backup og meta

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

နာတာရှည်ရောဂါရှိသူတွေရဲ့ လိုအပ်သမျှကို ဘေးကနေ ဖြည့်ဆည်းစောင့်ရှောက်ပေးနေသူတွေမှာ စိတ်ဖိစီးမှု၊ ပူပန်မှုနဲ့ ဖိအားတွေ မကြာခဏခံစားရတတ်ပါတယ်။ ဆီးချို ရောဂါရှိသူတစ်ယောက်ကို ပြုစုဂရုစိုက်ရတဲ့အခါ ကြုံတွေ့လာရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လိုလျှော့ချကြမလဲ။ ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

ပြုစုစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဘာတွေ စိတ်ဖိစီးရလဲ

လေ့လာမှုတွေအရ ပြုစုစောင့်ရှောက်သူတစ်ယောက်ဟာ ဆီးချိုလိုမျိုး နာတာရှည်ရောဂါရှိသူကို ဂရုစိုက်စောင့်ရှောက်ပေးရင်းနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ မြှုပ်နှံလုပ်ဆောင်ရတာတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်လာတတ်တာပါ။

တွေးကြည့်ပါ။ ဆီးချို ရှိသူတစ်ဦးရဲ့ လိုအပ်သမျှ ဆိုတဲ့အထဲမှာ သူ့ရဲ့သွေးတွင်းသကြားဓာတ် အတက်အကျကို ပုံမှန်စောင့်ကြည့်၊ စစ်ဆေး၊ မှတ်တမ်းတင်ထားရမယ်၊ ဆေးတွေ အချိန်မှန်သောက်ရဲ့လား သေချာဂရုစိုက်ရမယ် ဆိုတာတွေ ပါဝင်တယ်။

ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း(hypoglycemia) နဲ့ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (hyperglycemia)တို့ရဲ့ လက္ခဏာတွေကိုလည်း အမြဲမပြတ် သတိထားနေရပါသေးတယ်။

လူနာက သက်ကြီးပိုင်းအရွယ် ဖြစ်နေရင် သူ့ရဲ့ဝေယျာဝစ္စတွေနဲ့ စားဖို့သောက်ဖို့ကို တာဝန်ယူထားရတဲ့ စောင့်ရှောက်သူမှာ ပိုပြီး စိတ်ဖိအားများရပါတယ်။ ဒီလိုဖိစီးမှုတွေကို လျှော့ချနိုင်ဖို့က နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့်အချက်တွေကတော့

အသိပညာ ဝမ်းစာဖြည့်ပါ

ပြုစုစောင့်ရှောက်သူတွေမှာ စိတ်ဖိစီးရတဲ့ အကြောင်းတစ်ခုက ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိတာပါပဲ။

ဆီးချိုသွေးချိုရောဂါဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးတွင်းသကြားပမာဏ၊ အင်ဆူလင်ကုထုံးနဲ့ သွေးတွင်းသကြားကျဆင်းခြင်း တို့လို အကြောင်းအရာတွေကို နက်နက်နဲနဲ နားလည်ဖို့လိုအပ်ပါတယ်။

ဆီးချိုသွေးချိုနဲ့ပတ်သက်ပြီး အသိပညာ လေ့လာတဲ့အခါ ပြုစုစောင့်ရှောက်သူအတွက် စိတ်ဖိစီးမှုလျော့စေတဲ့ အကြောင်းရင်းလေးတွေ အများကြီးရှိပါတယ်။ ကိုယ်က ဗဟုသုတပြည့်ဝပြီး ရောဂါအကြောင်း သေချာသိထားတဲ့အခါ –

  • ဆီးချိုရောဂါ စီမံကုသရာမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ လူနာကို ကူညီပေးနိုင်မယ်၊
  • ရောဂါအခြေအနေ တည်ငြိမ်နေဆဲ ဖြစ်ရင် လူနာအတွက် ကိုယ်ဝင်လုပ်ပေးစရာ မလိုတဲ့အရာ တချို့ရှိတယ် ဆိုတာ သိလာမယ်၊
  • လူနာအတွက် ပိုပြီးအဆင်ပြေစေဖို့ အထောက်အကူဖြစ်မယ့် ပစ္စည်းတွေကို ရှာပေးနိုင်လာမယ်။

ကျန်းမာရေးအတွက် ပန်းတိုင်သတ်မှတ်ပါ

ဆီးချိုလူနာတစ်ယောက်ကို ဂရုစိုက်စောင့်ရှောက်တဲ့အခါ ကိုယ့်ကျန်းမာရေးလည်း ကိုယ်ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ်က ကျန်းမာနေမှ ဖြစ်မှာမို့ အိပ်ရေးဝအောင်အိပ်၊ ညီညွတ်မျှတအောင် စား၊ ရေကို အလုံအလောက်သောက်ဖို့ ပန်းတိုင်တွေ သတ်မှတ်ထားပါ။

ဥပမာ ညဘက် အိပ်ချိန်ကို နေ့တိုင်းအချိန်မှန် သတ်မှတ်ထားတာမျိုး၊ ရေသောက်ဖြစ်တဲ့ ပမာဏကို သိသာမှတ်သားနိုင်ဖို့ သောက်သုံးရေကို တစ်နေ့စာ တိုင်းတာ ထားရှိတာမျိုးပါ။ ဘာမှသိပ်မဟုတ်ဘူးလို့ ထင်ရတဲ့ ဒီလိုကိစ္စသေးသေးလေးတွေက နေ့စဉ်အတိုင်းအတာနဲ့ဆို ကျန်းမာရေးကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေ နည်းစေပါလိမ့်မယ်။

အကန့်အသတ်ထားရှိပြီး ကိုယ်လုပ်နိုင်တဲ့အရာကိုပဲ အဓိကထားပါ

ပြုစုစောင့်ရှောက်သူတွေဟာ ဆီးချိုလူနာတွေအတွက် အစစအရာရာ လုပ်မပေးနိုင်တဲ့အပေါ် အပြစ်ရှိစိတ် ခံစားရတတ်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ အရာရာတိုင်းကို ကိုယ်ဝင်လုပ်ပေးလို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။

ဒီအကြောင်းရင်းကြောင့်ပဲ ဒါတွေ လုပ်ဖို့လိုပါတယ်-

  • လုပ်စရာများရင် နည်းနည်းစီ ခွဲလုပ်ပါ၊
  • လုပ်စရာတွေကို ဦးစားပေးအဆင့်အလိုက် စီစဉ်ပါ၊
  • အဓိကဦးစားပေးလုပ်စရာတွေကို အရင်လုပ်ဆောင်ပါ၊
  • ကိုယ်လုပ်ပေးချင်တဲ့စာရင်းမှာ အရာရာတိုင်းကို မလုပ်ပေးနိုင်တဲ့အကြောင်း လက်ခံလိုက်ပါ၊ ဒါပေမယ့် အရေးကြီးဆုံးအချက်ကို လုပ်ဆောင်ပေးနိုင်ပါတယ်။

အကူအညီရယူပါ

လူနာအတွက် အရာရာတိုင်းကို ကိုယ်တစ်ယောက်တည်း မလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်ရဲ့စိုးရိမ်မှု တွေကို လျှော့ချပေးနိုင်မယ့်သူတွေရဲ့ အကူအညီရယူပါ။

ကိုယ်ချစ်ခင်ရသူတစ်ယောက်အတွက် ပြုစုစောင့်ရှောက်နေရတာဖြစ်ရင် မိသားစုဝင် အချင်းချင်း တာဝန်မျှယူလို့ ရတဲ့အတွက် အကူအညီတောင်းရတာ ပိုလွယ်နိုင်ပါတယ်။ ကူညီစောင့်ရှောက်ပေးသူအဖြစ် အလုပ်လက်ခံထားတာဖြစ်ရင် အလုပ်အပ်သူနဲ့ တွေ့ဆုံပြီး တချို့တာဝန်တွေကို အခြားသူတွေ လုပ်ပေးတာက ပိုကောင်းတဲ့အတွေးဖြစ်ကြောင်း ရှင်းပြပါ။

ဥပမာ –

  • ဆေးခန်းရက်ချိန်း ယူတာ၊
  • စျေးဝယ်ပေးတာ၊
  • အစားအသောက် ချက်ပြုတ်ပြင်ဆင်ပေးတာ မျိုးပေါ့။

အချိန်လေးခြားပြီး နားပါ

လူနာကို ပြုစုဂရုစိုက်နေချိန်အတွင်းမှာ အခါအားလျော်စွာ အချိန်လေးခြားပြီး နားတာကလည်း ပြုစုစောင့်ရှောက်သူတစ်ဦးရဲ့ စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

နားလို့မဖြစ်ပါဘူးလို့ ထင်ရင်ထင်မယ်၊ အပြစ်ရှိသလို ခံစားရင်ခံစားရနိုင်ပေမယ့် မိနစ် ၃၀ စာလောက်လေး နားချိန်ယူလိုက်တာက ပြုစုစောင့်ရှောက်ရသူရဲ့ စိတ်ကျန်းမာရေးအတွက် အထောက်အကူကောင်းဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဖြစ်နိုင်ရင် –

  • နားချိန်ယူတာ ဇိမ်ခံတာမဟုတ်ပေမယ့် လိုအပ်တဲ့အရာ ဖြစ်ကြောင်းကို နားလည်ထားပါ။ ကိုယ်က ကောင်းကောင်းအနားယူထားတယ်လို့ ခံစားရတဲ့အခါ ကိုယ့်လူနာကို ပိုပြီး ကောင်းကောင်းဂရုစိုက်နိုင်ပါလိမ့်မယ်။
  • တစ်နေ့တာမှာ ကိုယ့်အတွက် ဆိတ်ငြိမ်ကာလ တစ်နာရီ သို့မဟုတ် နှစ်နာရီလောက် အချိန်ဖဲ့ယူထားပါ။
  • အခြေအနေမပေးရင် ကိုယ်အဆင်ပြေတဲ့အချိန် နာရီဝက်လောက် နားနားပေးပါ။

ချုံးချုံးကျ လက္ခဏာ ဂရုပြုပါ

စိတ်ရောကိုယ်ပါ ချုံးချုံးကျ ပင်ပန်းနေတဲ့အချိန် ကိုယ့်ကိုယ်ကို အတင်း တွန်းအားပေးတာက ကောင်းတဲ့လုပ်ရပ် မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက် တကယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။

ဒါ့အပြင် ဆီးချိုလူနာအတွက် ပြုစုစောင့်ရှောက်ရာမှာ အမှားတွေ ပါစေနိုင်ပါတယ်။

တကယ်လို့ ကိုယ့်မှာ –

  • အသေးအဖွဲတွေ အပေါ် စိတ်အနှောင့်အယှက်ဖြစ်လွယ်တာ
  • ဘဝမှာ ပျော်စရာ မရှိဘူးလို့ ခံစားနေရတာ
  • မကြာခဏ ဒေါသထွက်တတ်လာတာ
  • အလွန်အကျွံ ပင်ပန်းနွမ်းလျလာတာ
  • အာရုံစူးစိုက်ရခက်လာတာ
  • ပုံမှန်ထက် နေမကောင်းဖြစ်လွယ်တာ
  • အရမ်းစားတာ ဒါမှမဟုတ် အစားနည်းလာတာ
  • အိပ်မပျော်တာ
  • သူငယ်ချင်းမိတ်ဆွေ၊ မိသားစုတွေနဲ့ သီးခြားခွဲပြီး‌ နေတတ်လာတာ
  • ထွက်ပြေးလွတ်မြောက်ဖို့ လိုတယ်လို့ ခံစားလာရတာတွေ ရှိလာရင် သတိပြုဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

အနားယူတာ၊ အကူအညီယူတာတို့အပြင် ဆီးချို လူနာ ပြုစုစောင့်ရှောက်ရသူအတွက် စိတ်ကျန်းမာရေး အထောက်အကူဖြစ်စေဖို့ နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့ပါပဲ။

ဘယ်လိုဂရုစိုက်မလဲ ဆိုတော့ –

  • ဝါသနာအသစ် တစ်ခုခု လုပ်ကြည့်ပါ သို့မဟုတ် ကိုယ်နှစ်သက်လေ့ရှိတဲ့ ဝါသနာဟောင်းကို ပြန်လုပ်ပါ။
  • မကောင်းတဲ့ ခံစားချက်တွေကိုလည်း လက်ခံပေးပါ။ တစ်ခါတလေ စိတ်ဆိုးတာ၊ စိတ်ရှုပ်ထွေးတာက ပုံမှန်ပါပဲ၊ ဖြစ်တတ်တဲ့ကိစ္စတွေပါ။ အတင်းချုပ်တည်းမထားဘဲ လက်ခံလိုက်ပါ။
  • စိတ်ခံစားချက်တွေကို ဖြေဖို့ နည်းလမ်းတွေရှာပါ။ ဥပမာ ယောဂကစားတာတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေက စိတ်ဖိအားတွေကို ဖြေလျှော့ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://hellodoctor.com.ph/diabetes/mental-health-impact-caring-diabetes-patient/?fbclid=IwAR0jhiF1a3VpG8DM2qUbc-akOSHlGqY6Xv1t1ZMIrH71JUQNDEqFbCxwq0U

 

ယခုပုံစံ

28/07/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုရောဂါ ခံစားရသူအရေအတွက်

ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်ပြီး သိထားသင့်သမျှ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement