backup og meta

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

    မြန်မာနိုင်ငံလိုကွမ်းစားသုံးမှုများတဲ့နိုင်ငံမှာအဖြစ်များတဲ့ကင်ဆာရောဂါတစ်မျိုးကတော့ ခံတွင်းကင်ဆာပဲဖြစ် ပါတယ်။ ဦးခေါင်းနဲ့လည်ပင်းကင်ဆာရောဂါအုပ်စုတွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်တဲ့ခံတွင်းကင်ဆာ အကြောင်းကိုလေ့လာကြည့်ရအောင်ပါ။

    ခံတွင်းကင်ဆာက နှုတ်ခမ်း၊ သွားဖုံး၊လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ လျှာအောက်ဖက်တွေမှာအဖြစ်များပါတယ်။ များသောအားဖြင့်ပါးစပ်ထဲမှာဘာမှန်းမသိတဲ့အကျိတ်တွေ၊အနာတွေကို စစ်ဆေးကြည့်ရာကနေခံတွင်းကင်ဆာ ဖြစ်နေကြောင်းရှာဖွေတွေ့ရှိရတတ်ပါတယ်။ တခြားကင်ဆာရောဂါတွေလိုပဲ ခံတွင်းကင်ဆာကိုစောစောရှာဖွေ မကုသနိုင်ရင်အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် ခံတွင်းကင်ဆာအကြောင်းသိရအောင် ပြောပြချင်ပါတယ်။

    ခံတွင်းကင်ဆာရဲ့လက္ခဏာများ

    ခံတွင်းကင်ဆာဖြစ်နေသူတွေကိုလေ့လာကြည့်တဲ့အခါမှာဒီလိုလက္ခဏာတွေခံစားရတတ်တာကိုတွေ့ရပါတယ်

    လျှာ၊သွားဖုံးနဲ့ပါးစပ်ရဲ့တခြားနေရာတွေမှာ အလုံးအကျိတ်တွေထွက်လာမယ်

    – ပါးစပ်တွင်းမှာအနီကွက်၊ အဖြူကွက်တွေထွက်လာမယ်

    – လျှာနဲ့နှုတ်ခမ်းက ဘာဖြစ်မှန်းမသိဘဲထုံကျဉ်နေမယ်

    – သွားတွေချောင်လာမယ်၊ အံကပ်စွပ်တဲ့သူဆို အံကပ်တွေချောင်လာမယ်

    – လည်ချောင်းထဲမှာတစ်ခုခုနင်နေသလိုခံစားရမယ်၊ အစာမြိုချရခက်လာမယ်

    – နားကိုက်မယ်

    – အသံနည်းနည်းပြောင်းလာမယ်

    ဘယ်သူတွေမှာခံတွင်းကင်ဆာပိုဖြစ်နိုင်သလဲ

    ယောင်္ကျားတွေက မိန်းမတွေထက် ခံတွင်းကင်ဆာဖြစ်ပွားနှုန်း (၂) ဆလောက်ပိုများတာကိုတွေ့ရပြီး အသက် (၅၀)နဲ့အထက်တွေမှာပိုဖြစ်ပွားလေ့ရှိတာကိုတွေ့ရပါတယ်။ အောက်ကအချက်တစ်ခုခုရှိနေရင်တော့ ခံတွင်းကင်ဆာပိုဖြစ်ပွားနိုင်တာမို့သတိပြုစေချင်ပါတယ်

    ဆေးလိပ်/အရက်သောက်ခြင်း – ဆေးလိပ်/အရက်မသောက်သူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ (၆) ဆလောက်ပိုများပါတယ်

    ကွမ်းစားခြင်း – ကွမ်းစားဖို့ထည့်ရတဲ့ဓာတုဆေးဝါးတွေကြောင့် ခံတွင်းကင်ဆာဖြစ်နိုင်ပြီးကွမ်းမစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေအဆ (၅၀) လောက်ပိုမြင့်ပါတယ်

    နေရောင်ထိတွေ့မှုများခြင်း – အထူးသဖြင့်နှုတ်ခမ်းကိုနေလောင်တာများရင်ခံတွင်းကင်ဆာပိုဖြစ်နိုင်ပါတယ်

    Human papillomavirus (HPV) ကူးစက်ခံရခြင်း – လိင်ဆက်ဆံမှုကနေတစ်ဆင့်ကူးစက်နိုင်တဲ့ဒီဗိုင်းရပ်စ်ပိုး ကလည်းခံတွင်းကင်ဆာဖြစ်စေနိုင်ပါတယ်

