backup og meta

ခေါင်းဆောင့်ပြီးနောက် မျက်လုံးထဲ ကြယ်တာရာတွေမြင်လာရတဲ့အခါ


Ye Myo Myat မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းဆောင့်ပြီးနောက် မျက်လုံးထဲ ကြယ်တာရာတွေမြင်လာရတဲ့အခါ

    ကာတွန်းကားကြည့်ဖူးတဲ့သူ အများစု ဒီဖြစ်စဉ်ကို တွေ့ကြုံဖူးကြမှာပါ။ ဇာတ်ကောင် ကာတွန်းလေးတွေ တစ်ခုခုနဲ့ ခေါင်းကို ပြင်းထန်စွာ ဆောင့်မိလိုက်တဲ့အခါ ခေါင်းပေါ်မှာ ကြယ်တာရာလေးတွေ တန်းစီပေါ်လာပြီး လဲကျသွားတာမျိုးပေါ့။ တကယ်လည်း အပြင်မှာ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိနိုင်ပါတယ်။ ကာတွန်းကားနဲ့တော့ လုံးဝ ဆင်တူတာမျိုး မဟုတ်ပါဘူး။

    လောကကြီးမှာ ဖြစ်တဲ့ပုံစံက တစ်ခုခုနဲ့ ဆောင့်မိရင် မျက်လုံးထဲ ကြယ်လေးတွေ လက်သလို အဖြူရောင်အမှုန်လေးတွေ လက်လက်ထလာတာမျိုးကို မြင်နေရတာမျိုးပါ။ ဒီလို ဖြစ်ရခြင်းဟာ ဦးခေါင်းကို ဆောင့်မိတဲ့အခါ မျက်စိအာရုံကြောကိုပါ သွားပြီးထိခိုက်မိတဲ့အထိ ပြင်းထန်သွားတာကြောင့်ပါ။ မျက်ဆံထဲမှာရှိတဲ့ ဂျယ်လ်တွေက မျက်လွှာကို ဆွဲမိသလို ဖြစ်တဲ့အခါမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။

    ၁။ ဦးခေါင်းကို ထိခိုက်မိခြင်း

    ဦးခေါင်းကို မာကြောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ပြင်းထန်စွာ ထိခိုက်မိတဲ့အခါ နီးစပ်ရာ ဦးနှောက်အပြင် အာရုံကြောတွေကိုပါ ကမောက်ကမ ဖြစ်သွားစေပါတယ်။ အထူးသဖြင့် ဦးခေါင်းရဲ့နောက်ဘက်ခြမ်းမှာ ရှိတဲ့ အစိတ်အပိုင်းမှာရှိတဲ့ အာရုံကြောတွေဟာ အမြင်အာရုံနဲ့ပါ ချိတ်ဆက်ပေးထားလို့ ကိုယ့်ရဲ့အမြင်အာရုံကို ဝေဝါးစေတဲ့ အလင်းမှုန်လေးတွေ မျက်လုံးထဲ ပေါ်လာတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ဦးခေါင်းကို ဆောင့်မိပြီး ချက်ချင်းဖြစ်ပေါ်လာတတ်ပြီး မိနစ်အနည်းငယ်မှ နာရီပိုင်းအထိ ကြာတတ်ပါတယ်။

    ၂။ မျက်လုံးအတွင်း ပြဿနာရှိနေခြင်း

    မျက်လွှာ (Retina) ဆိုတာ မျက်လုံးရဲ့ အနောက်ဘက်မှာရှိတဲ့ ပါးလွှာတဲ့ တစ်ရှူးလွှာဖြစ်ပြီး အလင်းလှိုင်းဒဏ်ကို သိပ်ခံနိုင်ရည် မရှိပါဘူး။ မျက်ဆံနဲ့ မျက်လွှာရဲ့ ကြားမှာ ဖန်လိုမျိုး အကြည်ရောင်ဖြစ်နေတဲ့ ဂျယ်လ်တွေ ရှိပြီး သူ့အထဲမှာတော့ မျက်လုံးအစိတ်အပိုင်းများကို နေရာတကျ ဖြစ်စေတဲ့ အလွန်ပါးလွှာတဲ့ အမျှင်လေးတွေ ပါရှိပါတယ်။

    အရာဝတ္ထု တစ်ခုခုကို ကြည့်ဖို့ အာရုံစူးစိုက်တာ ကြာသွားတဲ့အခါ မျက်လုံးထဲမှာရှိတဲ့ အမျှင်တွေက မျက်လွှာကို နဂိုနေရာကနေ ချော်ထွက်သွားအောင် တင်းတင်းဆွဲထားသလို ဖြစ်သွားတတ်ပါတယ်။ မျက်လွှာက သူရှိနေရမယ့်နေရာမှာ မရှိတဲ့အခါ မျက်လုံးထဲ အလင်းတန်းထဲ ဝင်လာတာနဲ့ အလင်းမှုန်လေးတွေ စူးသလို မြင်ရတတ်ပါတယ်။

    ၃။ ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း

    ခေါင်းတစ်ခြမ်း ကိုက်ခဲတဲ့သူတွေမှာ အတွေ့နည်းတဲ့ လက္ခဏာတစ်ခုပါ။ ခေါင်းကိုက်နေတဲ့ အချိန်ကာလ ကြာလာတာနဲ့အမျှ မျက်လုံးထဲ အမြင်အာရုံ ဝေဝါးသလို အလင်းမှုန်လေးတွေ လက်နေသလို မြင်ကွင်းများကို တွေ့ရတတ်ပါတယ်။

    ၄။ အသက်အရွယ် ကြီးရင့်လာခြင်း

    လူကြီးပိုင်းတွေမှာ အသက်အရွယ် ကြီးလာတာနဲ့ ဦးနှောက်အာရုံကြောစနစ်က အားနည်းလာပြီး အမြင်အာရုံမှုန်ဝါးလာတတ်ပါတယ်။ ဒါ့အပြင် ဘဝတစ်လျှောက်လုံး ဒီမျက်လုံးတစ်စုံကိုပဲ အားပြုပြီး သုံးနေရတာ ဖြစ်တဲ့အတွက် အသက်ကြီးပိုင်းတွေမှာလည်း ရောဂါ ထွေထွေထူးထူး မရှိဘဲ တစ်ခါတလေ အလင်းမှုန်လက်သလို မြင်ကွင်းမျိုး ဖြစ်နိုင်ပါတယ်။

    ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းနိုင်မလဲ။

    ဦးခေါင်းဆောင့်မိခြင်းနဲ့ ပတ်သက်ပြီး ပြင်းထန်လွန်းတဲ့ အခြေအနေမှာ ဆရာဝန်ဆီ သွားရောက်ပြသကြည့်ပါ။ ဦးခေါင်းခွံ ဒဏ်ရာအပြင် အမြင်၊ အကြား၊ ရုန်းကန်တုံ့ပြန်နိုင်စွမ်း၊ ကိုယ်နေဟန်ထား စတဲ့ ဦးနှောက်အာရုံကြောနဲ့ ချိတ်ဆက်နေတဲ့ အာရုံတွေကို ထိခိုက်ခြင်း ရှိမရှိ စစ်ဆေးမှာပါ။ အကယ်လို့ ကြယ်လက်သလို အမြင်အာရုံတွေ မြင်တွေ့နေရတယ်ဆိုရင် မျက်စိဆရာဝန်နဲ့ပါ တွဲဖက်ပြသဖို့ လိုအပ်ပါတယ်။

    ကျန်တဲ့ အမြင်အာရုံ ချို့ယွင်းမှုကြောင့် ဖြစ်တဲ့ပြဿနာဆိုရင် လိုအပ်သလို အသေးစားခွဲစိတ်ကုသမှုဖြင့် ကွာကျနေတဲ့ မျက်လွှာကို သူ့နေရာအတိုင်း ပြန်ရောက်အောင် ရွှေ့ပေးခြင်းဖြင့် အမြင်အာရုံကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ပြုပြင်လို့ ရပါတယ်။

    သက်သာအောင် ကုသနေစဉ် ဆောင်ရန်၊ ရှောင်ရန်များ

    ၁။ မျက်လုံးကို တတ်နိုင်သလောက် အနားပေးပါ။ လျှပ်စစ်ပစ္စည်းကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းတွေဟာ အမြင်အာရုံကို ထိခိုက်စေလို့ ရှောင်ပေးပါ။

    ၂။ ကောင်းစွာ အိပ်စက်အနားယူပါ။ ကြီးကြီးမားမား ပြဿနာမရှိထားတဲ့သူဆိုရင် အိပ်ချိန်ပြည့်ဝအောင် အနားယူပေးခြင်းဖြင့် ကုသမှုမလိုဘဲ အမြင်အာရုံ ပုံမှန်လိုဖြစ်အောင် လုပ်ယူလို့ ရပါတယ်။

    ၃။ တတ်နိုင်သလောက် စာဖတ်ရင်၊ တစ်ခုခု ကြည့်တော့မယ်ဆိုရင် မျက်မှန်တပ်ပါ သို့မဟုတ် ပါဝါမပါတဲ့ အလင်းကာမျက်မှန် တစ်ခုခု တပ်ထားပါ။

    ၄။ နေစူးလွန်းတဲ့ အချိန်မှာ အပြင်သွားတာမျိုး ရှောင်ပါ။ မဖြစ်မနေ သွားရမယ်ဆိုရင် နေကာမျက်မှန်၊ ဦးထုပ်၊ ထီးဆောင်းပါ။

    ၅။ တစ်ခုခုကို အာရုံအရမ်းစိုက်ပြီး ကြည့်တာ၊ မျက်လွှာမခတ်တမ်း အချိန်အကြာကြီး စိုက်ကြည့်တာကို တတ်နိုင်သလောက် ရှောင်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement