backup og meta

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအစာများဟာ အစာရေမျိုကနေတဆင့် အစာအိမ်ထဲရောက်ပါတယ်။ အစာအိမ်ထဲမှာ ချေဖျက်ပြီးစအစာများဟာ အစာအိမ်ရဲ့ညာဘက် အောက်ပိုင်းကနေ အူသိမ်ထဲကို ရောက်ပါတယ်။ အဆိုပါ အူသိမ်ထဲကို ထွက်တဲ့အပေါက်မှာ အကျဉ်းအကျယ်ပြုလုပ်ပေးနိုင်တဲ့ ကြွက်သားများရှိပါတယ်။ အဆိုပါကြွက်သားဟာ ယေဘုယျအားဖြင့် ၁ လက်မလောက်ပဲ ကျယ်ပါတယ်။ အဆိုပါ ပမာဏထက် ပိုမိုကျဉ်းမြောင်းသွားရင်၊ ပိတ်ဆို့သွားရင် အစာများ အူလမ်းကြောင်းထဲကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ အစာမကြေခြင်းဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။

ဖော်ပြပါအခြေအနေအတိုင်း အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ အစာအိမ်နဲ့ အူသိမ်အဆက်နေရာက ရှုံ့ကြွက်သားကို ခွဲစိတ်ပြီး အစိတ်အပိုင်းတချို့ကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းကို လုပ်ဆောင်ပြီးရင်တော့ အူလမ်းကြောင်းထဲကို အစာတွေ ကောင်းစွာ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာ ကြွက်သားတခုလုံးကို ဖြတ်ထုတ်လိုက်တာမျိုး ရှိပါတယ်။

ဘာကြောင့် ခွဲစိတ်ရသလဲ

ပုံမှန်ထက်ပိုကျဉ်းမြောင်းနေတဲ့ အစာအိမ်ထွက်ပေါက်ကို ပြုပြင်ဖို့အပြင် အစာအိမ်အူလမ်းကြောရဲ့ အာရုံကြောတွေကို ထိခိုက်မှုဖြစ်စေတဲ့ အခြေအနေတွေကို ကုသဖို့အတွက်လည်း ခွဲစိတ်ပေးပါတယ်။ အဆိုပါ အခြေအနေတွေကတော့

– မွေးရာပါ အူသိမ်အပေါက်ပိတ်ဆို့နေခြင်း

အူလမ်းကြောင်းအနာများဖြစ်ခြင်း

– ပါကင်ဆန်ရောဂါ

– Multiple sclerosis ခေါ် မိမိကိုယ်ခံအားက တိုက်ခိုက်၍ဖြစ်သော အာရုံကြောရောဂါ

– အစာချေရန်နှေးကွေးသောရောဂါ

– ဗေးဂတ်နဗ်ကြောမကြီးထိခိုက်ခြင်း

ဆီးချို စတာတွေ ဖြစ်ပါတယ်။

အခြေအနေပေါ်မူတည်ပြီး ယခုခွဲစိတ်ခြင်းအမျိုးအစားကို တခြားခွဲစိတ်မှုတွေနဲ့ ယှဉ်တွဲ လုပ်ဆောင်တတ်ပါတယ်။ အဆိုပါ ခွဲစိတ်မှုတွေကတော့ vagotomy ခေါ် အစာအိမ်အူလမ်းကြောင်း အာရုံကြောများကို ထိန်းချုပ်ထားသော အာရုံကြောတချို့ကို ခွဲစိတ်ဖယ်ရှားခြင်း၊ gastroduodenostomy ခေါ် အစာအိမ်နှင့် အူလမ်းကြောင်းအကြား လမ်းကြောင်းအသစ်ပြုလုပ် ခွဲစိတ်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုခွဲစိတ်သလဲ

