brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းရောဂါရဲ့ နောက်ဆုံးအဆင့်တွေ တစ်နည်းအားဖြင့် အသည်းက ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမှာဆိုရင် အသည်းအစားထိုးကုသမှု ခံယူတာက လူနာတွေရဲ့ သက်တမ်းကို ရှည်စေတဲ့ ကုသမှုတစ်မျိုးပဲ ဖြစ်ပါတယ်။ အရင်ကတော့ ဆုံးပါးသွားတဲ့သူတွေဆီကနေ အလှူခံရာကနေ ဒီနေ့ခေတ်မှာဆိုရင်တော့ သက်ရှိအလှူရှင်တွေဆီကနေလည်း ရယူနိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း က အားသာချက်တချို့ ရှိနေတာကြောင့်ပါ။

သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း

အသည်းအစားထိုးကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေက

အသည်းအစားထိုးတာကို လူကြီးရော ကလေးပါ ခံယူလို့ရပါတယ်။ အသည်းက အလုပ်မလုပ်နိုင်ဘူး၊ တခြားကုသနည်းတွေနဲ့လည်း ကုသလို့ မရဘူးဆိုရင်တော့ အသည်းအစားထိုးတာက နောက်ဆုံးနည်းလမ်းပါ။ ဘာကြောင့်ပဲဖြစ်ဖြစ် အသည်းပျက်စီးပြီး ပုံမှန်အလုပ်တွေ မလုပ်နိုင်တော့ဘူးဆိုရင် အသည်းအစားထိုးရမှာပါ။ များသောအားဖြင့် အသည်းအစားထိုးတာကို

  • ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေကြောင့် ရုတ်တရက် အသည်းပျက်စီးတာ
  • နာတာရှည် အသည်းရောဂါတွေ ဖြစ်တဲ့
  • –အသည်းခြောက်တာ (ဥပမာ အရက်ကြောင့်၊ အသည်းအရောင်အသားဝါ ဘီပိုး၊ စီပိုးကြောင့်၊ ခုခံအားက အသည်းဆဲလ်တွေကို ပြန်တိုက်ခိုက်တာကြောင့်)

    –အသည်းကင်ဆာ

    -မွေးရာပါ အသည်းလုပ်ဆောင်ချက် မမှန်တဲ့ရောဂါ (ဥပမာ အသည်းမှာ ကော့ပါးဓာတ်တွေ များနေတာ၊ သံဓာတ်စုနေတာ)

    • ကလေးတွေမှာဆိုရင် Biliary atresia လို့ ခေါ်တဲ့ သည်းခြေပြွန်ပါမလာတာကြောင့် အသည်းဆဲလ်တွေ ပျက်စီးပြီး အသည်းခြောက်တာတွေမှာ အဓိက အစားထိုးကြပါတယ်။

    သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း ရဲ့ အားသာချက်များ

    အသည်းအစားထိုးတာက ကွယ်လွန်ပြီးသားသူ ဒါမှမဟုတ် ဦးနှောက်သေပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်နည်းတဲ့သူဆီကနေ အလှူခံလို့ရသလို သက်ရှိအလှူရှင်ဆီကနေလည်း အစားထိုးလို့ရပါတယ်။ ခုနောက်ပိုင်းမှာတော့ သက်ရှိအလှူရှင်ဆီကနေ အစားထိုးကြတာများလာပါပြီ။ သူ့ရဲ့ အားသာချက်တွေကတော့

    • အသည်းအစားထိုးတဲ့သူတွေ ပိုပိုများလာတဲ့အတွက် သေဆုံးပြီးသားသူတွေနဲ့တင် မလုံလောက်တော့တဲ့ ပြဿနာကို ပြေလည်စေပါတယ်။
    • သက်ရှိ အလှူရှင်ဆီက ယူတာဖြစ်တဲ့အတွက် မခွဲစိတ်ခင်မှာ သေချာ ပြင်ဆင်ဖို့ အချိန်ရပါတယ်။
    • အချိန်စောင့်ရတာ ပိုတိုတဲ့အတွက် ရောဂါဆိုးမလာခင်မှာ အစားထိုးနိုင်ပါတယ်။
    • အချက်အလက်တွေသာ ကိုက်ညီမယ်ဆိုရင် မိသားစုဝင်တွေ၊ မိတ်ဆွေတွေဆီကနေလည်း ရယူနိုင်ပါတယ်။
    • လေ့လာချက်တွေအရ သက်ရှိအလှူရှင်ဆီက အစားထိုးတာက နောက်ဆက်တွဲဆိုးကျိုး ပိုနည်းပြီး သက်တမ်းပိုကြာကြာနေနိုင်ပါတယ်။
    • ကလေးတွေမှာဆိုရင် သေဆုံးပြီးသား အလှူရှင်တွေဆီက ကိုက်ညီတာ ရှာဖို့ ခက်တဲ့အတွက် သက်ရှိအလှူရှင်တွေက ယူတာက ပိုသင့်တော်ပါတယ်။
    • တစ်ယောက်ယောက် ဆုံးမှ အသည်းရမှာဖြစ်တဲ့အတွက် သက်ရှိအလှူရှင်ဆီက ယူတာက လူနာအနေနဲ့လည်း စိတ်ဖိစီးမှုနည်းစေပါတယ်။

    အသည်းအစားပေးလိုက်ရင် အသည်းဆုံးရှုံးသွားနိုင်သလား။

    အသည်းအစားပေးတာက အသည်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ပေးလိုက်တာပါ။ ဆိုလိုတာက အလှူရှင်ဆီမှာရော လူနာဆီမှာရော အသည်းတစ်စိတ်တစ်ပိုင်းဆီ ရှိနေမှာပါ။ အသည်းဆဲလ်တွေက ပြန်ပြီးပွားနိုင်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အစားထိုးပြီး လပိုင်းအတွင်းမှာပဲ အလှူရှင်ဆီမှာရော လူနာဆီမှာရော ပြန်ပြီး ပြည့်လာမှာ ဖြစ်ပါတယ်။

    သက်ရှိအလှူရှင်ထံမှ အသည်းအစားထိုးကုသခြင်း အတွက် လိုအပ်ချက်များ

    အလှူရှင်က

    • ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာနေရပါမယ်။
    • အသက် ၁၈နှစ်နဲ့ အသက် ၆၀ကြား ဖြစ်ရပါမယ်။
    • BMIလို့ ခေါ်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း သင့်တော်တဲ့ အနေအထားဖြစ်ရပါမယ်။
    • လူနာနဲ့ သွေးအမျိုးအစား တူရပါမယ်။
    • အောက်ပါ ရောဂါတွေ ကင်းရပါမယ်။

    -ကြီးမားတဲ့ရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ

    -ကင်ဆာ

    -အသည်းရောဂါ

    -လက်ရှိမှာ ရောဂါပိုး ကူးစက်ခံရတာ ဒါမှမဟုတ် နာတာရှည် ပိုးဝင်ကူးစက်တာ ရှိနေတာ

    -လက်ရှိမှာ မူးယစ်ဆေးသုံးနေတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဒါတွေကတော့ အခြေခံအချက်တွေဖြစ်ပြီး မိမိအစားထိုးတဲ့ ဆေးရုံ၊ နိုင်ငံအလိုက် အနည်းငယ်ကွဲပြားနိုင်ပါတယ်။

    အသည်းရောဂါတွေမှာ နောက်ဆုံးအဆင့် ပျက်စီးနေပြီဆိုရင် အသည်းအစားထိုးတာက ရွေးချယ်စရာ ဖြစ်လာပါပြီ။ အထူးသဖြင့် သက်ရှိအလှူရှင်ဆီက အစားထိုးတာက လူနာကို စောင့်ဆိုင်းရတဲ့အချိန်နည်းစေပြီး အချိန်မီ အစားထိုးကုသမှု ခံယူစေနိုင်မှာ ဖြစ်ပါတယ်။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/03/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။