backup og meta

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်ဆိုတာ သင့်ကိုယ်ခန္ဓာထဲက အညစ်အကြေးများကို ဆီးသွားခြင်းမှတဆင့် စွန့်ထုတ်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။ ကျောက်ကပ်တဖက်ဖက်မှာ တအိတ်တည်းဖြစ်ပေါ်လာတာ ရှိသလို နှစ်ဖက်စလုံးမှာ အရည်အိတ်များစွာ ဖြစ်ပေါ်နိုင်တဲ့ အခြေအနေလည်းရှိပါတယ်။

အရည်အိတ်တအိတ်ချင်းစီဖြစ်ပေါ်တဲ့ အခြေအနေဟာ ကျောက်ကပ်ကို ထိခိုက်နိုင်ခြေနည်းပါတယ်။ ဒါပေမယ့် အရည်အိတ်များစွာစုပြီး ဖြစ်ပေါ်တဲ့ရောဂါ (polycystic kidney disease) ကတော့ ကြီးထွားလာတာနဲ့အမျှ ကျောက်ကပ်ကို ဒုက္ခပေးလာနိုင်ပါတယ်။

များသောအားဖြင့် ကျောက်ကပ်အတွင်းမှာ အရည်အိတ်ဖြစ်နေခြင်းကို သတိမပြုမိကြပါဘူး။ လက္ခဏာမပြခဲ့ရင် တခြားပြဿနာတခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မှသာ သိရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အရည်အိတ်များဟာလည်း အရွယ်အစားအမျိုးမျိုးရှိပါတယ်။ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရမယ့်အရည်အိတ်မျိုးရှိသလို ဂေါ်လီလုံးပမာဏလောက်ရှိတဲ့ အရည်အိတ်လည်း တွေ့ရတတ်ပါတယ်။ အရည်အိတ်ကြီးမားလာရင်တော့ ဘေးပတ်ဝန်းကျင်က အင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖိမိတဲ့အတွက် နာကျင်မှု ဖြစ်တတ်ပါတယ်။

လက္ခဏာများ

သာမန်အရည်အိတ်ကလေးများဟာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် အရွယ်အစားကြီးမားလာရင်၊ ရောဂါပိုးဝင်ရောက်လာရင် ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့

– ဖျားနာခြင်း

– နောက်ကျောနှင့်ဘေးနံစောင်းအောင့်ခြင်း

– ဝမ်းဗိုက်အထက်ပိုင်းအောင့်ခြင်း

– ဝမ်းဗိုက်ဖောရောင်ခြင်း

– ပုံမှန်ထက် ဆီးပိုသွားခြင်း

– ဆီးအတွင်း သွေးပါခြင်း

– ဆီးမည်းသွားခြင်း

သွေးပေါင်ချိန်မြင့်တက်ခြင်း စတာတွေဖြစ်ပါတယ်။

အကြောင်းအရင်း၊ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ကျောက်ကပ်အရည်အိတ်တွေ ဘာကြောင့်ဖြစ်လာတယ်ဆိုတာ တိကျစွာ မသိရပါဘူး။ သုတေသီများရဲ့ ခန့်မှန်းချက်အရ ကျောက်ကပ်အတွင်းမှာ အရေအတွက် သန်းနဲ့ချီတဲ့ ပြွန်ကလေးများ တည်ရှိပါတယ်။ အဆိုပါပြွန်ကလေးများဟာ ဆီးကို စစ်ယူပေးရပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်လာရင်တော့ အရည်များနဲ့ပြည့်သွားပြီး ဖောင်းလာပါတယ်။ တခြားဖြစ်နိုင်ခြေတခုကတော့ ပြွန်ကလေးများရဲ့နံရံမှာ အားနည်းသွားပြီး အရည်များဝင်ရောက်ရာကနေ အိတ်များဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

ကျောက်ကပ်အရည်အိတ်များဟာ အသက်ကြီးလေ ဖြစ်နိုင်ခြေများလေ ဖြစ်ပါတယ်။ အသက် ၄၀ လောက် အရွယ်ပိုင်းရဲ့ လူဦးရေလေးပုံတပုံဟာ ကျောက်ကပ်အရည်အိတ် ဖြစ်နေတတ်ကြောင်း သိရပါတယ်။ အသက် ၅၀ ကျော်အရွယ်မှာတော့ လူဦးရေရဲ့ ထက်ဝက်ခန့်မှာ ဖြစ်တတ်ပါတယ်။ အမျိုးသားများဟာ အမျိုးသမီးများထက် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် အရည်အိတ်များစွာတည်တဲ့ အခြေအနေဟာ မျိုးရိုးဗီဇလိုက်တတ်ပါတယ်။

နောက်ဆက်တွဲပြဿနာများ

အရည်အိတ်အများစုဟာ ပြဿနာမပေးတတ်ပါဘူး။ ဒါပေမယ့် တခါတရံမှာ အောက်ပါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာစေပါတယ်။

– အရည်အိတ်အတွင်း ရောဂါပိုးဝင်ခြင်း

– အရည်အိတ်ပေါက်ထွက်ခြင်း

– ကျောက်ကပ်မှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း

– သွေးပေါင်ချိန်တက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ကျောက်ကပ်အတွင်း အရည်အိတ်များစွာဖြစ်ပေါ်နေရင်တော့ အချိန်နဲ့အမျှ ကျောက်ကပ်ကို ထိခိုက်လာပါတယ်။

ဘယ်လိုကုသမလဲ

ကျောက်ကပ်မှာ အရည်အိတ်တည်တဲ့လက္ခဏာပြလာရင်၊ ဒါမှမဟုတ် အရည်အိတ်တည်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ လိုအပ်ရင် ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ CT၊ MRI၊ Ultrasound စတဲ့ ပုံရိပ်ဖော်နည်းလမ်းတမျိုးမျိုးနဲ့ စစ်ဆေးပြီး ရောဂါရှာဖွေပါလိမ့်မယ်။ အရည်အိတ်ဟာ သေးငယ်ပြီး လတ်တလောပြဿနာမရှိလောက်ရင် ခြောက်လ၊ တစ်နှစ် စသဖြင့် ပြန်လည်ချိန်းဆိုပြီး စစ်ဆေးပါလိမ့်မယ်။ ကြီးမားတဲ့ အရည်အိတ်၊ ရောဂါဝေဒနာပေးနေတဲ့ အရည်အိတ်တွေဆိုရင်တော့ ဖောက်ထုတ်ပစ်တဲ့နည်းလမ်း၊ ခွဲစိတ်တဲ့နည်းလမ်းတွေနဲ့ ကုသပေးပါလိမ့်မယ်။ ကောင်းတာကတော့ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပုံမှန်ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

15/09/2020

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်မပျက်စီးအောင် ဘယ်လိုကာကွယ်မလဲ


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement