backup og meta

ဆီးချိုသမားတွေ COVID-19 ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၁၂ ဆပိုမြင့်


Ye Zon Aung မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုသမားတွေ COVID-19 ကူးစက်ခံရရင် သေဆုံးနိုင်ခြေ ၁၂ ဆပိုမြင့်

    ဆီးချိုဝေဒနာခံစားနေရသူတွေမှာ တခြားသောပြင်ပဝေဒနာတွေဖြစ်ပွားလာရင် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ခုလည်း လေ့လာချက်တွေနဲ့ လက်တွေ့မြေပြင်သက်သေအထောက်အထားတွေအရ ဆီးချိုဝေဒနာရှင်တွေ COVID-19 ရောဂါကူးစက်ခံရရင် ထိခိုက်နိုင်ခြေပိုမိုမြင့်မားကြောင်း ပိုပိုပြီး သိလာရပါပြီ။

    လက်ရှိကာလမှာ ကပ်ဘေးတစ်ခုအဖြစ် ကမ္ဘာတစ်လွှားမှာ ဒုက္ခပေးနေတဲ့ COVID-19 ကူးစက်ရောဂါကြီးဟာ လူပေါင်း သန်း ၅၀ ဝန်းကျင်ကို ကူးစက်ခဲ့ပြီး သေဆုံးသူအရေအတွက်ကလည်း ၁.၃ သန်းဝန်းကျင်အထိ ရှိလို့နေပါတယ်။

    လူလူချင်းထိတွေ့မှု၊ အသက်ရှူလမ်းကြောင်းစတာတွေကနေ ကူးစက်နိုင်ပြီး နာတာရှည်ရောဂါအခံရှိသူတွေကို ပိုမိုထိခိုက်စေတဲ့ ဒီရောဂါဟာ ကုသဆေးနဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ ဒီဝေဒနာက နာတာရှည်ရောဂါအခံ တစ်ခုခုရှိနေတာတွေသာမက သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ဆိုထားမဟုတ်လား။

    ဆီးချိုရှိရင် သတိထားပါ

    ပြင်သစ်အခြေစိုက် ဆေးသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အသစ်တစ်ခုအရဆိုရင် ကိုဗစ်ရောဂါဟာ ဆီးချိုဝေဒနာခံစားနေရသူတွေကို ကူးစက်မိပြီဆိုရင် တစ်ပတ်အတွင်း သေဆုံးစေနိုင်တဲ့အထိ ဒုက္ခပေးနိုင်တယ် ဆိုလာပါတယ်။

    အဆိုပါ လေ့လာချက်ကို ဆေးရုံ ၅၃ ရုံက ဆီးချိုဝေဒနာသည် COVID-19 လူနာတွေကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးအစား-၂ ဆီးချိုသမား ၈၉% နဲ့ အမျိုးအစား-၁ ဆီးချိုဝေဒနာသည် ၃% ပါဝင်ခဲ့ပါတယ်။

    အမေရိကန် CDC ရဲ့ လေ့လာချက်အသစ်တွေအရဆိုရင်လည်း

    • ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရရင် သေဆုံးနိုင်ခြေက တခြားသူတွေထက် ၁၂ ဆ ပိုမြင့်မားတယ်။
    • ဆေးရုံတက်ကုသရတဲ့ COVID-19 ဝေဒနာရှင်တွေရဲ့ ၃၂% မှာ ဆီးချိုရောဂါရှိနေပြီး၊ ၃၀% မှာ နှလုံးရောဂါနဲ့ ၁၈% မှာ အဆုတ်နဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခုရှိနေတတ်ပါတယ်။
    • ဒါ့အပြင် ဆီးချိုဝေဒနာခံစားနေရသူတွေဟာ COVID-19 ပိုးကူးစက်ခံရရင် တခြားဝေဒနာရှင်တွေထက် ပိုမိုပြီး ပြင်းထန်စွာ ခံစားရပါတယ်တဲ့။

    COVID-19 က ဆီးချိုဝေဒနာကို ပိုမိုဆိုးရွားစေရတဲ့ အကြောင်းအရင်းကတော့ ဆီးချိုကို ပိုမိုဆိုးရွားစေတဲ့ Ketoacidosis နဲ့ Hyperosmolarity တွေကို ပိုမိုတွန်းအားပေးတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်လည်း ဆီးချိုဝေဒနာသည်တွေဟာ COVID-19 ကူးစက်ခံရရင် ရောဂါ ၂ မျိုးလုံးရဲ့ ရောဂါလက္ခဏာတွေကို ပြင်းပြင်းထန်ထန်ခံစားကြရတာဖြစ်ပါတယ်။

    ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရတာနဲ့ သေဆုံးမယ်လို့ တထစ်ချမှတ်ယူလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပြန်လည်သက်သာလာသူတွေလည်း အများအပြားရှိနေလို့ပါ။

    ပြင်သစ်ပညာရှင်တွေရဲ့ သုတေသနရလဒ်တွေမှာ ဖော်ပြထားချက်တွေအရဆိုရင် COVID-19 ကူးစက်ခံခဲ့ရတဲ့ ဆီးချိုဝေဒနာသည်တွေ ဆေးရုံကပြန်ဆင်းနိုင်တဲ့ ရာခိုင်နှုန်းက ၁၈% ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါသုတေသနမှာ ပါဝင်သူအများစုဟာ အမျိုးသားတွေဖြစ်ကြပြီး ပျမ်းမျှ အသက် ၇၀ အထိ အရွယ်စုံတွေဖြစ်ကြပါတယ်။

    အိမ်မှာပဲနေပါ

    ဆီးချိုဝေဒနာသည်တွေ COVID-19 ကူးစက်ခံရမယ့်ဘေးကို ရှောင်လွှဲနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိမ်ပြင်မထွက်ပဲ နေအိမ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။

    ဒါ့အပြင်

    • ဆီးချိုသွေးတိုးအခြေအနေကို နေ့စဉ် ပုံမှန်စစ်ဆေးတာ၊
    • လိုအပ်တဲ့ ဆေးဝါးတွေကို မပျက်မကွက် ပုံမှန်မီဝဲတာ၊
    • ပတ်ဝန်းကျင်၊ ဆရာဝန် စတာတွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတာ၊
    • ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အစားအစာမျိုးတွေကို ရွေးချယ်စားသောက်တာ၊
    • ကာဘိုဟိုက်ဒြိတ်ကို လုံလောက်စွာ ဖြည့်တင်းတာ၊
    • အစားကို အချိန်မှန်မှန်စားတာ၊
    • နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်တာ၊
    • အိပ်ရေးဝဝ အိပ်တာ၊
    • တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်တာ၊
    • လက်ကို စင်ကြယ်စွာ မကြာခဏ ဆေးကြောတာ၊
    • Mask တပ်တာ၊
    • Social Distancing ပြုလုပ်နေထိုင်လုပ်တာ၊ စတဲ့နည်းလမ်းတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် ကိုဗစ်ရောဂါပိုး ကူးစက်မလာစေဖို့ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။

    အရေးအကြီးဆုံး သိထားရမယ့်အချက်ကတော့ ဆီးချိုရှိတိုင်း COVID-19 ကူးစက်ခံရနိုင်တာမဟုတ်သလို ကူးစက်ခံရတိုင်းလည်း သေချာပေါက် အသက်ဆုံးရှုံးနိုင်တယ်လို့လည်း မဆိုလိုဘူးဆိုတာပါပဲ။ မပေါ့ဆဖို့နဲ့ သတိထားဖို့ လိုအပ်တဲ့ အခြေအနေတစ်ရပ်သာဖြစ်ပါတယ်။

    တကယ်လို့ ကိုယ့်မှာ ဆီးချိုဝေဒနာရှိနေတယ်ဆိုရင် ဒီလိုကာလမျိုးမှာ ယခင်ကထက်ပိုပြီး ဂရုတစိုက်နေထိုင်ပေးဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဂရုစိုက်မှုတွေ၊ ရောဂါကာကွယ်ရေး အစီအမံတွေကိုလိုက်နာရင် စိတ်အေးချမ်းသာစွာနဲ့ နေထိုင်လို့ရပါတယ်။

    COVID-19 ဟာ ကြောက်ဖို့ကောင်းပြီး အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီကို ရောဂါပိုးရောက်မလာခဲ့ဘူးဆိုရင် ဘာအန္တရာယ်ကိုမှ ကြောက်နေစရာမလိုအပ်ပါဘူး။ ဒါက အရေးအကြီးဆုံး အချက်ပါပဲ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement