backup og meta

စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့

    အစာခြေစနစ် ပြဿနာတွေကတော့ အများကြီးပါ။ အစာမကြေတာ၊ ရင်ပူတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာတွေပါ။ ဒီလို အစာခြေစနစ်ပြဿနာတွေကို အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရသလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ အဖြစ်မများပေမယ့် ဖြစ်လာခဲ့ရင် အတော်လေး နေရထိုင်ရ ခက်လှတဲ့ အူပိတ်တာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

    အူပိတ်တယ် ဆိုတာဘာလဲ …….

    အူပိတ်တယ်ဆိုတာက ဖြန့်ကြည့်လိုက်ရင် ၂၅ ပေလောက်ရှိတဲ့ အူလမ်းကြောင်း တလျှောက်က နေရာတစ်ခုခုမှာ စားကြွင်းစားကျန်တွေ ပိတ်ဆို့နေတဲ့ အခြေအနေပါ။ အူသိမ်ပိုင်းမှာ ပိတ်နိုင်သလို အူမကြီးမှာ ပိတ်တာမျိုးလည်း ရှိနိုင်ပါတယ်။

    ဒီလို အူပိတ်တာက ကြာလာတာနဲ့အမျှ စားကြွင်းစားကျန်တွေက နေရာမရွေ့ တည်ရှိနေရင်းက နောက်ဆုံးမှာ တဖြည်းဖြည်းများလာပြီး အူပေါက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေ ဖြစ်တဲ့အခါ အရေးပေါ် ကုသမှု ခံယူဖို့ လိုမှာ ဖြစ်ပါတယ်။

    အူပိတ်တာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ နေအိမ်မှာပဲ သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

    အူပိတ်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ……….

    အူပိတ်တာက ခံစားရတဲ့ အပိုင်းကိုလိုက်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    • လေပွမယ်
    • ဗိုက်အောင့်မယ်
    • အစားအသောက်ပျက်မယ်
    • ပျို့မယ်
    • အန်မယ်
    • ဝမ်းချုပ်မယ်
    • လေမလည်နိုင်ဖြစ်မယ်
    • ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်မယ်
    • ဝမ်းလျှောမယ်
    • ဗိုက်ထဲမှာ ဆွဲညှစ်ထားသလို နာမယ်
    • ဗိုက်မှာ အလုံးစမ်းမိမယ် စတဲ့ လက္ခဏာတွေ ခံစားရမှာဖြစ်ပါတယ်။

    အူပိတ်တာကို သက်သာစေဖို့

    အူပိတ်တာကို သက်သာစေဖို့

    အူပိတ်တာကို သက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

    ရေများများ သောက်ပါ

    အူပိတ်တာကို သက်သာစေဖို့အတွက် အကောင်းဆုံး နဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ ရေများများ သောက်တာပါ။ ရေက အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် အူထဲမှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးနိုင်မှာပါ။

    ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ

    အမျှင်ဓာတ်က အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းစေသလို အူတွေရဲ့ လှုပ်ရှားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် အူပိတ်တာကို သက်သာစေဖို့နောက်ထပ် လုပ်ပေးလို့ရတဲ့ နည်းလမ်းတစ်ခုက ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးတာပါ။

    လေ့ကျင့်ခန်း လုပ်ပေးပါ

    နောက်ထပ် အူပိတ်တာကို သက်သာစေမယ့် နည်းလမ်း တစ်ခုက ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်တာက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းမှန်စေဖို့ရော အူပိတ်တာတွေကိုပါ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအစာတွေ စားပေးပါ

    အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအစာတွေကလည်း အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို အူပိတ်တာကို သက်သာစေနိုင်ပါတယ်။ ဒိန်ချဉ်လိုမျိုး ကင်မ်ချီလိုမျိုး အစားအစာတွေ စားပေးပါ။

    ကော်ဖီ သောက်ပေးပါ

    ကဖင်းပါတဲ့ ကော်ဖီတွေကလည်း ဝမ်းသွားစေပြီး အူပိတ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အူပိတ်နေတယ်ဆိုရင် ကော်ဖီ ခါးခါးလေး တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

    ဝမ်းပျော့ဆေး သောက်ပေးပါ

    အပေါ်ကပြောတဲ့ နည်းလမ်းတွေကို လုပ်ကြည့်လို့ အဆင်မပြေဘူးဆိုရင် ဝမ်းပျော့ဆေးလေး တစ်လုံးလောက် သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ဝမ်းသွားစေပြီး အူပိတ်တာကို သက်သာစေမှာပါ။

    သတိထားရမယ့် အခြေအနေ

    ခုပြောခဲ့တဲ့ အခြေအနေက ဝမ်းချုပ်လို့ အူပိတ်တာအတွက်ပဲ သက်သာနိုင်ပါတယ်၊၊ ဒါတောင် ရက်ပိုင်းလောက် နေလို့ ဝမ်းမသွား၊ လေမလည် ပိုဆိုးလာရင် ဆေးရုံသွားသင့်နေပါပြီ၊၊ ဝမ်းချုပ်လို့ မဟုတ်ဘဲ

    • ကင်ဆာကျိတ်တွေ
    • အူကပ်တာတွေ
    • အူကျွံတာတွေ
    • အူလိမ်တာတွေအတွက်ဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေမှာ မဟုတ်ပါဘူး၊၊

    အူပိတ်တာက ပိုဆိုးလာရင် အူပုပ်တာ၊ အူပေါက်တာ၊ ဝမ်းခေါင်းပိုးဝင်ပြီး သွေးဆိပ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်၊၊ ဒါတွေက အန္တရာယ်ရှိတဲ့ အခြေအနေပါ၊၊ ဒါကြောင့် ဝမ်းချုပ်လို့ အူပိတ်တယ်လို့ ယူဆရင် အထက်ပါနည်းတွေကို ၂-၃ရက် စမ်းကြည့်ပြီး အဆင်မပြေရင် ဆေးရုံ၊ ဆေးခန်းသွားပြဖို့ အကြံပြုပါရစေ၊၊

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement