home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား

တစ်ခုခုစားပြီးချိန်မှာ အစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေ လျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။

အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို ရှောင်ဖို့မဆုံးဖြတ်ခင် နာနတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သိထားသင့်ပါတယ်။

နာနတ်သီးကနေ ဘာအကျိုးကျေးဇူးတွေ ရသလဲ

အကျိုးကျေးဇူးများ

– နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဟာ ရောင်ရမ်းမှုကိုကျစေတဲ့၊ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။

– နာနတ်သီးရဲ့ အဆီအနှစ်ဟာ အနာရောဂါများ ထိခိုက်ရှနာများကို သက်သာစေပါတယ်။

– နာနတ်သီးမှာ အမျှင်ဓာတ်နဲ့ရေဓာတ်များပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

နာနတ်သီးဟာ တခြားအသီးတွေနဲ့ မတူတဲ့အချက်ကတော့ သူ့မှာ ဘရိုမီလိန်းကြွယ်ဝတာပါပဲ။ ဘရိုမီလိန်းမှာ ရောင်ရမ်းမုှကိုကျစေတဲ့ ဂုဏ်သတ္တိနဲ့ ကင်ဆာကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ အက်ဆစ်ဓာတ်ကဲတယ်ထင်ရပေမယ့် ကျွမ်းကျင်သူအချို့ကတော့ အစာချေချိန်မှာ အယ်လ်ကာလီဂုဏ်သတ္တိရှိတယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့် အစာခြေရည်ပြန်လျှံတက်သူတွေမှာ နာနတ်သီးနဲ့ တည့်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းအင်ဇိုင်းဟာ ရောင်ရမ်းခြင်း၊ အညိုအမည်းစွဲခြင်းနဲ့ တခြားထိခိုက်ဒဏ်ရာနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ရေဓာတ်များတာမို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာကြေစေပါတယ်။

သတိပြုရန်အချက်များ

သင့်မှာ အစာခြေရည် ပြန်လျှံတက်ပြီး ရင်ပူနေတဲ့ပြဿနာ ရှိနေမယ်ဆိုရင် နာနတ်သီးကို ရှောင်ဖို့ ဆရာဝန်တချို့က အကြံပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် နာနတ်သီးဟာ အက်ဆစ်ဓာတ်ကဲတယ်လို့ ယူဆလို့ဖြစ်ပါတယ်။

များသောအားဖြင့် အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေဟာ အက်ဆစ်ဓာတ်များတဲ့အတွက် အစာမကြေရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ (အက်ဆစ်ဓာတ်နည်းတဲ့ အသီးအနှံတွေဟာ ငှက်ပျောသီး၊ ဖရဲသီး စတာတွေ ဖြစ်ပါတယ်) တကယ်လို့သင့်မှာ အစာအိမ်အနာဖြစ်မနေဘူးဆိုရင် နာနတ်သီးကို စိတ်ချလက်ချ စားနိုင်ပါတယ်။

အစာမကြေရင်ပူခြင်းအတွက် ဘာလုပ်သင့်သလဲ

အစာမကြေရင်ပူပြီး လေချဉ်တက်ခဲ့ရင် ဆရာဝန်ညွှန်းစာမလိုဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အစာအိမ်လေဆေးတွေရှိပါတယ်။ ဒါဟာ ပထမအဆင့် ကုသမှုဖြစ်ပါတယ်။ လေဆေးတွေနဲ့ မသက်သာရင် ဆရာဝန်ပြသသင့်ပါတယ်။ အစာမကြေလေပူထခြင်းကို သက်သာစေတဲ့ နေထိုင်မှုပုံစံတွေ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်း၊ နည်းနည်းစီခွဲစားခြင်း၊ ညဖက်အိပ်ရာဝင်ခါနီး သရေစာများရှောင်ခြင်း၊ အပူအစပ်လျှော့စားခြင်း စတာတွေ ဖြစ်ပါတယ်။

နာနတ်သီးဟာ အက်ဆစ်ဓာတ်ကဲတာကြောင့် အစာမကြေ ရင်ပူတတ်သူများမှာ သတိထားသင့်တယ်ဆိုပေမယ့် တခြားအာဟာရဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ချင့်ချိန်စားသုံးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်နေရင်တော့ ရှောင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 24 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။