    ဒီအချက်တွေအပြင် မိသားစုထဲမှာခံတွင်းကင်ဆာဖြစ်ပွားသူရှိရင် ကိုယ့်မှာလည်းအလားတူရောဂါဖြစ်နိုင်တာကို သိထားသင့်ပါတယ်။

    ရောဂါရှာဖွေခြင်း

    ခံတွင်းကင်ဆာရဲ့သံသယလက္ခဏာတစ်ခုခုခံစားနေရရင်ဆရာဝန် (ဒါမှမဟုတ်) သွားဆရာဝန်ကို သွားရောက် ပြသသင့်ပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်ရှုပြီးမသင်္ကာစရာတစ်ခုခုတွေ့ရင်အသားစနမူနာဖဲ့ယူထားပြီး ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။

    ရောဂါကုသခြင်း

    ခံတွင်းကင်ဆာကိုကုသဖို့အတွက်ကင်ဆာအကျိတ်တည်နေရာ၊ ကင်ဆာရောဂါအဆင့်နဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေကိုပါထည့်သွင်းစဉ်းစားပြီးအဆင်အပြေဆုံးနည်းကိုရွေးချယ်ပါတယ်။ များသောအားဖြင့် ခံတွင်း ကင်ဆာကိုကုသဖို့ နည်းလမ်း (၃) ခုအသုံးပြုပါတယ်။ ဒီနည်းလမ်းတွေကိုတစ်ခုခြင်းစီအသုံးပြုသလို ၂မျိုး၊ ၃မျိုး လောက်ပေါင်းပြီးကုသတာတွေလည်းရှိပါတယ်။

    ခွဲစိတ်ကုသနည်း – ခံတွင်းကင်ဆာအစောပိုင်းအဆင့်တွေမှာခွဲစိတ်ကုသမှုကအတော်လေးထိရောက်ပါတယ်။ ခွဲစိတ်တဲ့အခါမှာကင်ဆာကျိတ်အပြင်အကျိတ်ပတ်ပတ်လည်ကအသားစအနည်းငယ်ကိုပါဖယ်ရှားပစ်ရပါတယ်။  ဒါမှသာကင်ဆာဆဲလ်တွေပြန်မပွားနိုင်မှာပါ။ တစ်ချို့တွေမှာတော့ကင်ဆာအကျိတ်ကအရမ်းကြီးတဲ့အတွက် ခွဲစိတ်မှုလုပ်ရင်းလူနာရဲ့စကားပြောနိုင်စွမ်း၊ အစာစားနိုင်စွမ်းကိုပါနည်းနည်းထိခိုက်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့ရင် ကင်ဆာရောဂါကုသမှုပြီးဆုံးသွားချိန်မှာ အရင်လိုစားနိုင်သောက်နိုင်၊စကားပြောနိုင်အောင် ခွဲစိတ်ပြုပြင်မှု ထပ်လုပ်ရနိုင်ပါတယ်။

    ဓာတ်ရောင်ခြည်ဖြင့်ကုသနည်း – စွမ်းအားမြင့်ဓာတ်မှန်လှိုင်းတွေ၊ပရိုတွန်ရောင်ခြည်တွေနဲ့ကုသဆဲလ်တွေ ကိုနှိမ်နင်းကုသနည်းဖြစ်ပါတယ်။ များသောအားဖြင့်တော့ သူ့ချည်း အသုံးပြုလေ့မရှိဘဲ ခွဲစိတ်ကုသမှုပြီးတဲ့အခါမှာ လက်ကျန်ကင်ဆာဆဲလ်တွေကိုရှင်းလင်းပစ်ဖို့အသုံးပြုပါတယ်။ ဓာတ်ကင်ကုသ ခြင်းကြောင့်အာခြောက်ခြင်း၊ သွားပျက်စီးခြင်းတွေတော့ဘေးထွက်ဆိုးကျိုးအနေနဲ့ခံစားရနိုင်ပါတယ်။

    ကင်ဆာဆေးဖြင့်ကုသနည်း – သောက်ဆေး၊ထိုးဆေးအနေနဲ့အသုံးပြုရတဲ့ကင်ဆာဆေးတွေကို သူ့ချည်းပေးလေ့ရှိသလို အပေါ်ကကုသနည်း (၂) မျိုးနဲ့လည်းတွဲအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့်ဓာတ်ရောင် ခြည်ကုသနည်းနဲ့တွဲသုံးရင်ပိုပြီးထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ ကင်ဆာဆေးတွေမှာလည်းဘေးထွက် ဆိုးကျိုးတွေရှိပြီး မူးဝေအော့အန်တာ၊ ဆံပင်ကျွတ်တာတွေကအဖြစ်များတဲ့ပြဿနာတွေပါ။

    Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement