backup og meta

ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

    ကိုရိုနာ ဗိုင်းရပ်စ်က အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို အဓိက တိုက်ခိုက်တာပါ။ ဒါကြောင့်လည်း ကိုဗစ်ကို ခံစားရသူတွေမှာ အောက်ဆီဂျင် ကျတာတွေဖြစ်တာပေါ့။ ကိုဗစ်ကြောင့် အောက်ဆီဂျင် ကျတာကို ဖြေရှင်းဖို့ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတစ်ခုကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာပါ။

    ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်တာက ကြွက်သားတွေကို သန်မာစေသလို အသက်ရှူ လေ့ကျင့်ခန်း လုပ်တာကလည်း အဆုတ်တွေကို သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ အခုပြောပြမယ့် လေ့ကျင့်ခန်းလေးတွေက ကိုဗစ် မဖြစ်သူတွေမှာရော၊ ကိုဗစ် ဖြစ်နေသူတွေမှာပါ လုပ်လို့ရပါတယ်။ ကိုဗစ်ကနေ ပြန်လည် သက်သာလာသူတွေအနေနဲ့လည်း အခုပြောပြတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။

    ကိုဗစ် ခံစားရသူတွေအတွက် အသက်ရှူလေ့ကျင့်ခန်း

    အသက်ရှူလေ့ကျင့်ခန်းက အဆုတ်တွေကို သန်မာစေပြီး အောက်ဆီဂျင် ပမာဏကို ကောင်းမွန်စေနိုင်ပါတယ်။ ကဲ ….. အသက်ရှူ လေ့ကျင့်ခန်းလေးတွေကို ဖြည်းဖြည်းချင်း အတူတူ လုပ်ကြည့်ရအောင်နော်။

    ဒေါက်တာ Munshiရဲ့ အသက်ရှူနည်း

    ဗြိတိန်က ဆရာဝန် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Munshi က ကိုဗစ်ခံစားနေရသူတွေ လုပ်သင့်တဲ့ အသက်ရှူ လေ့ကျင့်ခန်း တစ်ရပ်ကို လုပ်ပြခဲ့ပါတယ်။ ဒါကတော့
    • အသက်ကို ဝဝရှူလိုက်ပါ။ ၅ စက္ကန့်လောက် ထိန်းထားပါ။ ပြီးရင် ရှူထုတ်ပါ။
    • ဒီလို လုပ်ဆောင်မှုကို ၅ ကြိမ် ဆက်တိုက် လုပ်ပါ။
    • ၆ ကြိမ်မြောက်မှာ ရှူထုတ်တဲ့အခါ ချောင်းကို တတ်နိုင်သမျှ ခပ်ပြင်းပြင်းဆိုးပါ။ ပါးစပ် နဲ့ နှာခေါင်းကို အုပ်ထားဖို့ မမေ့ပါနဲ့။
    • ဒီလို ၆ ကြိမ်ကို တစ်ကျော့လို့ သတ်မှတ်ပြီး ၂ ကျော့လုပ်ပါ။ 

    Yawn to a smile

    ဒီလေ့ကျင့်ခန်းက ရင်ဘတ် ကြွက်သားတွေကို ဖွင့်ထုတ်ပြီး လေ့ကျင့်ရတာဖြစ်တာကြောင့် ရင်ဝမ်းခြားမြှေးကို ပြည့်ပြည့်ဝဝ ပြန့်ကားစေပြီး အောက်ဆီဂျင် စီးဆင်းမှုကို ထိန်းချုပ်ပေးပါတယ်။

    ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက်

    • ခါးကို ဆန့်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။
    • လက်တွေကို ဆန့်တန်းပြီး ပခုံးပေါ်ကို မြှောက်ပါ။
    • ပြီးရင် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ် ဖွင့်ပြီး သန်းသလိုမျိုး လုပ်ပေးပါ။
    • ပြီးရင် လက်တွေကို ဘေးဘက်ကို ပြန်ချရင်း ပါးစပ်ကို သန်းနေရာကနေ ပြုံးတဲ့ အမူအရာ လုပ်ပေးပါ။

    Pranayama

    ဒီလေ့ကျင့်ခန်းက အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေနိုင်တဲ့ လေ့ကျင့်ခန်းပါ။ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို အသက်ရှူတာကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေကို ပြေလျော့ သက်သာစေနိုင်ပါတယ်။

    ဒီလေ့ကျင့်ခန်းကို ဘာမှမစားထားတဲ့ အချိန်မှာ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်း လုပ်ဖို့အတွက်

  • ခြေထောက်ကို တင်ပျဉ်ချိတ် ထိုင်ပါ။
  • ပခုံးကို တင်အကျယ်အတိုင်း ထားပေးပါ။
  • ဦးခေါင်းကို ပခုံးတွေထက် မြှင့်ထားပါ။
  • ခန္ဓာကိုယ်ကို နည်းနည်းလေး ဆန့်ထုတ်ပါ။
  • လေကို ဝဝ ရှူသွင်းပေးပါ။
  • ကျောရိုးကို ဆန့်ထားရင်း လေကို ဖြည်းဖြည်းချင်း ရှူထုတ်ပါ။
  • အဆိုပါ ကိုယ်ဟန်အနေအထားအတိုင်း အသက်ရှူတာကို ၁၀ ကြိမ် ပြုလုပ်ပါ။
  • ဒီလေ့ကျင့်ခန်းလေးတွေက အသက်ရှူရတာကို အဆင်ပြေစေသလို သွေးတွင်းအောက်ဆီဂျင်ကိုလည်း တက်စေနိုင်မှာပါ။ သတိထားရမှာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကိုပါ။ လေ့ကျင့်ခန်းက ကျန်းမာရေးကို ကောင်းစေတာ မှန်ပေမယ့် လုပ်နိုင်သလောက်ပဲ လုပ်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 02/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement