အဆုတ်သွေးကြောသွေးခဲပိတ်ဆို့ခြင်း (Pulmonary Embolism) ဟာ ခြေထောက်ပိုင်းက သွေးကြောတွေထဲမှာ စတင်ဖြစ်ပေါ်လာတဲ့ သွေးခဲများ အဆုတ်ဆီကို ရောက်လာရာကနေ ဖြစ်ပွားပါတယ်။ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေတွေကနေလည်း ရောက်လာနိုင်ပါတယ်။ အဲဒီလိုမျိုး ကိုယ်ခန္ဓာ အစိတ်အပိုင်းတနေရာရာမှာ ဖြစ်ပေါ်နေတဲ့ သွေးခဲဟာ သူ့နေရာကနေ ပြုတ်ထွက်ပြီး သွေးလည်ပတ်မှုစနစ်ထဲရောက်လာတတ်ပါတယ်။ နောက်ဆုံး အဆုတ်သွေးကြောတွေဆီကို ရောက်ရှိပြီး ပိတ်ဆို့သွားတဲ့အခါ အသက်အန္တရာယ်ကြုံနိုင်ပါတယ်။
အဆုတ်သွေးကြောပိတ်ဆို့တဲ့အခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
အဆုတ်သွေးကြောပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ဆေးရုံတက်ရောက်ချိန် အထူးသဖြင့် ခွဲစိတ်ကုသပြီးချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။ ယေဘုယျအားဖြင့် ခွဲစိတ်ပြီးချိန်မှာ ဆေးရုံမှာရော အိမ်မှာပါ သေချာစွာ ဂရုတစိုက်ပြုစုကုသရင် ကာကွယ်နိုင်ပါတယ်။
အဓိကဖြစ်ပေါ်ရခြင်းဟာ အိပ်ရာထဲမှာ အချိန်အတော်ကြာ လဲလျောင်းနေရလို့ ဖြစ်ပါတယ်။ လမ်းမလျှောက်ဘဲ၊ ခြေထောက်များကို မလှုပ်ရှားဘဲနေတာ ကြာလာတဲ့အခါ သွေးလည်ပတ်မှု သိပ်မကောင်းတော့ပါဘူး။ အထူးသဖြင့် သွေးပြန်ကြောတွေထဲမှာ သွေးတွေအိုင်လာပြီး သွေးခဲခြင်း ဖြစ်လာနိုင်ပါတယ်။ တခြားဖြစ်နိုင်တဲ့ အကြောင်းတွေကတော့ အရိုးများကျိုးရာမှ ရိုးတွင်းချဉ်ဆီများ ထွက်လာပြီး ပိတ်ဆို့ခြင်း၊ အကျိတ်အဖုများရဲ့ တစ်သျှူးစများနဲ့ ပိတ်ဆို့ခြင်း စတာတွေ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းများ
အိပ်ရာပေါ်မှာ လဲလျောင်းနေရတဲ့ ဘယ်ခွဲစိတ်မှုမဆို အဆုတ်သွေးကြော ပိတ်ဆို့နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ခြေထောက်ပိုင်း၊ တင်ပါးပိုင်းခွဲစိတ်မှုများဟာ ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ လဲလျောင်းနေဖို့ လိုအပ်တဲ့အချိန်သာမက ခွဲစိတ်ချိန်မှာနေရမယ့် ပုံစံဟာလည်း ဖြစ်နိုင်ခြေ အနည်းအများ ရှိပါတယ်။
အထူးသဖြင့် အောက်ပါအခြေအနေတွေ ဖြစ်ပါတယ်။
– ခြေထောက်ကျိုးခြင်း (သို့မဟုတ်) ခြေထောက်ကို မလှုပ်ရှားဘဲ နေရန်လိုအပ်သော ထိခိုက်ဒဏ်ရာများ။ အဆိုပါအခြေအနေမှာ ခြေထောက်သွေးကြောများထဲ သွေးခဲသွားနိုင်ပြီး အဆုတ်ဆီကို ရောက်သွားနိုင်ပါတယ်။
– ကင်ဆာရောဂါများ။ ဦးနှောက်၊ အဆုတ်၊ ပန်ခရိယ၊ ကျောက်ကပ်၊ အူမကြီး၊ သားဥအိမ် စတဲ့နေရာများမှာ ကင်ဆာရောဂါဖြစ်ပွားရင် သွေးခဲနိုင်ခြေ ရှိပါတယ်။
– ဆေးလိပ်သောက်ခြင်း
– ကိုယ်ဝန်ဆောင်ခြင်း
– ကိုယ်ဝန်တားဆေးများသုံးစွဲနေခြင်း၊ ဟော်မုန်းအစားထိုးကုသခြင်းများ ခံယူနေရခြင်း
ရောဂါရှာဖွေအတည်ပြုခြင်း
နှလုံး ဒါမှမဟုတ် အဆုတ်ရောဂါတွေရှိနေရင် အဆုတ်သွေးကြောပိတ်ဆို့ခြင်းကို ရောဂါအတည်ပြုဖို့ ပိုမိုခက်ခဲပါတယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ လိုအပ်ပါတယ်။ D-dimer လို့ခေါ်တဲ့ ပစ္စည်းတမျိုးကို သွေးဖောက်စစ်ဆေးတဲ့နည်းလမ်းလည်း ရှိပါတယ်။ D-dimer စစ်ဆေးခြင်းမှာ နက်ဂတစ်ပြရင် အဆုတ်သွေးကြောပိတ်ဆို့ခြင်း ဖြစ်နိုင်ခြနည်းသွားပြီး တခြားအကြောင်းအရာတွေ စစ်ဆေးရပါတယ်။ ပေါ့စတစ်ပြရင်တော့ ပုံရိပ်ဖော်နည်းလမ်းတွေ ဆက်လက်စစ်ဆေးပါတယ်။ ခွဲစိတ်ကုသထားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း စတာတွေဟာ D-dimer မြင့်တက်စေနိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
သွေးခဲပိတ်ဆို့ခြင်းကို အကောင်းဆုံးရှာဖွေနိုင်တဲ့ စစ်ဆေးမှုကတော့ CT scan ဖြစ်ပါတယ်။
ကာကွယ်ခြင်း
ခွဲစိတ်ကုသမှု ခံယူဖို့ရှိရင် အဆုတ်သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို ဘယ်လိုကာကွယ်မလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ ဖြစ်နိုငခြေလျှော့ချဖို့ ဆရာဝန်က ညွှန်ပါလိမ့်မယ်။ ဥပမာ သွေးကျဲဆေးသောက်သုံးဖို့ ဖြစ်ပါတယ်။ ဘယ်ဆေးဝါးမဆို ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲရပါမယ်။
အဆုတ်သွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်ဖို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပြီး သွေးခဲနိုင်ခြင်း၊ သွေးတိုးခြင်းနဲ့ တခြားသွေးကြောပြဿနာတွေ ဖြစ်ပွားစေပါတယ်။ ကိုယ်အလေးချိန်များနေရင်၊ အဝလွန်နေရင်လည်း မိမိနဲ့သင့်တော်တဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းရပါမယ်။
ခွဲစိတ်ကုသပြီးချိန်မှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ရပါမယ်။ ခြေထောက်များရောက်ခြင်း၊ နာကျင်ခြင်း၊ ပူနွေးခြင်း စတာတွေဖြစ်ရင် ဆရာဝန်ကို ဖွင့်ပြောသင့်ပါတယ်။
[embed-health-tool-bmi]