာလာပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် အပူလျှပ်တဲ့အချိန်မှာ ဦးနှောက်က ရောင်ရမ်းလာပါတယ်။ ဒါက ဦးနှောက်ကို ပျက်စီးစေပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    အပူ ပြဿနာများ ကနေ ဘယ်လိုကာကွယ်ကြမလဲ။

    • ပွပွချောင်ချောင် အဝတ်အစားတွေ ဝတ်ပါ။ အရောင်ဖျော့တာလေးတွေ ရွေးဝတ်ပါ။ အဝတ်တွေကို အထူကြီး ဝတ်တာက ခန္ဓာကိုယ်ကို အပူတွေ စုစေပါတယ်။
    • နေလောင်မခံပါနဲ့။ နေလောင်တာခံရရင် ခန္ဓာကိုယ်က ကိုယ့်ကိုယ်ကို အေးအောင်မလုပ်နိုင်ပါဘူး။ ဒါကြောင့် အပြင်သွားရင် ထီး ဒါမှမဟုတ် ဦးထုပ်ဆောင်းပါ။ နေရောင်ကာ ကရင်မ် လိမ်းပါ။ နေကာမျက်မှန်တပ်ပါ။
    • ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က ချွေးထွက်ပြီး အပူချိန်ကို ထိန်းနိုင်မှာပါ။
    •  ကားပေါ်မှာ အလုံပိတ်ပြီး မနေပါနဲ့။ သူများကိုလည်း မထားပါနဲ့။ အလုံပိတ်ကားထဲမှာဆိုရင် ၁၀မိနစ်အတွင်းမှာ အပူချိန်က ၂၀ဒီဂရီ ဖာရင်ဟိုက်ထိ တက်သွားနိုင်ပါတယ်။

              အပူချိန်ကြောင့် ကလေးတွေ သေဆုံးရတဲ့ အထဲမှာ ကားထဲမှာ အလုံပိတ်ထားခဲ့လို့ အပူလျှပ်ပြီး သေရတာက ထိပ်ဆုံးမှာပါ။ ကားကို အရိပ်ထဲမှာ ရပ်ထားရင်တောင် စိတ်မချရပါဘူး။ ဒါကြောင့် နွေရာသီမှာ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကားထဲမှာ ပိတ်မထားခဲ့ပါနဲ့။

    • တတ်နိုင်ရင် အရက်မသောက်ပါနဲ့။ မရှောင်နိုင်ရင် လျှော့သောက်ပါ။
    • ကိုယ်က နေပူထဲမှာ အလုပ်လုပ်ရတဲ့သူဆိုရင် နေပြင်းတဲ့ အချိန်မှာ ရေများများသောက်ပါ။ အရိပ်ထဲမှာ နေပါ။ လေ့ကျင့်ခန်းလုပ်ဖို့ စဥ်းစားထားရင်လည်း အပူသက်သာတဲ့ မနက်စောစော ဒါမှမဟုတ် ညနေစောင်းမှ လုပ်ပါ။
    • အပူထဲမှာ နေသားမကျတဲ့သူဆိုရင် အပူဒဏ်ကို ပိုပြီးခံရနိုင်ပါတယ်။ ဒါကြောင့် နေရာအသစ်ကို ပြောင်းလုပ်တဲ့သူဆိုရင် ရာသီဥတုဒဏ်ကို မခံနိုင်သေးချိန်မှာ ပင်ပင်ပန်းပန်းအလုပ်တွေကို မလုပ်နိုင်သေးပါဘူး။
    • ဖြစ်နိုင်ခြေရှိတဲ့သူဆိုရင် ပိုပြီးသတိထားပါ။ ဆေးတွေ သောက်နေတယ်။ အပူဒဏ်ကို မခံနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတယ်ဆိုရင် (ဥပမာ အရင်ကလည်း အပူလျှပ်ဖူးတယ်ဆိုရင်) သတိထားပါ။ နွေရာသီမှ အားကစားပြိုင်ပွဲတွေမှာ ပါမယ်ဆိုရင်လည်း အပူဒဏ်မခံရအောင် သတိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement