backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ

ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။

ဘာလို့ ဗိုက်ကယ်တာလဲ

သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။

ဒီလိုနေရခက်တာတွေ ခဏခဏမဖြစ်အောင် ဘာတွေသတိထားရမလဲ

(၁) လေပွစေနိုင်တဲ့ အစားအသောက်တွေရှိတယ်

ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။

(၂) ဖြည်းဖြည်းစားပါ

အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကိုလေတွေမျိုချမိလေပါပဲ။ အစာအိမ်ထဲမှာလေတွေရှိနေတဲ့အခါဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကိုရောက်ရှိသွားတတ်ပါတယ်။နောက်တစ်ချက်ကမြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။

(၃) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ

ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက်ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊လေထိုးလိုက်ပေါ့လေ။

(၄) အငန်လျှော့စားပါ

အငန်စားတာများရင် ခန္ဓါကိုယ်မှာရေဓါတ်ပိုများစေနိုင်လို့လေပွစေနိုင်ပါတယ်။ကျောက်ကပ်ပြဿနာတွေနဲ့သွေးတိုးတက်တာတွေလည်းဖြစ်စေနိုင်တယ်။ လျှာမှာမငန်တာနဲ့ပဲ အငန်ဓါတ်နည်းတယ်လို့ယူဆလို့မရပါဘူး။တစ်ခါတလေ အငန်ဓါတ်များနေမှန်းမသိတဲ့ အပြင်စာတွေ၊ ရယ်ဒီမိတ်အစားအစာတွေကို သတိထားရပါမယ်။

(၅) ဝမ်းချုပ်တတ်လား

ဝမ်းကပုံမှန်မသွားတာနဲ့ပဲလေထိုးလေအောင့်က စဖြစ်ပါလေရောပဲ။ရေများများသောက်၊ အမျှင်ဓါတ်များတာစားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်းလုပ်ဖို့လိုပါတယ်။

(၆) ဝိတ်လည်း ထိန်းပါ

လူကဝိတ်တက်လာပြီလား။ အထူးသဖြင့် ဗိုက်ပတ်လည်မှာ ဝိတ်တက်လာတာနဲ့ အစာအိမ်အတွက် ကျုံ့ချဲ့အစာခြေဖို့နေရာကျဉ်းသွားစေတာကြောင့်လေထိုးလေအောင့်ဖြစ်စေတတ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement