backup og meta

Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Blue block မျက်မှန် တွေက တကယ်ပဲ မျက်စိကို ကာကွယ်ပေးသလား။

    ခုလို တစ်နေကုန် အိမ်မှာပဲနေရ၊ အလုပ်တွေကိုလည်း အိမ်ကနေပဲ လုပ်ရတဲ့ အချိန်မှာ ဖုန်းကြည့်တာ၊ ကွန်ပျူတာ ကြည့်တာက ပိုပြီး များလာပါတယ်။ အရင်ကဆို အစည်းအဝေးတွေကို လူချင်းတွေ့ပြီး လုပ်ကြပေမယ့် ခုဆို အွန်လိုင်းကနေပဲ လုပ်ကြပါတယ်။ ကလေးတွေဆိုရင်လည်း အွန်လိုင်းကနေပဲ စာသင်ကြတဲ့အတွက် Screen timeတွေ ပိုများလာကြပါပြီ။ ဒါကြောင့် မျက်စိ မထိခိုက်စေဖို့ Blue block မျက်မှန် တွေ တပ်လာကြပါတယ်။ ဒါတွေက တကယ်ပဲ အကျိုးရှိရဲ့လား။

    Blue block မျက်မှန် က ဘာကို ကာကွယ်ပေးတာလဲ။

    Blue block မျက်မှန် တွေက blue lightတွေကို ကာကွယ်ပေးပါတယ်။ ရောင်စဉ်တန်းမှာ အရောင်မျိုးစုံပါပြီး blue lightက ၄၃၅- ၅၀၀ နာနိုမီတာ ရှိပါတယ်။ မျက်လုံးက မြင်နိုင်တဲ့ အတိုဆုံးလှိုင်းဆိုလည်း ဟုတ်ပါတယ်။ Blue light က သဘာဝအားဖြင့်လည်း နေရောင်ခြည်မှာ တခြားရောင်စဉ်တန်းတွေနဲ့ ရောပါလေ့ရှိသလို နေ့စဉ် သုံးနေတဲ့ တီဗွီ၊ ကွန်ပျူတာ၊ ဖုန်းရဲ့ မျက်နှာပြင်က ထွက်တဲ့ အလင်းတန်းမှာလည်း ပါလေ့ရှိပါတယ်။

    Blue light က အမြင်အာရုံကို ပျက်စီးစေနိုင်သလား။

    Blue lightနဲ့ ပတ်သက်ပြီး ပြောကြတာတွေ အများကြီး ရှိပါတယ်။ အမြင်အာရုံကို ပျက်စီးစေတယ်။ မျက်ရိုးကိုက်စေတယ်။ အိပ်ရေး ပျက်စေတယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။  ဒါနဲ့ ပတ်သက်ပြီး American Academy of Opthalmologyက ခုလို ရှင်းပြထားပါတယ်။

    ကွန်ပျူတာတို့၊ ဖုန်းတို့က ထွက်တဲ့ အလင်းရောင်တွေက မျက်လုံးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက် ခိုင်ခိုင်လုံလုံမရှိသေးပါဘူး။ The National Library of Medicine က လေ့လာချက်မှာဆိုရင် ကွန်ပျူတာက ထွက်တဲ့ UVA/ UVB တွေက ပြောပလောက်အောင် ရှိနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

    နောက်တစ်ခုက မျက်ရိုးကိုက်တာပါ။ ဒါကလည်း Blue lightတွေက တိုက်ရိုက်ဖြစ်စေတယ်ဆိုတာထက် ဖုန်းတွေ၊ ကွန်ပျူတာတွေကို သုံးတဲ့ ပုံစံတွေကြောင့်ပါ။ ဥပမာ ကွန်ပျူတာကို အကြာကြီး သုံးတဲ့အခါ မျက်တောင်ခတ်ဖို့ နည်းသွားပါတယ်။ အလင်းမှိန်တဲ့အခါ စူးစိုက်ပြီး ကြည့်ရပါတယ်။ အနားမယူဘဲ ဆက်တိုက်ကြည့်ပါတယ်။ ဒါတွေက မျက်ရိုးကိုက်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ပြောရမယ်ဆိုရင် Blue lightတွေကြောင့်ဆိုတာထက် သုံးပုံသုံးနည်း မမှန်လို့ ဖြစ်ရတာပါ။

    Blue light တွေက ကိုယ်ထဲက အိပ်စက်ခြင်း စက်ဝန်းကိုတော့ ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာတို့၊ ဖုန်းတို့ အသုံးများတဲ့သူတွေက ညဘက် အိပ်ပျော်ဖို့ ခဲယဉ်းတာပါ။