သမားရိုးကျနည်းလမ်းနဲ့ ဗိုက်ကိုဖွင့်ပြီး ခွဲစိတ်သလို မှန်ပြောင်းသုံးခွဲစိတ်နည်းလည်း ရှိပါတယ်။ နှစ်မျိုးစလုံးကို မေ့ဆေးပေး ခွဲစိတ်ပါတယ်။

သမားရိုးကျခွဲစိတ်နည်းမှာတော့ ဝမ်းဗိုက်အလယ်ခန့်ကို ဖွင့်ပြီး အစာအိမ်အထွက်ကြွက်သားကို ခွဲစိတ်ပြုပြင်ပါတယ်။ အချို့ကြွက်သားများကိုညှပ်ထုတ်ပြီး လိုချင်တဲ့ပုံစံရအောင် ပြန်ချုပ်ပါတယ်။ ပြီးရင် ဗိုက်ကို ပြန်ချုပ်ပါတယ်။

မှန်ပြောင်းသုံးခွဲစိတ်နည်းမှာတော့ ခွဲစိတ်ရာကို ကြီးမားအောင် ခွဲစရာမလိုပါဘူး။ အပေါက်ငယ်လေးများဖောက်ပြီး ကင်မရာပါတဲ့ ပြွန်ကိုထည့်သွင်းပါတယ်။ အဆိုပါကင်မရာအကူအညီနဲ့ ဝမ်းဗိုက်အတွင်းကို ခွဲစိတ်ပါတယ်။ ယခုနည်းလမ်းကတော့ ခွဲစိတ်ဒဏ်ရာလည်း မကြီးတဲ့အတွက် အနာကျက်မြန်ပါတယ်။

ဖြစ်နိုင်ခြေအန္တရာယ်ဘာရှိသလဲ

ယေဘုယျအားဖြင့် ခွဲစိတ်မှုတိုင်းမှာ ဖြစ်နိုင်ခြေအန္တရာယ် ရှိနိုင်ပါတယ်။ ဝမ်းဗိုက်ပိုင်း ခွဲစိတ်ကုသမှုနဲ့ ပတ်သက်ပြီး တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

– အစာအိမ် အူလမ်းကြောင်း ထိခိုက်မိခြင်း

– မေ့ဆေးထုံဆေး အန္တရာယ်ကြုံရခြင်း

– ဝမ်းဗိုက်အတွင်း သွေးယိုခြင်း

– အမာရွတ်ဖြစ်ခြင်း

– ခွဲစိတ်ပြီး ရောဂါပိုးဝင်ခြင်း

– အူကျွံခြင်း စတာတွေ ဖြစ်ပါတယ်။

ဘယ်အချိန်ပြန်သက်သာသလဲ

အစာအိမ်ထွက်ပေါက်ကြွက်သား ခွဲစိတ်ပြုပြင်ခြင်းဟာ အချိန်သိပ်မကြာဘဲ ပြန်လည်သက်သာနိုင်တဲ့ ခွဲစိတ်မှုမျိုး ဖြစ်ပါတယ်။ ခွဲစိတ်မှုခံယူထားသူ အများစုဟာ ၁၂ နာရီလောက်အကြာမှာ ဖြည်းဖြည်းလမ်းလျှောက်ခြင်း၊ ဖြည်းဖြည်းလှုပ်ရှားခြင်းများ လုပ်နိုင်ပါတယ်။ ခွဲစိတ်ပြီးလူနာခန်းမှာ ၃ ရက်လောက် စောင့်ကြည့်ကုသမှုခံယူပြီး အဆင်ပြေရင် ဆေးရုံက ဆင်းနိုင်ပါတယ်။ ခွဲစိတ်မှုမှာ အခြားအဆင့်တွေပါပြီး ရှုပ်ထွေးမှုရှိရင်တော့ ရက်အနည်းငယ် ထပ်နေရနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မပျက်မကွက် ပြန်လည်ပြသရမှာ ဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pyloroplasty Accessed Date 24 November 2020

ယခုပုံစံ

25/08/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း



Dr. Thant Zin မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement