
ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။
သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။
ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။
ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက်ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊လေထိုးလိုက်ပေါ့လေ။
လူကဝိတ်တက်လာပြီလား။ အထူးသဖြင့် ဗိုက်ပတ်လည်မှာ ဝိတ်တက်လာတာနဲ့ အစာအိမ်အတွက် ကျုံ့ချဲ့အစာခြေဖို့နေရာကျဉ်းသွားစေတာကြောင့်လေထိုးလေအောင့်ဖြစ်စေတတ်ပါတယ်။