ရေအများကြီးသောက်မိနေလို့ ဒါမှမဟုတ်လည်း ဘီယာတွေ လှိမ့်သောက်နေလို့ ဆီးသွားရတာ ပြဿနာမဟုတ်ပါဘူး။ စွန့်ပစ်စရာ ရေဓာတ်မရှိတော့ရင် ဆီးသွားတာလည်း ရပ်သွားပါလိမ့်မယ်။ ရေလည်း အဲ့ဒီလောက် မသောက်ဘဲနဲ့ ဆီးခဏခဏ သွားနေရရင်တော့ ကျန်းမာရေးကိစ္စ တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးရွှင်နေတာ ဘာကြောင့်လဲ ဆိုတော့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေကတော့
ဆီးချိုရောဂါ – ဆီးခဏခဏသွားတဲ့လက္ခဏာက အမျိုးအစား (၁) ဆီးချိုရောဂါ၊ အမျိုးအစား (၂) ဆီးချိုရောဂါမှာ အဖြစ်များတဲ့လက္ခဏာတစ်ခုပါ။ ပုံမှန်ဆို သွေးထဲက သကြားဓာတ်ကို ကျောက်ကပ်က ရှင်းလင်းပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါသည်တွေရဲ့ ကျောက်ကပ်က သွေးကို သန့်စင်နိုင်ဖို့ ပုံမှန်ထက်ပိုအလုပ်လုပ်ရတဲ့အတွက် ကိုယ်ထဲကနေ ရေဓာတ်ကိုခဏခဏစွန့်ပစ်ရပါတော့တယ်။ ရေဓာတ်တွေစွန့်ပစ်တော့ ရေဓာတ်ခမ်းခြောက်၊ ရေဓာတ်ခမ်းခြောက်တော့ရေပြန်သောက်နဲ့ ဒီပြဿနာက သံသရာလည်နေပါတော့တယ်။
ဆီးလမ်းကြောင်းပြဿနာ – ကျောက်ကပ်နှစ်လုံး၊ ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ဆီးထုတ်ပြွန်လမ်းကြောင်း ဆိုတဲ့အစိတ်အပိုင်းလေးခုနဲ့ ဆီးလမ်းကြောင်းစနစ်ကိုဖွဲ့စည်းထားပြီး ဒီအစိတ်အပိုင်းတစ်ခုခုမှာ ပြဿနာပေါ်ခဲ့ရင်လည်း ဆီးခဏခဏ သွားရတဲ့ကိစ္စကြုံနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ Interstitial cystitis လို့ခေါ်တဲ့ ဆီးအိမ်ရောင်ရမ်းခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတဲ့ပြဿနာတွေကတော့ အတော်လေးအတွေ့ရများ ပါတယ်။
ကိုယ်ဝန်ဆောင်ချိန် – ကိုယ်ဝန်လရင့်လာလေ ကြီးထွားလာလေဖြစ်တဲ့သားအိမ်က ဆီးအိမ်ကို ဖိသိပ်ထားသလို ဖြစ်နေပါတယ်။ ဒီလိုအညှစ်ခံထားတဲ့ဆီးအိမ်ထဲမှာဆီးတွေကို အချိန်ကြာကြာမသိုလှောင်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာပုံမှန်အချိန်တွေထက် ဆီးခဏခဏသွားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပဲဆိုတာ သိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ပထမ (၃) လနဲ့ မွေးခါနီး (၃) လလောက်မှာပိုကြုံရပါတယ်။ ကလေးမွေးပြီးလအနည်းငယ်လောက်ကြာမှာ ဒီပြဿနာသက်သာသွားတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။