    Blue block မျက်မှန်တွေရဲ့ အကျိုးကျေးဇူးများ

    Blue block မျက်မှန် တွေက တခြားမျက်မှန်တွေနဲ့ မတူတာက

    • အရာဝတ္ထုတွေရဲ့ အရောင်တွေကို ကွဲပြားစေတာ
    • ညဘက်မှာ ထင်ထင်ရှားရှား မြင်ရတာ
    • ပုံရိပ်တွေ ထင်ထင်ရှားရှား မြင်ရတာ
    • အလင်းစူးသက်သာစေတာ စတာတွေပဲ ဖြစ်ပါတယ်။

    Blue block မျက်မှန်တွေကို ဘာအတွက် တပ်ကြတာလဲ။

    မျက်လုံးပျက်စီးတာတွေ ကာကွယ်စေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကအစ Blue block မျက်မှန်တွေကို ပေးတပ်ကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် Blue block မျက်မှန်တွေက သိပ်ပြီး အကျိုးထူးလှတယ်ရယ်လည်း မဟုတ်ပါဘူး။ တပ်မယ်ဆိုရင်တော့ အောက်ပါ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။

    • ညဘက်အိပ်ပျော်စေတယ်။

    Blue block မျက်မှန်တွေက blue lightတွေကို ကာကွယ်ပေးတဲ့အတွက် ကိုယ်ထဲက မယ်လတိုနင်တွေ ကမောက်ကမဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ကို အိပ်ပျော်စေပါတယ်။

  • မျက်ရိုးကိုက်တာကို အထိုက်အလျောက်သက်သာစေပါတယ်။
  • Blue block မျက်မှန် တွေက မျက်ရိုးမကိုက်အောင် ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သော နည်းလမ်းတွေနဲ့တော့ သက်သာစေနိုင်ပါတယ်။ ဥပမာ ညဘက်အိပ်ပျော်လို့ မျက်လုံး အနားရပြီး မျက်ရိုးကိုက်တာ သက်သာတာ၊ အလင်းစူးသက်သာလို့ အားစိုက်မကြည့်ရတာကြောင့် မျက်ရိုးမကိုက်တာ စသဖြင့် သွယ်ဝိုက်ပြီး သက်သာစေနိုင်ပါတယ်။

    Blue block မျက်မှန်တွေက မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။

    Blue block မျက်မှန်တွေ သုံးပေမယ့် အိပ်ခါနီး ဖုန်းသုံးနေမယ်ဆိုရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Blue block မျက်မှန်ကြီး တပ်ထားပေမယ့် မျက်လုံးကို အနားမပေးဘဲ ဆက်တိုက် သုံးနေမယ်ဆိုရင်လည်း မျက်ရိုးက ကိုက်နေဦးမှာပါပဲ။

    ဒီတော့ Blue block မျက်မှန်တပ်ခြင်း မတပ်ခြင်းထက် ကိုယ့်ရဲ့ screen timeကို ထိန်းချုပ်ထားတာ၊ မျက်လုံးကို အနားပေးတာက ပိုပြီး အရေးကြီးပါတယ်။

    Blue block မျက်မှန် မတပ်ဘဲ မျက်လုံးညောင်းသက်သာစေမယ့် နည်းလမ်းများ

    Blue block မျက်မှန်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ မျက်လုံးညောင်းသက်သာအောင် အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

    • ကွန်ပျူတာသုံးတဲ့အခါ လက်တစ်ဆန့် ၁၅လက်မအကွာလောက်က သုံးပါ။ မျက်လုံးအောက် အနည်းငယ်နိမ့်နေပါစေ။
    • “20-20-20″ ruleကို လိုက်နာပါ။ မိနစ် ၂၀တိုင်းမှာ ပေ၂၀အကွာက အရာဝတ္ထုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးပါ။ ဒါကို မေ့တတ်ပါတယ်။ Alarmလုပ်ထားပါ။
    • မျက်လုံးခြောက်တဲ့အခါ မျက်ရည်တု မျက်စဉ်း ခတ်ပေးပါ။
    • အလင်းအမှောင်ချိန်ညှိပါ။
    • မျက်ကပ်မှန်တပ်တယ်ဆို မျက်မှန်နဲ့ မကြာခဏ လဲပေးပါ။

    မျက်ရိုးကိုက်တာ တော်တော်များများက ကွန်ပျူတာ၊ ဖုန်း အသုံးလျှော့ပြီး အနားယူလိုက်ရင် သက်သာသွားပါတယ်။ ဆက်တိုက် မသက်သာဘူးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement