COPD ခေါ် နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ လက္ခဏာတွေဟာ အဆုတ်ထိခိုက်ပျက်စီးမှု အတိုင်းအတာပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါရဲ့ လက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ရောဂါအခြေအနေဆိုးရွားလာမှသာ သတိပြုမိကြတာများပါတယ်။ ရောဂါလက္ခဏာတွေက တသမတ်တည်းရှိမနေဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပြီး ပြင်းထန်မှုအတိုင်းအတာလည်း ကွဲပြားနိုင်ပါတယ်။
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေက ဘာတွေလဲ
- နာတာရှည် ချောင်းဆိုးခြင်း
တကယ်တော့ ချောင်းဆိုးခြင်းဆိုတာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ ချွဲသလိပ်၊ အရည်တွေနဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်မှာ အရောင်မရှိပေမယ့် COPD ဝေဒနာရှင်တွေရဲ့ ချွဲသလိပ်ကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ မနက်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ဆေးလိပ်သောက်ချိန်တွေမှာလည်း ပိုဆိုးတတ်တယ်။ အအေးမိဝေဒနာ၊ တုပ်ကွေးစတဲ့ ဖျားနာမှုလက္ခဏာတွေ မရှိပေမယ့်လည်း နေ့စဉ်ရက်ဆက် ချောင်းဆိုးမပျောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။
ကျဉ်းမြောင်းပိတ်ဆို့နေတဲ့ လေပြွန်တွေကတဆင့် အသက်ရှူထုတ်လိုက်တဲ့အခါ လေချွန်သံလိုလို၊ ဂီတသံလိုလို တရွှီရွှီမြည်သံတစ်မျိုးကို ကြားရမှာဖြစ်ပြီး ဒီအသံကို အင်္ဂလိပ်လို wheezing လို့ခေါ်ပါတယ်။ COPD လူနာတွေရဲ့ အသက်ရှူလမ်းကြောင်းမှာ ချွဲသလိပ်တွေ အများအပြား စုပုံပိတ်ဆို့နေတဲ့အတွက် ၎င်းတို့အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်သံကြားရနိုင်ပေမယ့် ဒီအသံထွက်ရုံနဲ့တော့ သင့်မှာ COPD ရှိတယ်လို့ အတိအကျ မသတ်မှတ်နိုင်ပါဘူး။ Wheezing ဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ဝေဒနာရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ အဆုတ်ထဲက လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းလာတာနဲ့အမျှ အသက်ရှူဖို့လည်း ခက်ခဲလာမှာ ဖြစ်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေကျ အတိုင်းအတာထက် ပိုပိုသာသာလုပ်မိတဲ့အခါ မောတဲ့လက္ခဏာကို ကောင်းကောင်းသတိပြုမိမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စဗာဟီရများ ပြုလုပ်ခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်း၊ ရေချိုးခြင်း စတဲ့ နိစ္စဒူ၀ လုပ်ငန်းဆောင်တာတွေ ပြုလုပ်ရာမှာပါ အခက်အခဲဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေ ရောက်လာခဲ့ရင်တော့ ဘာမှမလုပ်ဘဲနဲ့ကို မောလာတတ်ပါတယ်။
- ပင်ပန်းနွမ်းနယ်ခြင်း
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ကြောင့် အသက်ရှူရခက်ခဲလာတဲ့အခါ သင့်သွေးထဲမှာ အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတော့သလို သင့်ကြွက်သားတွေဆီကိုလည်း လိုအပ်တဲ့အောက်ဆီဂျင် ပို့ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲရလဒ်အဖြစ် သင့်ခန္ဓာကိုယ် နှေးကွေးလေးလံလာပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရမှာ ဖြစ်ပါတယ်။
သင့်အဆုတ်တွေက အောက်ဆီဂျင်ရယူဖို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်ဖို့ အရင်ထက်ပိုပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်ရတဲ့အတွက်လည်း အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဖြစ်ပေါ်စေပါတယ်။
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ အခြားလက္ခဏာများ
- အသက်ရှူလမ်းကြောင်း မကြာခဏပိုးဝင်ခြင်း
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ အဆုတ်ထဲက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ညစ်ညမ်းတဲ့အဆိပ်အတောက်၊ ဖုန်မှုန့်နဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့အရာတွေကို ဖယ်ရှားဖို့ ခက်ခဲလာတဲ့အတွက် အဆုတ်ပိုးဝင်ပြီး အအေးမိဝေဒနာ၊ တုပ်ကွေး၊ နမိုးနီးယားစတဲ့ ရောဂါအမျိုးမျိုး အလွယ်တကူ ရလာတတ်ပါတယ်။ ပိုးမဝင်အောင် ရှောင်ကြဉ်ဖို့ ခက်ခဲပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ပိုးဝင်နိုင်တဲ့အန္တရာယ်ကို လျော့ချနိုင်ပါတယ်။
- ကိုယ်အလေးချိန်ကျဆင်းခြင်း
COPD ဖြစ်ပွားမှု ကာလကြာမြင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်ကျဆင်းလာတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းကတော့ အသက်ရှူဖို့နဲ့ အဆုတ်ထဲ လေရှူသွင်းရှူထုတ် ပြုလုပ်ဖို့ စွမ်းအင်ပိုမိုလိုအပ်လာတဲ့အလျောက် သင့်ခန္ဓာကိုယ်ကရရှိတဲ့ ကယ်လိုရီပမာဏထက်ပိုပြီး လောင်ကျွမ်းရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ မောပန်းမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် ကောင်းကောင်းမစားသောက်နိုင်ဘဲ ကိုယ်အလေးချိန် ကျဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။
COPD ရောဂါ အဆင့်မြင့်လာတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့
- သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ မြင့်တက်လာတာကြောင့် နံနက်ပိုင်းမှာ ခေါင်းကိုက်ခြင်း
- ပျက်စီးနေတဲ့ အဆုတ်တွေဆီ သွေးညှစ်ထုတ်ရန် ပိုမိုအားစိုက်ရသည့်အတွက် နှလုံးဝန်ပိပြီး ဖောရောင်လာခြင်း တို့ပဲဖြစ်ပါတယ်။
COPD ရောဂါမှာ အဆင့်ဘယ်နှဆင့် ရှိသလဲ
COPD ရောဂါကို ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး အဆင့်လေးဆင့် ပိုင်းခြားသတ်မှတ်ထားပါတယ်။ အဆင့်တစ်ဆင့်ချင်းဆီမှာ မတူကွဲပြားတဲ့ လက္ခဏာအသီးသီးရှိပြီး ရောဂါအဆင့်မြင့်လာတာနဲ့အမျှ PFTs လို့ခေါ်တဲ့ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်း စစ်ဆေးမှုရလဒ်တွေဟာလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ ဒီနေရာမှာ FEV 1 နဲ့ FEV 1/ FVC ဆိုတဲ့ အသုံးအနှုန်းနှစ်ခုကို အနည်းငယ်ရှင်းပြလိုပါတယ်။
FEV 1 ဆိုတာက အားစိုက်ပြီး အသက်ရှူထုတ်လိုက်တဲ့ ပထမစက္ကန့်မှာ ထွက်လာတဲ့ လေထုထည်ပမာဏကို ဆိုလိုတာဖြစ်ပြီး FVC ဆိုတာကတော့ အစွမ်းကုန် အသက်ရှူသွင်းလိုက်ပြီး ပြန်လည်အားစိုက်ရှူထုတ်နိုင်တဲ့ လေထုထည်ကို ဆိုလိုတာဖြစ်ပါတယ်။ FEV 1/ FVC ဆိုတာကတော့ ၎င်းလေထုထည်နှစ်ခုကို နှိုင်းယှဉ်ထားတဲ့ တန်ဖိုး ဖြစ်ပါတယ်။
- အဆင့် ၁
အဆင့် ၁ မှာ မောပန်းခြင်း အစရှိတဲ့ အပျော့စားလက္ခဏာတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုအနည်းငယ် (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၈၀ ရာခိုင်နှုန်းအထက်) စတင်ဖြစ်ပေါ်လာနိုင်ပြီး တစ်ခါတရံမှာ ရက်အတော်ကြာ သလိပ်ထပြီး ချောင်းဆိုးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ လူနာဟာ သူ့ရဲ့အဆုတ်အလုပ်လုပ်ဆောင်မှု ပုံမှန်မဟုတ်တော့တာကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။
- အဆင့် ၂
ဒီအဆင့်မှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ပိုမိုဆိုးရွားလာပြီး (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြား) လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောပန်းမှုဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ လူနာအများစုဟာ ဒီအဆင့်ရောက်လာမှ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ ရုတ်တရက် ရောဂါပြင်းထန်မှုတွေကြောင့် ဆေးကုသမှုခံယူကြတာ ဖြစ်ပါတယ်။
- အဆင့် ၃
အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ပိုဆိုးလာတာနဲ့အမျှ (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၃၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းကြား) မောပန်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စွမ်း ကျဆင်းလာခြင်း စတဲ့ လက္ခဏာတွေပါ ပိုမိုဆိုးရွားလာပြီး ခဏခဏ ရောဂါဖောက်တဲ့အတွက် လူနာရဲ့ ဘဝရှင်သန်မှုအပေါ် မကောင်းတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။
- အဆင့် ၄
ဒါကတော့ COPD ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး လူနာဟာ တစ်ချိန်လုံးမောနေတဲ့အတွက် ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ဖို့ သိသိသာသာ ခက်ခဲလာမှာဖြစ်ပါတယ်။ တစ်ခါတရံမှာ အသက်ရှူရ ခက်ခဲလွန်းပြီး အသက်အန္တရာယ်ပေးတဲ့အထိ အခြေအနေဆိုးသွားတတ်ပါတယ်။
အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု အလွန်ဆိုးရွားတဲ့လူနာတွေ (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၃၀ ရာခိုင်နှုန်းအောက်)၊ FEV 1 – ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်းအောက်နဲ့ ကာလရှည်ကြာအောင် သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းမှုဒဏ် ခံစားနေရတဲ့ လူနာတွေကို COPD နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။
အကယ်၍ FEV 1 – ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းအထက် ရှိနေခဲ့မယ်ဆိုရင်လည်း ကာလရှည်ကြာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းမှု ရှိနေရင် ၎င်းကို COPD နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။
COPD ဟာ သင့်ရဲ့ ဘဝရှင်သန်မှုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း အခြေအနေ ပိုပိုဆိုးလာတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ရောဂါအဆင့်မြင့်တဲ့ အချိန်ရောက်မှသာ COPD ဖြစ်နေမှန်း သတိပြုမိကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အသက်ရှူရ ခက်ခဲနေမယ်၊ ဒါမှမဟုတ် ဘာကြောင့်မှန်းမသိ ချောင်းဆိုးဝေဒနာ ခံစားနေရမယ်ဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါတယ်။
[embed-health-tool-bmi]